မြန်မာနိုင်ငံဘက်က တရားမဝင် ကျွန်းသစ်များကို မှောင်ခိုလမ်းကြောင်းမှတဆင့် ဥရောပသို့ တင်ပို့နေသည် ဆိုသော လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းရေးအဖွဲ့ (EIA) ၏ စွပ်စွဲချက်သည် မှန်ကန်မှု မရှိကြောင်း မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒု အမြဲတမ်း အတွင်းဝန် ဦးကျော်ဇောဦးက “တင်ပို့တာ မှန်သမျှသည် ကျနော်တို့နိုင်ငံက ထုတ်ပြန်ထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ တရားဝင် တင်ပို့လိုက်တဲ့ ကျွန်းသစ်တွေပဲ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောကြားသည်။
ပြီးခဲ့သည့် မေလ၂၈ ရက်တွင် EIA အဖွဲ့က စလိုဗေးနီးယား၊ ခရိုအေးရှား၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ နယ်သာလန်နှင့် ဂျာမနီ နိုင်ငံများတွင် ဥရောပသမဂ္ဂ သစ်စည်းမျဉ်း စည်းကမ်း (EUTR)ကို ချိုးဖောက်ထားသော တရားမဝင်မြန်မာ့ ကျွန်းသစ်များ ရောက်ရှိနေပြီး ယင်းသစ်များကို ဇိမ်ခံ ရွက်လှေများ တည်ဆောက်ရာတွင် အသုံးပြုမှုများ ရှိနေကြောင်း ကြေညာချက် တ စောင် ထုတ်ပြန်ခဲ့သည်။
သို့သော် ကြေညာချက်တွင် မြန်မာ့ကျွန်းသစ်များသည် EUTR ၏ မည်သည့် စည်းကမ်းချက်များကို ချိုးဖောက်ကာ ဥရောပ နိုင်ငံများသို့ ရောက်ရှိနေကြောင်း ရှင်းလင်းစွာ မရေးသားထားပေ။
EIA အဖွဲ့က ခရိုအေးရှားနိုင်ငံ စိုက်ပျိုးရေး ဝန်ကြီးဌာနသို့ သတင်းလွတ်လပ်ခွင့် သတ်မှတ်ချက်အရ တောင်းခံရာမှ ရရှိလာ သော စာရွက်စာတမ်းများတွင် အဖိုးတန်မြန်မာ့ ကျွန်းသစ်များကို မှောင်ခိုလမ်းကြောင်းမှ တဆင့် ဥရောပနိုင်ငံအချို့ရှိ ကုမ္ပဏီများသို့ တင်ပို့နေသည်ဟု တွေ့ရှိထားကြောင်း EIA ၏ ထုတ်ပြန်ချက်အရ သိရသည်။
EIA က ရရှိလာသည့် စာရွက်စာတမ်းများအရ ၂၀၁၇ မှစပြီး သင်္ဘော ၁၀ စီးသည် စုစုပေါင်း သစ်ထုတ်ကုန် (၁၄၄) တန် ကို ခရိုအေးရှားနိုင်ငံ ရီဂျဲကာ ဆိပ်ကမ်းသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
ပြေစာများအရ တွက်ချက်ရာတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ သန်းဖိုး ခန့်ရှိကြောင်း EIA ၏ ထုတ်ပြန်ထားသည်။
ဒု အမြဲတမ်း အတွင်းဝန် ဦးကျော်ဇောဦးကမူ EIA အဖွဲ့သည် ဥရောပသို့ တင်ပို့သည့် မြန်မာ့ကျွန်းသစ်များကို EUTR စည်း မျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် မညီသဖြင့် တရားမဝင် ဖြစ်ကြောင်းပြောဆိုနေမှုများသည် တဖက်သတ် စွပ်စွဲချက် များသာ ဖြစ်ကြောင်း ပြောဆိုသည်။
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် တရားမဝင် ကျွန်းသစ်တင်ပို့မှုများကို ခွင့်မပြုဘဲ တရားဝင် လုပ်ထုံးလုပ်နည်း စည်းကမ်းများ အတိုင်းသာ ဥရောပနိုင်ငံများသို့ တင်ပို့ကြောင်း၊ သစ်တင်ပို့သည့် လုပ်ငန်းစဉ် များကိုလည်း အချိန်မရွေး အစစ်ဆေးခံနိုင်ကြောင်း ၎င်းက ဆိုသည်။
ဦးကျော်ဇောဦးက “ကျနော်ပြောချင်တာက လိုအပ်ချက်ရှိနေတယ်ဆိုရင် လက်ခံတယ်။ သူတို့ စည်းကမ်းနဲ့ မကိုက်တဲ့ လိုအပ်ချက်တွေ ရှိနေတယ် ဘယ်ဟာတွေကို ဘယ်လိုပြင်သင့်တယ် ဆိုတာမျိုးပေါ့။ အခုကျတော့ သူတို့က အဲဒီလို မဟုတ်ဘဲနဲ့ Illegal ပါလို့ ပြောလိုက်တဲ့ အခါကျတော့ ကျနော်တို့ဘက်က ပြင်းထန်တဲ့ စကားတွေနဲ့ တုံ့ပြန်စရာ ဖြစ်လာ တယ်။ ဒါကတော့ မှားတယ်လို့ပဲ ပြောချင်တယ်” ဟု မှတ်ချက်ပေးသည်။
EIA ၏ စွပ်စွဲချက်များကို ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ တဆင့် မြန်မာအစိုးရ ဝန်ကြီးဌာန သုံးခု ပူး ပေါင်းကာ တုံ့ပြန်သွားရန် စီစဉ်နေကြောင်းလည်း ၎င်းက ဆိုသည်။
“ကျနော်တို့ ဌာနက သစ်နဲ့ ပတ်သက်တဲ့ ကိစ္စကို တာဝန်ယူမယ်။ လိုင်စင်ထုတ်ပေးတဲ့ကိစ္စကို စီးပွားကူးသန်း၊ သူက Export လိုင်စင်ထုတ်ပေးတာ။ နောက်တခုကတော့ သစ်တွေနဲ့ ပတ်သက်ပြီး အခွန်အခ ကောက်တာနဲ့ Clearance လုပ်တာက Custom။ ဒီဌာနသုံးခု ပေါင်းပြီးတော့ ဘယ်လ်ဂျီယံ သံအမတ်ကြီးကတဆင့် ဒီကိစ္စကို အဖြေရှာပေးဖို့လည်း အကြောင်းကြားထားပါတယ်။ ကျနော်တို့ဘက်က တုံ့ပြန်ဖို့ အချက်အလက်တွေလည်း စီစဉ်နေပါတယ်” ဟု ဦးကျော်ဇော ဦးက ပြောသည်။
သစ်တောဦးစီးဌာနမှ အငြိမ်းစား အဆင့်မြင့် အရာရှိတဦးကမူ ဥရောပနိုင်ငံများတွင် မြန်မာ့ကျွန်းသစ်များကို တရားမဝင်ဟု ပြောဆိုကာ ဖမ်းဆီးနေမှုများသည် မြန်မာနိုင်ငံမှ တရားဝင်တင်ပို့သည့် ကျွန်းသစ် ဝယ်သူများကို မြန်မာ့ကျွန်းသစ်များ မဝယ်ရန် ဖိအားပေးနေခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က နယ်သာလန်နိုင်ငံတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ICJ ကိစ္စ သွား ရောက် ရှင်းလင်းစဉ်ကလည်း နယ်သာလန် အာဏာပိုင်များက ၎င်းတို့ နိုင်ငံရှိ မြန်မာ့ကျွန်းသစ် ဝယ်သည့် ကုန်သည် များကို ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း ၎င်းက ပြောပြသည်။
သစ်တောဦးစီးဌာနမှ အငြိမ်းစား အဆင့်မြင့် အရာရှိတဦးက “ပွင့်ပွင့်လင်းလင်း ပြောရရင် နိုင်ငံရေး ထိုးနှက်ချက်တွေ ပေါ့ ဗျာ။ တမင်သက်သက် အပုတ်ချတဲ့အနေနဲ့ ဖမ်းထည့်လိုက်တယ်။ တကယ်တမ်းကျတော့ မဟုတ်ဘူး။ ခရိုအေးရှားတို့ ချက် တို့ဘက်က သွင်းတာ။ အဲဒါကို သူ့ပိုင်ရှင်တွေက တရားဝင် မှန်ကန်ကြောင်း Claim လုပ်ရတယ်။ သူတို့ အကုန်အကျ စရိတ်တွေ များတယ်။ ပြီးတော့မှ သူတို့ မြန်မာနိုင်ငံ သံရုံးတွေကို ဆက်သွယ်တယ်။ ပြီးတော့ သူတို့မှန်ကန်ကြောင်း သံရုံး ဘက်က သစ်တောကို မေးပြီး မှန်ကန်ရင် ထောက်ခံပေးလိုက်တာပေါ့” ပြောကြားသည်။
သစ်လုပ်ငန်း ထုတ်ကုန်များ နိုင်ငံတာသို့ တင်ပို့နေသည့် ရန်ကုန်အခြေစိုက် စက်ရုံတခုမှ မန်နေဂျာတဦးကလည်း မြန်မာ နိုင်ငံတွင် တရားမဝင် ကျွန်းသစ်တင်ပို့မှုကို သစ်တောဦးစီးဌာနက တင်းကြပ်စွာ အရေးယူနေပြီး၊ ကျွန်းသစ်ခွဲသားများကို သာ နိုင်ငံခြားသို့ တရားဝင် တင်ပို့ခွင့်ပြုထားကြောင်းဆိုသည်။
ကျွန်း သစ်ခွဲသားများကို ဥရောပသို့ တင်ပို့မည်ဆိုပါက သစ်တင်ပို့မည့် ကုမ္ပဏီများသည် ပို့ကုန်များမှာ တရားဝင်သစ်များ ဖြစ်ကြောင်း အစိုးရ၏ မြန်မာ့သစ်လုပ်ငန်း (MTE) ထံမှ ထောက်ခံချက် ယူရသည်ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် ဥရောပရှိ သစ်ဝယ်မည့် လုပ်ငန်းရှင်များ ယုံကြည်သည့် လွတ်လပ်သည့် ကြားခံ အဖွဲ့အစည်း (Double Agent) များ ထံ အလုပ် အပ်နှံကာ တရားဝင်သစ်ဖြစ်ကြောင်း ထောက်ခံချက်များလည်း ယူရကြောင်း ပြောဆိုသည်။
Double Agent များသည် တရားဝင်သစ် ဟုတ်မဟုတ် စစ်ဆေးရာတွင် ကျွမ်းကျင်သည့် နှစ်ဖက်လုပ်ငန်းရှင်များ ယုံကြည် စိတ်ချရသော အကျိုးအမြတ် တစုံတရာယူ၍ ဆောင်ရွက်သည့် Professional အဖွဲ့အစည်းများလည်း ဖြစ်သည်။
သစ်တော ဦးစီးဌာနမှ အငြိမ်းစား အဆင့်မြင့် အရာရှိတဦးက “တရားဝင်သစ် ဖြစ်ကြောင်း ဆိုတာကတော့ ဒီသစ်တွေကို ဘယ်နေရာမှာ၊ ဘယ်အချိန်က၊ ဘယ်သူတွေနဲ့ ဘယ်လို ခုတ်ပြီးတော့ ဘယ်လမ်းကြောင်းကနေ ဘယ်လို သယ်လာတယ် ဆိုတာကို စုစည်းထားတဲ့ အချက်အလက်တွေပဲ။ အဲဒီTracking Data တွေကို Third Party ကနေ ဝင်စစ်ပေးတယ်။ Third Party ကပဲ သူတို့ ထောက်ခံပြီးတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ သူတို့ကိုပေးပေါ့။ ပေးလိုက်ရင် သူတို့က စိစစ်၊ စိစစ် ပြီးရင် ဟိုဘက်ကိုပို့ ဒီလိုနည်းနဲ့ အလုပ်လုပ်နေတာ” ဟု ၎င်းက ဆိုသည်။
You may also like these stories:
တရားမဝင် မြန်မာ့ကျွန်းသစ်များကို ဥရောပမှ သူဌေးများ ဆက်လက်ဝယ်ယူနေဆဲဟု EIA ဆို
သစ်အလုံးလိုက် တင်ပို့ရာတွင် စနစ်တကျ စီစဉ်ထား၍ သစ်တော ပြုန်းတီးမှု မဖြစ်ဟု ဆို
စိုက်ခင်းထွက် ကျွန်းနှင့်သစ်မာ အလုံးလိုက် ပြည်ပတင်ပို့ခွင့် ပြန်ပေး