Minnesota ပြည်နယ် ရဲတပ်ဖွဲ့၏ လက်တွင် George Floyd သေဆုံးခဲ့ရပြီးနောက် ဆန္ဒပြပွဲများက ပြီးခဲ့သော ရက်သတ္တပတ်အတွင်း အမေရိကန်ပြည်ထောင်စုကို လွှမ်းမိုး ထားခဲ့သည်။
Minneapolis ရဲအရာရှိသုံးဦးက လက်ထိပ်ခတ်၍ မှောက်လျက် လှဲချ ချုပ်နှောင်ထားစဉ် လက်နက်မဲ့ George Floyd သေဆုံးသွားခဲ့သည်။ အရာရှိဟောင်း Derek Chauvin က George Floyd ၏ လည်ပင်းပေါ်တွင် ဒူးထောက်ဖိထားချိန်၌ သူက ” အမေရေ” “ကျေးဇူးပြုပြီး” နှင့် “ကျနော် အသက်ရှူလို့ မရတော့ဘူး” ဟု အလန့်တကြား အော် ဟစ်နေခဲ့သည်။ ထိုသို့ ဖြစ်ပွားနေချိန်တွင် စတုတ္ထမြောက် အရာရှိတဦးက ရပ်ကြည့်နေခဲ့သည်။
George Floyd သေဆုံးမှုတွင် သူ၏ ပါဝင် ပတ်သက်ခြင်း အတွက် Derek Chauvin အဖမ်းခံခဲ့ရပြီး မေလ ၃၀ ရက်နေ့ တွင် ဒုတိယအဆင့် လူသတ်မှုနှင့် တတိယ အဆင့် လူသတ်မှုများဖြင့် စွဲချက်တင်ခံခဲ့ရသည်။ ထိုအချိန်မှစ၍ ဒါဇင်နှင့် ချီသော မြို့ကြီးများတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်များတွင် အကြမ်းဖက်မှုများ အဖြစ် အသွင်ပြောင်းသွားသည့် ဆန္ဒပြပွဲများအား ထိန်းချုပ်ရန် ကြိုးစားစဉ် အချို့ရဲဌာနများက ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ သို့သော်လည်း အခြားဌာနများမှာမူ သူတို့၏ ဝမ်းနည်းမှုကို ဝေမျှရန် ဆန္ဒပြသူများနှင့် ညှိနှိုင်းခဲ့ကြပြီး သူတို့၏ ငြိမ်းချမ်းရေး သတင်းစကားကို ပို့ဆောင်ရန် ကူညီခဲ့ကြသည်။
George Floyd သေဆုံးမှုတွင် ပါဝင်ပတ်သက်ခဲ့သော ရဲဌာန၏ အကြီးအကဲက မေလ ၃၁ ရက်နေ့တွင် အထိမ်းအမှတ် အောက်မေ့ဖွယ်ရာ အခမ်းအနားတခုတွင် သူ၏ လေးစားမှုကို ပြသခဲ့ပြီး အသတ်ခံရသူကို ဂုဏ်ပြုသောအားဖြင့် ထွက်လာခဲ့ကြသော လူစုလူဝေးနှင့် အတူ ပူးပေါင်းခဲ့သည်။
Minneapolis ရဲချုပ် Medaria Arradondo က မေလ ၃၁ ရက်နေ့တွင် Minneapolis ရှိ Cup Foods စတိုးပြင်ပတွင် George Floyd အတွက် ပြုလုပ်သည့် အောက်မေ့ဖွယ် အခမ်းအနားတွင် ဒူးထောက်ခဲ့သည်။
George Floyd ၏ဇာတိမြို့ဖြစ်သော Houston တွင် ရဲချုပ် Art Acevedo က ဆန္ဒပြသူများနှင့်အတူ ဒူးထောက်ခဲ့သည်။ George Floyd ၏ ရုပ်အလောင်းကို ဇာတိမြို့တွင် မြှုပ်နှံရန် သယ်ဆောင်ရာတွင် ရဲတပ်ဖွဲ့ မှ စောင့်ရှောက်လိုက်ပါ ရေးအတွက် စီစဉ်ပေးလိုကြောင်း Art Acevedo က CNN မှ Don Lemon ကို ပြောကြားခဲ့သည်။
“သူ့ကို ဇာတိမြို့ကို ပြန်လည်သယ်ဆောင်ရေးက ကျနော်တို့ မြို့အတွက် အရေးကြီးတဲ့ ကိစ္စတခု ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ မိသားစု လုံခြုံရေးနဲ့ ပြန်လည်သယ်ယူမှု လုံခြုံရေး သေချာအောင် ကျနော်တို့ လုပ်ပေးချင်ပါတယ်” ဟု Art Acevedo က ပြောသည်။
Art Acevedo က ဆန္ဒပြသူများကို ထောက်ခံခဲ့ပြီး George Floyd သေဆုံးခြင်းအပေါ် ဖြစ်ရသည့် ဒေါသက ပြောင်းလဲမှုကို ဖြစ်ပေါ်စေလိမ့်မည် ဟု သူက မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
“ဒါက အပြောင်းအလဲ ဖြစ်ပေါ်စေမယ့် အချိန်လို့ ကျနော် ထင်ပါတယ်” ဟု Art Acevedo က ပြောသည်။ သေစေနိုင်သော အင်အားကိုအသုံးပြုသော အရာရှိများနှင့် ပတ်သက်၍ ဖြေရှင်းရာတွင် အဓိပ္ပါယ်ရှိသော ပြုပြင်ပြောင်းလဲရေး၏ လက္ခဏာ တခု ဖြစ်သည်ဟု သူက မျှော်လင့်နေသည်။
မေလ ၃၁ ရက်နေ့က နယူးယောက်မြို့တွင် Times Square အနီးမှ George Floyd အတွက် ဆန္ဒပြပွဲတခုတွင် နံရံတခုပေါ်၌ ရေးဆွဲထားသော နှလုံးသားပုံ ရှေ့တွင် ရဲအရာရှိ တဦးက ဒူးထောက်နေသည်ကို မြင်တွေ့ရသည်။
အနားရှိ New Jersey ပြည်နယ်မှ Camden ခရိုင်တွင် မက်ထရိုရဲဌာနအကြီးအကဲ Joe Wysocki က ဆန္ဒပြသူများနှင့် အတူ ပူးပေါင်းပါဝင်ခဲ့ပြီး ချီတက်ဆန္ဒပြမှုကို ဂုဏ်ပြုရန်နှင့် ငြိမ်းချမ်းသော သတင်းစကားတခုကို ဖြန့်ဝေရန်အတွက် “စည်းလုံးညီညွတ်စွာ ရပ်တည်ခြင်း” ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်၍ ဆန္ဒပြပွဲတခုတွင် ဦးဆောင် ချီတက်ခဲ့သည်။
ဆိုရှယ်မီဒီယာ အသုံးပြုသူများက Joe Wysocki ၏ လုပ်ဆောင်မှုကို ချီးကျူး ခဲ့ကြသည်။ ချီတက်ပွဲအပြီးတွင် ရဲဌာနက သူတို့ ဝန်ဆောင်ပေးရသည့် အသိုင်းအဝိုင်းနှင့် အပြန်အလှန် ထိတွေ့ ဆက်သွယ်နိုင်ရန်အတွက် pop-block ပါတီ တခုကို ကျင်းပခဲ့သည်။
Spokane County နှင့် Washington တွင် ဆန္ဒပြသူများနှင့် ရင်ဆိုင်ရစဉ် ရဲအရာရှိများက အတန်းလိုက် အားလုံး ဒူးထောက် ထိုင်ကြသည်ကို တွေ့ရသည်။ ရဲအဖွဲ့ ၏ ရက်စက်ကြမ်းကြုတ်မှုကို ဆန့်ကျင်ရန် ဆန္ဒပြပွဲသို့ ရောက်လာသူများက ဒူးထောက်နေသော ရဲအရာရှိများကို သြဘာပေးခဲ့ကြသည်။
Iowa ပြည်နယ်၊ Des Moinesမှ ဥပဒေစိုးမိုးရေးတာဝန်ရှိသူများက မေလ ၃၁ရက်နေ့ ညတွင် Des Moines ရဲဌာန၏ အပြင်ဘက်၌ ဒူးထောက်နေသည့် ဗီဒီယိုကို CNN ၏ လက်အောက်ခံ ဖြစ်သည့် KCCI က ဖော်ပြခဲ့သည်။
စည်းလုံးညီညွတ်မှုကို ဖော်ပြရန် သူတို့ကို တောင်းဆိုသည့် ဆန္ဒပြသူများနှင့်အတူ သူတို့က ၂ မိနစ် ကြာ ဒူးထောက်ခဲ့ကြကြောင်း KCCI မှ သတင်း ဖော်ပြခဲ့သည်။
Missouri ပြည်နယ်၊ Kansas မြို့ တွင် ဆန္ဒပြသူ အနည်းဆုံးတဦးက ဆန္ဒပြပွဲအတွက် တာဝန်ချထားသော ရဲအရာရှိ တဦးကို လက်ဆွဲ နှုတ်ဆက်ခဲ့သည်။
ထိုနေ့အစောပိုင်းတွင် မြို့တော်ဝန် Quinton Lucas က မေလ ၃၀ ရက်နေ့ညက မထိန်းချုပ်နိုင်အောင် ဖြစ်သွားခဲ့ရသည့် ဆန္ဒပြပွဲများကို ထိန်းချုပ်ရာတွင် ကူညီရန် အမျိုးသားအစောင့်တပ်ဖွဲ့သို့ တောင်းဆိုခဲ့သည်။
လူအချို့က ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြရန် ရောက်ရှိလာကြသော်လည်း အချို့က ပြတင်းပေါက်များကို ချိုးဖျက်၍ ဆိုင်များကို ဝင်ရောက် စီးနင်းခဲ့သည် ဟု Quinton Lucas က ပြောသည်။
မေလ ၃၀ ရက်နေ့ ဆန္ဒပြပွဲများအတွင်း လူ ၈၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း Quinton Lucas ၏ အဆိုအရ သိရသည်။
ကိုးကား။ ။ CNN
You may also like these stories:
ဆန္ဒပြသူတွေနဲ့အတူ တသားတည်း ရပ်တည်လိုက်တဲ့ မင်းသား Jamie Foxx
အိမ်ဖြူတော်အနီး ရုန်းရင်းဆန်ခတ် ဖြစ်သည်အထိ အမေရိကန် မငြိမ်သက်မှု နက်ရှိုင်းလာ
လူမည်းအမျိုးသားကို သေဆုံးစေခဲ့တဲ့ ရဲဝန်ထမ်း ၄ ဦး တာဝန် ရပ်နားခံရ