အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ၌ တဗလိဂ်(Tablighi Jamaat) အဖွဲ့က ပြုလုပ်သည့် ဘာသာရေး အခမ်းအနားသို့ တက် ရောက်ခဲ့ပြီးနောက် ဂါယာမြို့ လေဆိပ်တွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၂၂ ဦးကို အိန္ဒိယရဲတပ်ဖွဲ့က ပုဒ်မ ၃ခု ဖြင့် အမှုဖွင့်ထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မေလ ၃၀ ရက် သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။
ဖမ်းဆီးခံရသူ၂၂ ဦးတွင် ထားဝယ်မှ၂ ဦး၊ မြိတ်မှ ၁ ဦး၊ မန္တလေးမှ ၅ ဦး၊ ကျိုက်ထိုမှ၂ ဦး၊ တွံတေးမှ ၁ ဦး၊ ပျဉ်းမနားမြို့မှ ၂ ဦး၊ မြောက်ဥက္ကလာပမြို့နယ်မှ၂ ဦး၊ ရွှေပြည်သာမှ ၁ ဦး၊ ကျိုက်မရောမြို့နယ်မှ ၁ ဦး၊ ရွှေညောင်မြို့နယ်မှ ၁ ဦး၊ ယင်း တော်(ပျော်ဘွယ်မြို့နယ်)မှ ၁ ဦး၊ မူဆယ်မှ ၁ ဦး၊ ဘားအံမှ ၁ ဦး၊ ကန့်ဘလူမြို့နယ်မှ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် အိန္ဒိယနိုင်ငံအတွင်း COVID-19 ရောဂါတိုက်ဖျက်ရေး ကန့်သတ်ချက်များ ထုတ်ပြန်ထားသည့် ကာလဖြစ် သည့် မတ်လတွင် နယူးဒေလီမြို့၌ တဗလိဂ် (Tablighi Jamaat)အဖွဲ့က ပြုလုပ်ခဲ့သည့် ဘာသာရေး အခမ်းအနားသို့ တက်ရောက်ခဲ့၍ အဖမ်းခံရခြင်း ဖြစ်ပြီး၊ ကူးစက်ရောဂါ ကာကွယ်ရေး ဥပဒေ (Epidemic Disease Act 1897)၊ သဘာဝ ဘေးအန္တ ရာယ် စီမံခန့်ခွဲမှု ဥပဒေ (National Disaster Management 2005)၊ နိုင်ငံခြားသား ဆိုင်ရာ ဥပဒေ (Foreigner Act 1946) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။
သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက “နယူးဒေလီမှာ အစ္စလာမ်ဘာသာရေး အခမ်းအနား တက်ပြီးတော့ ကိုလ်ကတ္တားမှာ ရှိတဲ့ ကွာရန်တင်း စင်တာမှာ ခွဲခြားထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား၂၄ ဦး ရှိတယ်။ အဲဒီထဲက၂၂ ယောက်ကို သူတို့ ထိန်းသိမ်းထားတာ ဖြစ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သံရုံးအနေနဲ့ တောက်လျှောက် စောင့်ကြည့်နေပြီး မြန်မာ နိုင်ငံခြား ရေးဝန်ကြီးဌာနကို ပြန်လည် တင်ပြမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
အစ္စလာမ်ကောင်စီ အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးနှင့် တဗလိဂ်အဖွဲ့တို့ ပူးပေါင်းကာ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးအပြင် လိုအပ်ချက်များအား ပူးပေါင်း ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောသည်။
အစ္စလာမ် သာသနာရေးရာ အသိပညာ ပြန့်ပွားရေးအဖွဲ့ ဟု အဓိပ္ပာယ်ရပြီး၊ ဒေသအသီးသီးသွား ရောက်ကာ ဘာသာ ရေးဆိုင်ရာ ဟောပြော အသိပညာပေးမှုများ ပြုလုပ်ကြသည့် တဗလိဂ်အဖွဲ့သည် မြန်မာနိုင်ငံတွင် စစ်အစိုးရလက်ထက်က ဦးစားပေးခံရပြီး လုပ်ပိုင်ခွင့် လှုပ်ရှားခွင့်များ ရရှိခဲ့သည်ဟု အစ္စလာမ်ဘာသာဝင်များအကြား ပြောဆိုဝေဖန်မှုများ ရှိကြ သည်။
၎င်းတို့ သည် မေလ ၂၇ ရက်က အိန္ဒိယနိုင်ငံတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်မည့် Relief Flight လေယာဉ် ခရီးစဉ်ဖြင့် ဂါယာမှ ရန်ကုန်သို့ ပြန်လည် လိုက်ပါရန် လာရောက်စဉ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က တား ဆီးကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဘာသာရေး အခမ်းအနားသို့ နိုင်ငံပေါင်း ၃၀ ကျော်က လူအများအပြား တက်ရောက်ခဲ့ကြပြီး ၎င်းတို့အား ရောဂါ ရှာဖွေ စစ်ဆေးခဲ့ရာတွင်လည်း အချို့တွင် COVID-19 ရောဂါပိုး ရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ယင်းအခြေအနေများနှင့် ပတ်သက်ပြီး အစိုးရ၏ ကန့်သတ်ချက်များအား မလိုက်နာမှု၊ ဗီဇာစည်းကမ်း ချိုးဖောက်မှုများ ပြု လုပ်ခဲ့သည် ဟုဆိုကာ အခမ်းအနား ဦးဆောင်ကျင်းပသည့် ဘာသာရေး ခေါင်းဆောင် ၆ ဦးနှင့် နိုင်ငံပေါင်း ၃၄ နိုင်ငံက နိုင်ငံခြားသား ရာဂဏန်းကိုလည်း အိန္ဒိယ အစိုးရက တရားစွဲဆို အရေးယူထားကြောင်း သိရသည်။
၎င်းတို့ အနေဖြင့် အိန္ဒိယနိုင်ငံသို့ ခရီးသွား ဗီဇာဖြင့် ရောက်လာသူများ ဖြစ်သော်လည်း ဗီဇာစည်းကမ်းနှင့် မညီဘဲ ဥပဒေ ချိုးဖောက်သည့် ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများ ကျူးလွန်ခဲ့သည့်အတွက် ဗဟိုအစိုးရမှ ၎င်းတို့အား အမည်ပျက်စာရင်း သွင်းထားပြီ ဖြစ်သကဲ့သို့ ဗီဇာများကိုလည်း ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း ဒေလီရဲဌာန ပြောရေးဆိုခွင့်ရှိသူ Mandeep Singh Randhawa က သတင်းဌာနများသို့ ပြောဆိုထားသည်။
အိန္ဒိယနိုင်ငံမှ Tablighi Jamaat အဖွဲ့သည် အစ္စလာမ် သာသနာပြုအဖွဲ့တခု ဖြစ်ပြီး ၁၉၂၆ ခုနှစ်ခန့်တွင် အိန္ဒိယနိုင်ငံတွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး တမန်တော် မိုဟာမက်ကို အမှူးပြုကာ ဝတ်စားပုံ၊ ဓလေ့ရိုးရာ၊ ကျင့်စဉ်တူသူများ စုဖွဲ့ ထားခြင်း ဖြစ်ပြီး ကမ္ဘာတဝန်း ယုံကြည်လိုက်နာ လေ့ကျင့်ကြသူ ၁၂ သန်းမှ သန်း ၈၀ အထိ ရှိသော အဖွဲ့ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် မတ်လအတွင်းကTablighi Jamaat အဖွဲ့ချုပ် တည်ရှိရာ နယူးဒေလီမြို့၌ မြန်မာအပါအဝင် နိုင်ငံအသီး သီးမှ လူပေါင်း၂၀ဝ၀ ကျော် စုရုံးမှုဖြစ်ပေါ်ခဲ့ကာ COVID-19 အများဆုံး စတင်ပြန့်ပွားရာ လူစုလူဝေးလည်း ဖြစ်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
စောဒေးဗစ်လားနှင့် သင်းအုပ်ဆရာ စောကွယ်ဝါး ကို အင်းစိန်ထောင်သို့ ပို့ဆောင်