နေပြည်တော်တွင် ရထား ရဲတပ်ဖွဲ့ ၏ တပ်ဖွဲ့ မှူး တာဝန်ထမ်းဆောင်နေသူ ယာယီ ရဲမှူးချုပ် မိုးသန်းအောင်ကို ရဲတရား ရုံးတခုက ထောင်ဒဏ် ၁ နှစ်တိတိ ချမှတ်လိုက်ပြီး ယမန်နေ့က ရမည်းသင်း အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“မနေ့ကပဲ ရမည်းသင်းထောင်ကို ပို့လိုက်ပါပြီ။ ဌာနဆိုင်ရာ အရေးယူတာပါ။ ဌာနတွင်း ကိစ္စတွေပါ။ အောက်က ပြန်တိုင်လို့ အခုလို အရေးယူခံရတာ”ဟု နေပြည်တော်မှ အမည်မဖော်လိုသော ရဲအရာရှိတဦးက အတည်ပြုသည်။
ယခုလို အရေးယူခံရခြင်းမှာ ရဲသက်သာနှင့် ဆိုင်သော ကိစ္စများကြောင့်ဟု သိရပြီး အသေးစိတ် စုံစမ်း၍ မရသေးပါ။ ရဲတပ်ဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပါ။
ရဲမှူးချုပ် မိုးသန်းအောင်သည် ရဲထောက်ပံ့ရေးဌာနတွင် ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်ခဲ့စဉ်က ရဲလိုင်းခန်းများ အတင်း ပြောင်းခိုင်းသည့် ကိစ္စရပ်များတွင်လည်း အောက်ခြေ၌ ထိခိုက်ခံစားရမှုများ ရှိကြောင်း စုံစမ်း သိရှိရသည်။
“ရဲတွေကိုမေးကြည့်၊ သူ့နာမည်ပြောင်က ဗိုလ်မိုးသီးတဲ့”ဟု ယင်းရဲအရာရှိက ပြောသည်။
ရဲမှူးချုပ် မိုးသန်းအောင်သည် ယခင်ပြည်ထဲရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ မှ ဖြစ်ပြီး လက်ရှိ ရဲချုပ် ဒုရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၆ မှ ဖြစ်သဖြင့် ရဲချုပ်ထက် စီနီယာ ကျသူတဦးလည်း ဖြစ်သည်။
ယခုလို ပြဿနာတချို့ တက်ခြင်းမှာလည်း ၎င်းမှာ ရဲချုပ်ထက် စီနီယာကျသဖြင့် ထိန်းရခက်သည့် သဘောဟု သုံးသပ် မှုများလည်း ရှိသည်။
ယခုလို ရဲတပ်ဖွဲ့ မှ အရာရှိကြီးတဦး အရေးယူခံရခြင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသတွင် ၂၀၁၇ ခုနှစ်က နယ်ခြားစောင့် ရဲစခန်းများ ပထမဆုံး တိုက်ခိုက်ခံရမှုတွင် တာဝန်ရှိသူ ရဲမှူးချုပ် မောင်မောင်ခိုင်ကို ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်မှုအပြီးတွင် အပြစ်ကြီးဆုံး ပြစ်ဒဏ်ချမှတ်မှု တခု ဖြစ်သည်။
ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဗစ်တိုးရီးယားအမှုတွင် အဓိကတာဝန်ရှိသူ ရဲအရာရှိကြီး ၃ ဦးကို ပြည်ထဲရေး ဝန်ကြီး ဌာနက ရာထူးတိုးမြှင့်မှု ရပ်ဆိုင်းသည့် ပြစ်ဒဏ်ဖြင့် အရေးယူထားကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးက နေပြည်တော်တွင် သတင်းထောက်များကို ပြောဆိုထားသည်။
You may also like these stories:
ဘာသာရေး အခမ်းအနား၌ ပါဝင်သည့် မြန်မာ တဗလိဂ် ၂၂ ဦးကို အိန္ဒိယအစိုးရ အမှုဖွင့်ထား
မောင်တော၌ တန်ဖိုး ကျပ်သိန်းပေါင်း ၂သိန်းခန့်ရှိ WY များ ဖမ်းမိ၊ ပိုင်ရှင်ထွက်ပြေး
သံဃာတော်များ ပစ်မှတ်ထား၍ အွန်လိုင်းမှ ငွေလိမ်သည့်အဖွဲ့ ပုသိမ်၌ ဖမ်းမိ