သတင်း

ဧရာဝတီတိုင်းရှိ အဝေးပြေး ယာဉ်လိုင်းအားလုံး ပြန်လည် ပြေးဆွဲခွင့်ပြု

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း ဒေသကြီးအတွင်း၌ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် (COVID–19)ကြောင့် ယာယီ ပိတ်သိမ်းထားသည့် အဝေး ပြေးယာဉ်လိုင်း အားလုံးကို ဇွန်လ ၁ ရက်မှ စတင်၍ ပြန်လည်ပြေးဆွဲရန် တိုင်းအစိုးရက ခွင့်ပြုလိုက်သည်။

ဧပြီလ ၁၀ရက်မှ စတင်၍ ယာဉ်လိုင်းများ အားလုံးကို ယာယီပိတ်ထားလိုက်သော်လည်း ဧရာဝတီတိုင်းအတွင်း ပြေးဆွဲနေ သည့် ယာဉ်လိုင်းများကို မေလ ၁၆ရက်နေ့တွင် ပြန်လည်ပြေးဆွဲခွင့် ပေးခဲ့ပြီးနောက် ဇွန် ၁ရက်နေ့တွင် တိုင်းပြင်ပသို့ ပြေး ဆွဲနေသည့် ကျန်ယာဉ်လိုင်းများ အာလုံးကို ပြန်လည်ပြေးဆွဲခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး COVID –19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ပြောရေး ဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက “ဧရာဝတီတိုင်း ပြင်ပ ပြေးဆွဲနေတဲ့ အဝေးပြေး ယာဉ်လိုင်း အားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာရ မည့် ခံဝန်ချက်တွေနဲ့ ပြန်လည် ပြေးဆွဲခွင့် ပြုလိုက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

အဝေးပြေးယာဉ်လိုင်းများမှ ကားအားလုံး ပိုးသတ်ဆေးဖြန်းရန်၊ ခရီးသည်များကို မူလ တင်ဆောင်သည့် အရေအတွက် ထက် ထက်ဝက်သာ တင်ဆောင်ရန်၊ ၂ ယောက်စီး ထိုင်ခုံတွင် ခရီးသည် တဦးသာ စီးနင်းခွင့်ပြုရန်၊ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်နှင့် ခရီးသည်များ အားလုံး နှာခေါင်းစည်း တပ်ရန် စသဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားသည်။

ဝန်ကြီး ဦးဝင်းဌေးက“အဝေးပြေး ကားလိုင်းတွေအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိ၊ မရှိ ရှောင်တခင် ဝင်ရောက် စစ်ဆေးသွားဖို့ ရှိပါတယ်။ စစ်ဆေးခဲ့လို့ စည်းကမ်းနဲ့ မညီညွတ်ရင် အဲဒီ မော်တော်ယာဉ်လိုင်းကို ပိတ်သိမ်း သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကားလိုင်းများ အားလုံးကို ပြန်လည် ပြေးဆွဲခွင့်ပြုသော်လည်း COVID – 19 ရောဂါ ဖြစ်ပွားသည့် အခြေအနေ အပေါ် မူတည်၍ ယာဉ်လိုင်းများ ပြေးဆွဲမှုကို ရပ်နားခြင်း၊ ဆက်လက် ခွင့်ပြုခြင်းများ လိုအပ်သလို ဆောင်ရွက် သွားမည် ဖြစ် ကြောင်း တိုင်း COVID – 19 ရောဂါထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဆိုသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် ပုသိမ်မြို့မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပခုက္ကူ၊ ပြည်၊ မော်လမြိုင်နှင့် မြဝတီမြို့များသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်း ၄၆ လိုင်း ရှိကြောင်း သိရသည်။ အဆိုပါ ယာဉ်လိုင်းအများစုမှာ လက်ရှိတွင် ပြန် လည် ပြေးဆွဲနေကြပြီဖြစ်ပြီး ယာဉ်စီးခ ဈေးနှုန်းမှာ၂ ဆခန့် မြင့်တက်ခဲ့ကြောင်း သိရသည်။

ပုသိမ် – ရန်ကုန်ပြေးဆွဲနေသည့် နေလဝန်းကားလိုင်းမှ တာဝန်ရှိသူ တဦးက “ကျမတို့ ကားလိုင်းကတော့ ဇွန် ၃ ရက်မှ ပြန်ထွက်ဖို့ ပြင်ဆင်နေပါတယ်။ ယာဉ်စီးခကတော့ ၁ ခုံကို ၄၀၀၀ ကျပ်၊ အခုက ကျန်းမာရေး အရ ၂ ယောက် တွဲခုံကို လူတယောက်ပဲ စီးရမှာဖြစ်လို့ ခရီးသည်တဦးကို ခုံ၂ လုံး ဝယ်ယူဖို့ လိုပါတယ်။ ဒါကြောင့် ယာဉ်စီးခက ၈၀၀၀ ကျပ်တော့ ကျသင့်ပါမယ်။ ဒါပေမယ့် ဒီဈေးနှုန်းက ပုသိမ်ကို တက္ကစီနဲ့ သွားတာထက် အများကြီး သက်သာပါတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း၌ အဝေးပြေးလိုင်းကားများ ပြေးဆွဲခွင့် ပိတ်သိမ်းထားချိန်တွင် ရန်ကုန် – ပုသိမ် ခရီးသွားလာ သူများမှာ တက္ကစီ အငှားယာဉ်များကို ခရီးသည်တဦးလျှင်၂ သောင်းကျပ်၊ ၁၅၀၀၀ ကျပ်နှုန်း ထားပေး၍ သွားလာခဲ့ရကြောင်း သိရ သည်။

ပုသိမ်မြို့နယ်၊ ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲမှု ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးနေမင်း က“ကားလိုင်းတွေ ပြန်ဖွင့်တဲ့အတွက် ကားသမား၊ စပယ်ယာ၊ ကားလိုင်းဝန်ထမ်းတွေ အလုပ်ပြန် ရကြတော့ အဆင်ပြေ တာပေါ့။ သူတို့မှာ အလုပ်မရှိလို့ စားဝတ်နေရေး ခက်ခဲနေကြတာ ကြာပြီ။ ကားခ ၂ ဆ ဈေးတက်သလို ဖြစ်ပေမယ့် ခရီး သည်တွေ ရောဂါကူးစက်မှု ကာကွယ်ရေးက ပိုအရေးကြီးပါတယ်” ဟု ပြောသည်။

ပုသိမ်မြို့မှ ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ ဟင်္သာ တ၊ မြောင်းမြ၊ လပွတ္တာ၊ မအူပင်နှင့် ဖျာပုံခရိုင်ရှိ မြို့များသို့ပြေးဆွဲသော မော်တော်ယာဉ်လိုင်းပေါင်း ၆၁ လိုင်း ရှိကြောင်း ဧရာဝတီတိုင်း ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲမှု ကြီး ကြပ်ရေး ကော်မတီထံက သိရသည်။

ဧရာဝတီတိုင်း COVID – 19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက အဝေးပြေးလိုင်းများ ပြန်ဖွင့်ပေးခဲ့ သလို ဧပြီလ ၁၈ ရက်က စတင်ထုတ်ပြန်ခဲ့သည့် ညမထွက်ရ ဒေသန္တရအမိန့်ကိုလည်း မေလ ၁၅ ရက်မှစတင်၍ ည ၁၀ နာရီမှ နောက်တနေ့ နံနက် ၄ နာရီအထိ သတ်မှတ်ချက်အစား ည ၁၂ နာရီမှ နောက်တနေ့နံနက် ၄ နာရီအထိသို့ အချိန် ပြောင်းလဲ၍ ဖြေလျှော့ခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုင်းအတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်များကိုလည်း မေလ ၁၆ ရက် မှစတင်ကာ ပြန်လည် ဖွင့်လှစ်ခွင့်ပေးခဲ့ပြီး ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများကိုလည်း စစ်ဆေး ရေးအဖွဲ့ဖြင့် စစ်ဆေး ပြီးနောက် စည်းကမ်းချက်နှင့် ကိုက်ညီသော ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းတချို့ကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထား ကြောင်း သိရသည်။

သို့သော် လူထု တွေ့ဆုံပွဲ၊ ဘာသာရေး ဝတ်ပြုဆုတောင်းပွဲ၊ ပွဲတော်၊ လူစုလူဝေးဖြင့် ကျင်းပသည့် အခမ်းအနား၊ ပွဲလမ်း သဘင်များ အားလုံး၊ ဖျောဖြေရေး လုပ်ငန်းများဖြစ်သည့် ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံ၊ ကာရာအိုကေ၊ စင်တင် ဖျော်ဖြေရေးလုပ်ငန်း များ အားလုံးနှင့် ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံနှင့် ဂေါ်ရန်ဂျီကမ်းခြေများကို ဇွန်လ ၁၅ ရက် အထိ ယာယီ ပိတ် သိမ်း ထားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့က ယနေ့ ထုတ်ပြန် ကြေညာသည်။

ထို့ပြင် COVID – 19 ရောဂါဖြစ်ပွားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ Stay at Home သတ်မှတ်ထားသော မြို့နယ် များတွင် အမြဲတမ်း နေထိုင်သူဖြစ်စေ၊ ယာယီနေထိုင်သူဖြစ်စေ ဧရာဝတီတိုင်းသို့ လာရောက်ပါက စောင့်ကြည့်စင်တာ (Community based facilities quarantine center) ၌ ၂၁ ရက် အသွားအလာ ကန့်သတ်၍ စောင့်ကြည့်မှု ခံယူရမည် ဖြစ်ပြီး တိုင်းအတွင်း သွားလာသည့် အိမ်စီးယာဉ်များ အနေဖြင့်လည်း ယာဉ်မောင်းအပါအဝင် လူ ၅ ဦးထက် ပိုမိုစီးနင်းခြင်း ကို ဆက်လက် တားမြစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း ခရီးသွားလာပါက မြို့နယ်အတွင်းဆိုလျှင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာဖြင့် သွား လာရမည် ဖြစ်ပြီး အခြားသောမြို့နယ်၊ တိုင်းနှင့်ပြည်နယ်များသို့ သွားလာပါက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခရီး သွားထောက်ခံစာ ပါရှိရန် လိုအပ်ကြောင်း၊ အခြားသော ပြည်နယ်နှင့် တိုင်းများမှ ဧရာဝတီတိုင်းသို့ လာရောက်သူများ အနေဖြင့်လည်း ခရီးသွားထောက်ခံစာ ပါရှိမှသာ တိုင်းအတွင်း သွားလာခွင့်ပြုမည်ဟူသော ညွှန်ကြားချက်ကို ဇွန်လ ၁၅ ရက်အထိ သက်တမ်း တိုးမြှင့်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းတွင် မေလ ၁၉ ရက်က မလေးရှားနိုင်ငံမှ ပြန်လာသူ အသက် ၂၀ အရွယ် လူငယ်တဦး၌ ရောဂါပိုး ပထမဆုံး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မလေးရှားမှ ပြန်လာသူ ၂ ဦးတွင် COVID – 19 ရောဂါပိုး တွေ့ရှိသဖြင့် ပုသိမ်ဆေးရုံကြီး၌ ကုသမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ဧရာဝတီတိုင်း၏ ပထမဆုံး ပိုးတွေ့လူနာ ပုသိမ်ဆေးရုံ၌ ဆေးကုသမှုခံယူ

Did you find apk for android? You can find new Free Android Games and apps.
Loading