ထိုင်းနိုင်ငံတွင် ဆေးကုသပြီး ပြန်လည် ရောက်ရှိလာသော မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် နေအိမ် အသွားအလာ ကန့်သတ်မှု ခံယူပြီးပါက ရုံးလုပ်ငန်းများ ပြန်လည် တာဝန်ယူနိုင်တော့မည် ဖြစ်ကြောင်း မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်၊ ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က ဧရာဝတီကို ပြောသည်။
၎င်းက “ဝန်ကြီးချုပ်က အခုတော့ Home Quarantine ၂၁ ရက် ဝင်နေတယ်။ အဲဒါပြီးမှ ရုံးပြန်ထိုင်တာတွေ လုပ်နိုင်မှာပေါ့။ နည်းနည်းတော့ ပိန်သွားပေမယ့် ကျန်းမာရေး အခြေအနေ ကောင်းပါတယ်”ဟု ဆိုသည်။
သွေးကင်ဆာ ဝေဒနာ ခံစားနေရသော မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်ပိုင်းမှ စ၍ ဘန်ကောက်မြို့သို့ မကြာခဏ သွားရောက်ကာ ဆေးကုသမှု ခံယူလျက်ရှိပြီး အဆိုပါ ကာလအတွင်း တိုင်းဝန်ကြီးချုပ် တာဝန်များကို ဝန်ကြီး ဦးဇာနည်အောင်အား ခေတ္တ လွှဲအပ် တာဝန်ပေးထား ခဲ့သည်။
ယခု တခေါက် ဘန်ကောက်သို့ သွားရောက် ဆေးကုသမှု ခံယူပြီး မေ ၂၁ ရက်က မန္တလေးသို့ ပြန်လည် ရောက်ရှိခဲ့ ကာ လက်ရှိတွင် နေအိမ် အသွားအလာ ကန့်သတ်မှု ခံယူထားသလို ကိုဗစ်ရောဂါပိုး ရှိ မရှိ ဓာတ်ခွဲ နမူနာလည်း ရယူ ခဲ့ပြီး မေ ၂၆ ရက်က ရောဂါပိုး မတွေ့ဟု အဖြေထွက်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့မှ သိရသည်။
ဝန်ကြီး ဦးဇာနည်အောင်က “ထိုင်းမှာ ဆေးကုသမှု ခံယူနေတဲ့ ကာလအတွင်းတော့ သွားလိုက် ပြန်လိုက် လုပ်နေရ ပေမယ့် အစိုးရ အဖွဲ့ လုပ်ငန်းစဉ်တွေကို အွန်လိုင်းကနေ အမြဲမပြတ် လမ်းညွှန်မှာကြားမှုတွေ လုပ်နေတာပါ” ဟု ပြော သည်။
ဒေါက်တာ ဇော်မြင့်မောင် “ဆေးကုပြီး ပြန်ရောက်ပြီဖြစ်တဲ့အတွက် ပြည်သူ့ တာဝန်၊ ပါတီ တာဝန်တွေကို ကိုယ်စွမ်းဉာဏ် စွမ်းရှိသလောက်၊ ကျန်းမာရေး ကောင်းသရွှေ့ထမ်းဖို့ လုပ်ဆောင်သွားမှာပါ” ဟု မေ ၂၃ ရက်က ထုတ်လွှင့်ခဲ့သော စကိုင်းနက်ရုပ်သံဌာန နှင့် သီးသန့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ဒေါက်တာ ဇော်မြင့်မောင်က “ကျနော့် ရောဂါ အဓိက က Infection ပေါ့။ ကျနော်နဲ့ လက်ပွန်းတတီး အတူ ရှိတဲ့သူတွေနဲ့က ပြဿနာ မရှိပေမယ့် သူစိမ်းတွေနဲ့ တွေ့ဖို့ကိုကျ အထူးဂရုစိုက်ဖို့ ကျနော့်ကို ကုသပေးတဲ့ ဆရာဝန် ကိုယ်တိုင်က သေချာမှာကြားခဲ့တာပါ။ အဲဒီတော့ တချို့လုပ်ငန်းတွေကျ Video conferencing နဲ့ လုပ်ရမှာပေါ့” ဟု ၎င်း၏ ကျန်းမာရေး အခြေအနေကို ပြောကြားခဲ့သည်။
လက်ရှိ ဆေးကုသမှု အောင်မြင်ပြီး မန္တလေးသို့ ပြန်လာခဲ့ပြီ ဖြစ်သော်လည်း နောက် ၆ လ အကြာတွင် ကျန်းမာရေး စစ်ဆေးမှုများ ခံယူရန် ထိုင်းနိုင်ငံသို့ သွားရောက်ရဦးမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်၏ ဇနီးဖြစ်သူ ဒေါက်တာ ယုယုမေ က ၎င်း၏ Facebook စာမျက်နှာတွင် မေလ ၂၂ ရက်က ရေးသားခဲ့သည်။
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ တို့၌ ဆက်တိုက် အရွေးချယ်ခံခဲ့ရသော လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမရပူရမြို့နယ် တိုင်းလွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရခဲ့ကာ မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာ ဝန်ပေးအပ်ခြင်း ခံရသူဖြစ်သည်။
ထို့အတူ လက်ရှိ အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အရေးပါသော ပါတီခေါင်းဆောင် တဦးဖြစ်သလို ပါတီ၏ ဒု ဥက္ကဋ္ဌ (၂) အဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေး အခြေအနေကြောင့် NLD အားလျော့နိုင်သလား
မန္တလေးတိုင်း ဝန်ကြီးချုပ် အရေးပေါ် ဆေးကုသမှု ခံယူနေရ