ကနေဒါနိုင်ငံသား ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်း (နဝရတ်စတူဒီယို)တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နှင့် ယနေ့ တရားစွဲတင်ပြီးနောက် အမှုအား အလျင်အမြန် ဆောင်ရွက်ရမည့် အမှုအဖြစ်သတ်မှတ်လိုက်ကြောင်း မရမ်းကုန်းမြို့နယ် တရားရုံး သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးမိုးဆွေက ပြောသည်။
ယနေ့တရားစွဲတင်ရာတွင် စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့၏ ရှေ့နေက အာမခံ လျှောက်ထားခဲ့သော်လည်း တရားသူကြီးက ပယ်ချလိုက်သည်။
ဦးမိုးဆွေက “အမှုက ထောင်ဒဏ် သုံးနှစ်အထိ အပြစ်ပေးနိုင်တဲ့ ပြစ်မှုဖြစ်ပါတယ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေ နောက်ဆက်တွဲ ဇယား၂ မှာ သုံးနှစ်ကနေ သုံးနှစ်အထက် ပြစ်ဒဏ်ချမှတ်ထိုက်တဲ့ အမှုတွေဆိုရင် အာမခံ ပေးရမယ့် လက်နက်ဥပဒေပုဒ်မအရ စွဲဆိုတဲ့အမှုကလွဲရင် ကျန်တဲ့အမှုတွေကို အာမခံ မပေးနိုင်ပါလို့ ပြဌာန်းထားတဲ့ အတွက် ဒီအထဲမှာ အကျုံးဝင်ပါတယ်။ အဲဒီအတွက် အာမခံလျှောက်ထားမှုကို ခွင့်မပြုကြောင်း အမိန့်ချခဲ့တာပါ” ဟု ပြောသည်။
အမှုတွင် တရားလိုပြသက်သေ ၁၄ ဦးတင်ပြထားပြီး မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အရ တရားလိုပြသက်သေများ အား ဇွန်လ ၈ ရက်၊ ၁၀ ရက်၊ ၁၆ ရက်၊ ၁၈ ရက်နှင့် ၂၃ ရက်နေ့တို့တွင် စစ်ဆေးသွားရန် နှစ်ဖက်ညှိနှိုင်း သတ်မှတ်ထားကြောင်း သိရသည်။
စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့သည့် မရမ်းကုန်းမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ညီအစ်ကိုများ အသင်းတော်ဝန်းအတွင်းရှိ အခန်းတခုတွင် လူစုဖြင့် အင်တာနက်တွင် တိုက်ရိုက်လွှင့်(LIVE)ခြင်းများအား ဧပြီ ပထမပတ်အတွင်းက ပြုလုပ်ခဲ့သည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်က တရားလိုပြု လုပ်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ယင်းတို့အပြင် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း မတ်လ ၂၂ ရက်နေ့က အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ ကျမ်းစာသင်ကျောင်းလမ်းရှိ ဘုရားကျောင်းတွင် လူစုဖြင့် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့သည့် သင်းအုပ်ဆရာ စောကွယ်ဝါးနှင့် အမှုတော်ဆောင် စောရေဂန်ဒီတို့ကိုလည်း ယမန်နေ့ ဇွန်လ ၂ ရက်နေ့က အင်းစိန်မြို့နယ်တရားရုံးတွင် တရားစွဲတင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးတင်လတ်က “မနေ့က ၂ ယောက်လုံးကို တရားစွဲလိုက်ပါတယ် ၊ သဘာဝ ဘေးအ န္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ပါပဲ၊ သူတို့ကို ရုံးချိန်ပြန်ပေးထားပါတယ်”ဟု ပြောသည်။
၂၀၁၃ ခုနှစ် သဘာဝ ဘေးအန္တ ရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တွင် “မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှုတခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစုံတရာကျရောက်နိုင်သည်ကို သိလျှက်နှင့် တမင် ပြု လုပ်မှုကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် (သို့) ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို ၃ နှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်”ဟု ပြဌာန်းထားသည်။
ရန်ကုန်တိုင်းအစိုးရ၏ သတ်မှတ်ကာလအတွင်း လူစုလူဝေးပြုလုပ်ခဲ့သည့် စောဒေးဗစ်လား အပါအဝင် ၎င်းတို့ ကိုယ်တိုင် COVID-19 ရောဂါ ကူးစက်ခံခဲ့ကြရပြီး ၎င်းတို့နှင့် ဆက်စပ်ကာ လူဦးရေ ၈၀ ခန့်ကိုလည်း ကူးစက်မှု ဖြစ်ပွားစေခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန်လ ၃ ရက်နေ့ မနက် ၇ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွားသူမှာ ၂၃၃ ဦးရှိပြီ ဖြစ်ပြီး ပြန်လည်သက်သာကောင်းမွန်သူ ၁၄၃ ဦးနှင့် သေဆုံးသူ ၆ ဦးရှိပြီးဖြစ်သည်။
COVID-19 ကူးစက်မှုအနေဖြင့်လည်း အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့သည် အများဆုံးဖြစ်ပြီး ယခုအချိန် အထိ အစိုးရက ၎င်းနှစ်မြို့နယ်အား Stay at Home အဖြစ် ကန့်သတ်မှုများ ဆက်လက်ပြုလုပ်ထားဆဲဖြစ်သည်။
You may also like these stories:
စောဒေးဗစ်လားနှင့် သင်းအုပ်ဆရာ စောကွယ်ဝါး ကို အင်းစိန်ထောင်သို့ ပို့ဆောင်
တရားဟောဆရာ စောဒေးဗစ်လား အပါအဝင် ၄ ဦးကို အမှုဖွင့်
ဘာသာရေး အခမ်းအနား၌ ပါဝင်သည့် မြန်မာ တဗလိဂ် ၂၂ ဦးကို အိန္ဒိယအစိုးရ အမှုဖွင့်ထား