တင်ဒါ ခေါ်ယူသည့် အချိန်ကို ၁ လသာ သတ်မှတ်ထားခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုသူများ၏ ဝေဖန်မှုခံနေရသော ဆိုလာ ပါဝါ စီမံကိန်းများအတွက် လျှောက်ထားချိန် တလထပ်တိုး ပေးလိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက သိရ သည်။
မြေပြင်အခြေစိုက် ဆိုလာပါဝါ စက်ရုံပေါင်း ၃၀ တည်ဆောက်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မေလ ၁၈ ရက်က တင်ဒါ စတင်ခေါ်ယူခဲ့ပြီး နောက်ဆုံး လျှောက်ထားရမည့် အချိန်ကို ဇွန်လ ၁၈ ရက် အထိအချိန် ၁ လသာ သတ်မှတ်ပေး ထားရာမှ ဇူလိုင်လ ၁၇ ရက်အထိ တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။
လက်ရှိ အချိန်တွင် ကမ္ဘာ့ကပ်ရောဂါ COVID 19 ဖြစ်ပွားနေခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တခုခုသို့ ခရီးသွား လာခွင့် အကန့်အသတ် ရှိနေပြီး လိုအပ်သော မြေပြင်ကွင်းဆင်း လေ့လာမှုများအတွက် ပြည်တွင်းက ရင်းနှီးမြှုပ်နှံလိုသူ များပင် အခက်အခဲ ရှိနေကြောင်း၊ မြန်မာနိုင်ငံသို့ နိုင်ငံတကာ လေကြောင်းများ ပုံမှန်ပြေးဆွဲခြင်း မရှိသေးခြင်းကြောင့် လည်း ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများ လာရောက်ရန်လည်း အခက်အခဲ များစွာရှိနေ၍ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလို သူများက တင်ဒါ သက်တမ်းတိုးပေးရန် ပြောဆိုနေကြသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်ဝင်းက “လိုအပ်တဲ့ ပစ္စည်းတို့ လုပ်ရကိုင်ရအပိုင်းမှာ ရင်း နှီးမြှုပ်နှံသူတွေက အခက်အခဲ သိပ်မရှိပေမယ့် ဒီ ဆိုလာ စီမံကိန်းဆိုတာ မြေဧကက ၁၅၀၊ ၂၀၀ လောက်ဆိုတော့ သူတို့ မြေရွေးဖို့က အခက်အခဲ ရှိနေတာပေါ့။ အခုလို ထပ်တိုးလိုက်တာကိုတော့ ကြိုဆိုပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အချိန်တွင် ကိုဗစ်ကာလဖြစ်ခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံ၏ ဆိုလာပါဝါ စီမံကိန်း များကို ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက်လျက် ရှိသော်လည်း တင်ဒါခေါ်ယူသည့် အချိန်ကာလ တိုတောင်းသည့် အတွက် အခက်အခဲ ဖြစ်ပေါ်နေမှုအတွက် အဆင်ပြေသွားနိုင်ပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးခင်မောင်ဝင်းက ဆက်လက်၍ “သူတို့ကလည်း ဒီလာမကြည့်ရဘဲ Risk များများနဲ့ လုပ်ရမယ်ဆိုရင် နိုင်ငံတော်ကို ပြန် ရောင်းမယ့် ဈေးနှုန်းက များသွားမှာလည်း စိုးရိမ်ကြတာပေါ့။ ဒီလို လုပ်ပေးလိုက်တော့ သူတို့လည်း လာကြည့်ပြီး Risk မယူရရင် သူတို့လည်း ဈေးသိပ်တင်စရာ မလိုတော့ဘူးပေါ့ ” ဟု ရှင်းပြသည်။
မြန်မာနိုင်ငံရှိ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဥရောပကုန်သည်ကြီးများ အစရှိသည့် နိုင်ငံခြား ကုန်သည်ကြီးအသင်းများ ကလည်း ထို ဆိုလာပါဝါ စီမံကိန်းများအတွက် တင်ဒါခေါ်ယူသည့် အချိန်ကို ထပ်တိုးပေးရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနကို ပြီးခဲ့သည့် မေလကုန်ပိုင်းက တောင်းဆိုခဲ့ကြသေးသည်။
ယခုလို တင်ဒါအချိန် ထပ်တိုးပေးခဲ့ရခြင်းနှင့် ပတ်သက်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရှိ ပြောရေးဆိုခွင့် ရှိသူများ အပြင် တင်ဒါခေါ်ယူရေး အဖွဲထံသို့ပါ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အတိုင်းသာ ဖြစ် ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ ဆိုလာပါဝါ စက်ရုံတခုသည် အနည်းဆုံး လျှပ်စစ် မဂ္ဂါဝပ် ၃၀ မှ ၅၀ အထိ ထုတ်လုပ်မည် ဖြစ်ပြီး ဧရာဝတီတိုင်း တွင် ၄ခု ၊ ပဲခူးတိုင်းတွင် ၇ ခု၊ မကွေးတိုင်းတွင် ၆ ခု၊ မန္တလေးတွင် ၅ ခု၊ စစ်ကိုင်းတိုင်းတွင် ၄ ခု ၊ နေပြည်တော်တွင် ၃ ခုနှင့် ရန် ကုန်တိုင်းတွင် ၁ ခု တည်ဆောက်သွားမည် ဖြစ်သည်။
အဆိုပါ ဆိုလာပါဝါ စီမံကိန်း တင်ဒါများအတွက် အိန္ဒိယနိုင်ငံ အခြေစိုက် ထိပ်တန်း ဆိုလာပါဝါ ထုတ်လုပ်ရေး ကုမ္ပဏီ Sterling & Wilson အပါအဝင် တရုတ်နှင့် အနောက်နိုင်ငံ ကုမ္ပဏီ အများအပြားက စိတ်ဝင်စားလျက် ရှိနေကြကြောင်း သိရသည်။
ယခု သတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။
ဆက်စပ်ဖတ်ရှုရန်
ဆိုလာပါဝါစီမံကိန်း တင်ဒါသတ်မှတ်ချိန် နည်း၍ ရင်းနှီးမြှုပ်နှံလိုသူများ အခက်တွေ့
ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ မင်းဘူးတွင် ဖွင့်လှစ်