COVID-19 ကာလအတွင်း သက်ဆိုင်ရာက ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့် ချိုးဖောက်ကာ လူစုလူဝေးဖြင့် ရေကစား ကခုန်ရာတွင် ပါဝင်ခဲ့ကြသည့် ထိုင်းနိုင်ငံသား ၃ ဦးကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုဖြင့် တာချီလိတ်တရားရုံးက ပြည်နှင်ဒဏ် ပေးခဲ့သည်ဟု သတင်းရရှိသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ် မြို့နယ်ဦးစီးအရာရှိ ဦးစိုင်းဆိုင်တစ်ပ်က “မနေ့(ဇွန် ၁ ရက်)က အမိန့်ချတာပေါ့။ သူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ သူတို့ကို အရင်က bar အတွက် ကူးစက်မှု ဥပဒေနဲ့ ပြစ်ဒဏ်နဲ့ လဝကပြစ်ဒဏ်နဲ့က တမျိုးပေါ့။ လဝကအနေနဲ့က သူတို့ကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ ထပ်အရေးယူတာ။ သူတို့ကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်က တာဝန်ရှိသူတွေကို လွှဲပြောင်းပေးလိုက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်၊ ကံ့ကော်လမ်းရှိ Mr. Crush Barတွင် လူစုလူဝေးဖြင့် သင်္ကြန်ရေကစား ကခုန်ခဲ့ကြသူ ထိုင်းနိုင်ငံသားအပါအဝင် ၁၂ ဦးကို အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ခဲ့သော်လည်း ပြည်နယ်သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ငွေကျပ် ၅၀၀၀ သာ ဒဏ်ရိုက်နိုင်သည့် ကူးစက်ရောဂါကာကွယ် နှိမ်နှင်းရေးဥပဒေဖြင့် ပြောင်းလဲ အရေးယူခဲ့သည်။
ဒေသန္တရအမိန့်ချိုးဖောက်မှုဖြင့် အရေးယူခံခဲ့ရသူ ၁၂ ဦးတွင် Mr. Crush Bar ပိုင်ရှင်နှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ရဲတပ်သား ၁ ဦးလည်း ပါဝင်သည်။ ၎င်းရဲတပ်သားကိုလည်း ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ဖောက်ဖျက်မှုဖြင့် ဖမ်းဆီး အရေးယူ ခဲ့သည်ဟု သိရသည်။
တာချီလိတ်၊ အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က “အခုက ပြစ်ဒဏ်ပြည့်လို့ ပြန် လွှတ်လိုက်တာ။ ထိရောက်တဲ့ ပြစ်ဒဏ်မျိုးမဟုတ်ဘဲနဲ့ မုန့်ဖိုးသာရှိတဲ့ ပြစ်ဒဏ်မျိုး စီရင်လိုက်တာ တွေ့ရတယ်။ ပြည်သူလူထုက အဲဒီပြစ်ဒဏ်အပေါ်မှာ ယုံကြည်မှု လျော့ကြစေတာပေါ့” ဟု ပြောသည်။
ကူးစက်မြန်သည့် COVID-19 ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသူနှင့် နီးကပ်စွာနေသူများသည် လေထုမှ တဆင့် ကူးစက်နိုင် သဖြင့် လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ရှားနိုင်ရန် တာချီလိတ်မြို့၌ လူစုလူဝေး ပြုလုပ်ခြင်းအပြင် KTV၊ Bar၊ Club များပိတ်ထားရန် မြို့နယ်အုပ်ချုပ်ရေးမှူးက မတ်လ ၁၃ ရက်က ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်။
ဆက်စပ်လင့်
ဥပဒေချိုးဖောက်၍ ရေကစားခဲ့သူများကို ဒဏ်ငွေ ၅၀၀၀ ကျပ် ချမှတ်မှု ဝေဖန်နေကြ
ဥပဒေ ချိုးဖောက်ကာ ရေကစားခဲ့သူများကို ဖမ်းဆီးအရေးယူ
ဒေသန္တရအမိန့် ဖောက်ဖျက်ခဲ့သည့် ရဲတပ်သားအား ပုဒ်မ ၂ ခုဖြင့် အရေးယူ