ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ အခြေအနေ တည်ငြိမ်မှု မရှိသေးခြင်းနှင့် ခရီးသည် စီးနင်းမှု ပုံမှန် ပြန်မဖြစ်သေးခြင်း တို့ကြောင့် YBS ယာဉ်လိုင်းများ အနေဖြင့် ဇူလိုင်လမှသာ ပုံမှန်အစီးရေအတိုင်း ပြန်ပြေးဆွဲနိုင်မည် ဖြစ်ကြောင်း YBS ကုမ္ပဏီများထံက သိရသည်။
လက်ရှိအချိန် ဇွန်လ ၁ ရက်မှ စတင်ကာ ရန်ကုန်မြို့ရှိ ရုံးများ၊ အလုပ်ရုံ အားလုံးနီးပါး ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်လာ ပြီ ဖြစ်သော်လည်း ခရီးသည် စီးနင်းမှုသည် ကိုဗစ် မတိုင်မီကထက် သုံးပုံတပုံခန့်သာ ရှိနေခြင်းကြောင့် ယာဉ်လိုင်းများရှိ ယာဉ်အစီးရေ၏ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းခန့်သာ ပြေးဆွဲနိုင်လျက် ရှိသည်။
လူထုမိတ်ဆွေ ပြည်သူ့ အကျိုးပြုယာဉ်လိုင်း၏ Operation Director ကိုတရုတ်လေးက “အခုကာလက ယာဉ်တစီး ထွက် လို့ အမြတ်မပြောနဲ့ တနေ့ လုပ်ငန်းလည်ပတ်ငွေတောင် မရတဲ့အတွက် ကားတွေ ထွက်ဖို့က အကျိုးအမြတ် မရရင်တော့ နားနေရဦးမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ယခင်က ယာဉ်တစီး၏ တနေ့ ဝင်ငွေသည် ကျပ် ၈ သောင်းကျော်မှ တသိန်း နီးပါးအထိ ရှိသော်လည်း လတ်တလောတွင် ကျပ် ၄ သောင်းကျော်သာရှိတော့၍ လုပ်ငန်း လည်ပတ်မှု စရိတ်ပင် တွက်ချေ မကိုက်သောကြောင့် ကုမ္ပဏီရှိ ယာဉ်အစီး ရေ ၅၀ ရာခိုင်နှုန်းအောက်သာ ပြေးဆွဲလျက် ရှိသေးကြောင်း ၎င်းက ဆိုသည်။
ကိုဗစ်ကာလ မတိုင်ခင်တွင် YBS ယာဉ်လိုင်းများကို စီးနင်းသည့် ခရီးသည်ဦးရေသည် ၁ ရက်လျှင် ၁၈ သိန်းကျော်အထိ ရှိပြီး ယခု ၁ ရက်လျှင် လူဦရေ ၅ သိန်းခန့်က ရှိတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင် ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) ၏ စာရင်းများအရ သိရသည်။
မြို့တွင်းပတ် YBS ယာဉ်လိုင်းများအပါအဝင် ယာဉ်လိုင်း ၉ လိုင်းအထိ ပြေးဆွဲနေသော Omni Focus ကုမ္ပဏီ အနေဖြင့် လည်း လက်ရှိအချိန်တွင် YBS ယာဉ်လိုင်း ၅၆ နှင့် လှိုင်သာယာ-ဆူးလေသို့ ပြေးဆွဲနေသော YBS ၂၀ တို့ကိုသာ ပြေးဆွဲ လျက်ရှိပြီး ယင်းယာဉ်လိုင်းများပင်လျှင် ယာဉ်အစီးရေ အပြည့်အဝ ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း အဆိုပါကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ဧရာဝတီသို့ ပြောသည်။
၎င်းက “ကျနော်တို့လည်း နောက်ထပ် လူစီးများလာနိုင်တဲ့ လမ်းကြောင်းတွေကိုလည်း ထပ်ပြီး ပြေးဆွဲသွားဖု့ိတော့ စီစဉ် နေတယ်။ ဒါပေမဲ့ ဒီရောဂါအခြေအနေက ဘယ်လောက်ထိ သွားမလဲ မသိသေးတော့ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့က ပြောရ ခက်နေသေးတယ်။ ခရီးသည် ထွက်ရှိမှုကလည်း ရုံးတွေပြန်ဖွင့်ပြီ ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် အရင်တုန်းက လောက်တော့အထိ ပြန်ဖြစ်မသေးပါဘူး” ဟု ဆိုသည်။
လက်ရှိအချိန်တွင် YBS ယာဉ်လိုင်းများ အနေဖြင့် ခရီးသည် ထွက်ရှိမှုများသော ရုံးဆင်း ရုံးတက် အချိန်များကိုပင် အဓိက ပြေးဆွဲနေရပြီး ခရီးသည် စီးနင်းမှု နည်းပါးသော နေ့လယ်ပိုင်းနှင့် ရုံးဆင်းချိန် နောက်ပိုင်း အချိန်များကို ယာဉ်ပြေးဆွဲမှုများ လျှော့ချ ပြေးဆွဲလျက် ရှိကြောင်း သိရသည်။
ယင်းသို့ YBS ယာဉ်လိုင်းများက ယာဉ်ပြေးဆွဲမှုများ လျှော့ချထားလျက် ရှိသေးသည် ဟုဆိုကြသော်လည်း ဇွန်လ၂ ရက် စာရင်းအရ YBS ယာဉ်အစီးရေ ၃၅၀၀ ဝန်းကျင်အထိ ပြေးဆွဲခဲ့ပြီး ယင်းပမာဏသည် ပုံမှန်ချိန်က ပြေးဆွဲပေးခဲ့သော ယာဉ်အစီးရေ၏ ၇၉ ရာခိုင်နှုန်းအထိပင် ရှိနေကြောင်း YRTA ၏ အတွင်းရေးမှူး ဦးလှအောင်က ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “အခုလက်ရှိ ယာဉ်ထွက်ရှိမှု နဲ့ ခရီးသည် ထွက်ရှိမှု အချိုးနဲ့ ပြန်ယှဉ်ကြည့်လိုက်ရင် ကြပ်တည်းတဲ့ အခြေအနေ မရှိပေမယ့် ရုံးတက်ရုံးဆင်းချိန်မှာတော့ ကြပ်တည်းနေပါတယ်။ ကျနော်တို့တွေကလည်း ခရီးသည်ပြည်သူ တွေရဲ့ သွားလာမှု အခြေအနေပေါ် မူတည်ပြီးတော့ ပြေးဆွဲဖို့ကို ညွှန်ကြား ဆောင်ရွက်နေပါတယ်” ဟု ဆိုသည်။
YBS ယာဉ်လိုင်းများသည် ပြေးဆွဲစရိတ်များ၊ စီမံခန့်ခွဲမှု စရိတ်များ အခက်အခဲဖြစ်နေသည့်အတွက် CNG ဈေးနှုန်းများ လျှော့ချပေးရန် အစိုးရသို့ တင်ပြထားသော်လည်း လက်ရှိအချိန်ထိ ဆောက်ရွက်ပေးခြင်းမျိုး မရှိသေးကြောင်း ဦးလှ အောင်က ပြောသည်။
ရုံးတက်ရုံးဆင်းချိန်များကို YBS ယာဉ်များ အဓိက ပြေးဆွဲလျက် ရှိသော်လည်း ယာဉ်အစီးရေ အပြည့်အဝ မဟုတ်သည့် အတွက် ထိုအချိန်များတွင် ခရီးသည်များသည် ကြပ်ကြပ်တည်းတည်း စီးနင်းနေရလျက် ရှိပြီး ရုံးဆင်းချိန် နောက်ပိုင်း အချိန်များတွင်လည်း ကြားကားများကို အသုံးပြုနေကြရလျက် ရှိသည်။
ဆူးလေမှ မြောက်ဒဂုံမြို့နယ်သို့ ပြန်သည့် ကိုအောင်မြင့်အေးက “ကားဂိတ်မှာ ကားလာဦးမလား၊ မလာဘူးဆိုတာ အရင် ကဆိုရင် ဂိတ်မှူး ရှိသေးလား မရှိဘူးလား ကြည့်တာနဲ့ သိတယ်။ အခုက ရုံးနောက်ကျလို့ ၇ ခွဲလောက်ဆိုရင် ကားမပြောနဲ့ ဂိတ်မှူးတောင် မရှိတော့ဘူး” ဟု ပြောသည်။
လက်ရှိအချိန်တွင် လုပ်ငန်းခွင်များသည် ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်လာပြီ ဖြစ်ခြင်းကြောင့် YBS ယာဉ်လိုင်းများ၏ ခရီးစဉ်ပြေးဆွဲမှု အချိန်များကို ပုံမှန်အတိုင်း မဖြစ်နိုင်သေးသည် နားလည်သော်လည်း အချိန်အနည်းငယ် ထပ်တိုး ပြေးပေး စေလိုကြောင်း ၎င်းက ပြောဆိုသည်။
ရန်ကုန်မြို့တွင် COVID-19 ကူးစက် ပြန့်ပွားမှု မဖြစ်စဉ်က ၁ ရက်လျှင် YBS ကားအစီးရေ ၄၅၀၀ ခန့် ပြေးဆွဲပြီး ခရီးသည် ဦးရေသည် ၁၈ သိန်းကျော် အထိ ရှိသည်။
ယခုသတင်းအား AYA Bank မှ ပံ့ပိုးကူညီသည်။
ဆက်စပ်ဖတ်ရှုရန်
YBS ကားများကို ဝန်ထမ်း ကြို၊ ပို့ ယာဉ်များ အဖြစ် ငှားရန် အတိုင်ပင်ခံထံသို့ တင်ပြ
COVID -19 ကြောင့် ရန်ကုန်မြို့သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုများ လျှော့ချ
YBS များ မှန်တံခါးဖွင့် မောင်းရန် ညွှန်ကြား