ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ်တွင် ရက္ခိုင်စစ်တပ် (AA) ၏ ဖမ်းဆီးမှုခံခဲ့ရပြီး ပြန်လွတ်လာသည့်နောက် သေဆုံးသွားသည့် အမျိုးသမီး၏ ဖြစ်စဉ်ကို လူ့အခွင့်အရေးအဖွဲ့များထံ စာပို့ အကြောင်းကြားသွားမည်ဟု ရခိုင်ပြည်နယ် အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်းသား/သူများအဖွဲ့ (CUSR) က ပြောသည်။
သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၄၈ နှစ်အရွယ် ဒေါ်စိန်မဦး ဖြစ်ပြီး မင်းပြားမြို့နယ် သိုင်းကျပ်ကျေးရွာမှ ချင်း အမျိုးသမီးတဦး ဖြစ်သည်။
ဇွန် ၁ ရက်တွင် အမျိုးသား ၃ ဦး ပြန်လွတ်လာပြီး ဒေါ်စိန်မဦးသည်လည်း မင်းပြားမြို့နယ်၊ ပြည်သူ့ ဆေးရုံသို့ ရောက်နေကြောင်း ဆေးရုံမှ မိသားစုကို အကြောင်းကြားလာခဲ့သည်ဟု သိရသည်။
မိသားစုဝင်များမှ ဆေးရုံသို့ လိုက်လာရာ ဒေါ်စိန်မဦးက စိတ်ကယောင်ခြောက်ခြားဖြစ်ခြင်း၊ ကြောက်လန့်ခြင်း၊ အသက်ရှုမဝခြင်းများ ဖြစ်နေပြီး မိသားစုဝင်များကိုလည်း မမှတ်မိကာ ဇွန် ၃ ရက်၊ မနက်ပိုင်းတွင် သေဆုံးသွားခြင်း ဖြစ်သည်ဟု သိရသည်။
CUSR ၏ ဥက္ကဋ္ဌ ဆလိုင်းထွန်းလှကျော်က “အဓိက ကတော့ အခု ဖြစ်နေတာ သူတယောက်တည်း မဟုတ်ဘူး။ ရခိုင် ပြည်နယ်မှာ တိုင်းရင်းသား လူမျိုးစုဖြစ်တဲ့ ကျနော်တို့ ချင်းတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ အများကြီး ရှိပါ တယ်။ ပြန်လွတ်လာတယ်၊ မပြောရဲဘူး။ တချို့လုံးဝကို ပျောက်သွားတယ်။ ဒါကို ကျနော်တို့က ရခိုင်ပြည်နယ်ထဲက ချင်းတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ် ဆိုတာကို တင်ပြမယ်လို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။
CUSR မှ ပြည်တွင်း အခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ထံသို့ မြေပြင်မှ အချက်အလက်များကို ပေးပို့သွား မည် ဖြစ်သည်ဟုလည်း ဆလိုင်းထွန်းလှကျော်က ဆိုသည်။
ချင်းလူ့အခွင့်အရေး အဖွဲ့သည် ၁၉၉၅ ခုနှစ်က စတင်ဖွဲ့စည်းထားခြင်း ဖြစ်ကာ အမေရိကန်နှင့် ကနေဒါတွင် တရားဝင် မှတ်ပုံတင်ထားပြီး အစိုးရ မဟုတ်သည့် အဖွဲ့အစည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင်း ချင်းလူမျိုးများ၏ လူ့အခွင့်အရေး အခြေအနေများကို စောင့်ကြည့်လေ့လာခြင်း၊ မှတ်တမ်းပြုလုပ်ခြင်း များအပြင် ဒေသတွင်း အခြေအနေများကိုလည်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များသို့ ပေးပို့ကာ ချိတ်ဆက် ဆောင်ရွက် နေသည့် အဖွဲ့ ဖြစ်သည်။
၂၀၁၈ ခုနှစ်မှစ၍ ကုလသမဂ္ဂ လူမှုစီးပွားရေး ကောင်စီ (ECOSOC) ၏ အထူးအကြံပေး အဆင့်ကိုလည်း ချင်း လူ့ အခွင့်အရေး အဖွဲ့က ရရှိထားကြောင်း CHRO ၏ ဝက်ဆိုဘ်တွင် ဖော်ပြထားသည်။
ဆလိုင်း ထွန်းလှကျော်က သေဆုံးသွားသည့် ဒေါ်စိန်မဦးမှာလည်း အဖမ်းမခံရခင်က ကျန်းမာရေး ကောင်းမွန်သူ ဖြစ် ပြီး ၁ လကြာ ဖမ်းခံရပြီး ပြန်လွတ်လာသည့်အချိန်တွင် စိတ်ကယောင်ခြောက်ခြား ဖြစ်ကာ ကြောက်လန့်နေသဖြင့် ဖမ်းခံရစဉ် ညှင်းပန်းနှိပ်စက်ခံခဲ့ရကြောင်း သံသယရှိပါသည်ဟု ဆိုသည်။
ဒေါ်စိန်မဦးနှင့်အတူ ပြန်လွတ်လာသူများကလည်း AA နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖြေဆိုရန် ငြင်း ဆိုပြီး ရှောင်တိမ်းနေကြသည်ဟု ဆလိုင်းထွန်းလှကျော်က ပြောသည်။
ဆက်လက်ပြီး ၎င်းက “AA ရဲ့လုပ်ရိုးလုပ်စဉ်က ချင်းတွေ အများအပြား ဖမ်းခံရပြီး ပြန်လွတ်လာရင် သတင်းမပေါက် ကြားစေနဲ့ မိသားစုနဲ့ရွာကို အန္တရာယ်ပေးမယ် ဆိုတာမျိုး ခြိမ်းခြောက်တာတွေ ရှိပါတယ်။ ပြန်လွတ်လာသူတွေကို ချင်း အဖွဲ့တွေက မေးရင် သူတို့ ကြုံနေတဲ့ အခက်အခဲတွေကို ဖွင့်ချတာမျိုး မရှိပါဘူး။ အဓိက ကတော့ အကြောက်လွန် နေ ကြပါတယ်”ဟု ပြောသည်။
ဒေါ်စိန်မဦး သေဆုံးမှုနှင့် ပတ်သက်၍လည်း ချင်းအရပ်ဘက် အဖွဲ့အစည်းများမှ ကျေးရွာသို့ လိုက်သွားရာ ရုပ် အလောင်းကို ကြည့်ရှုခွင့်၊ ဓာတ်ပုံရိုက်ခွင့် မပေးဘဲ AA နှင့် ပတ်သက်၍လည်း မဖြေဆိုနိုင်ကြောင်း မိသားစုဝင်များက ငြင်းဆိုကာ ရှောင်နေကြသည်ဟု သိရသည်။
CUSR က စုဆောင်းထားသည့် သတင်း အချက်အလက်များအရ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြား ဖမ်းဆီးခံရခြင်း၊ အဓမ္မ ခိုင်းစေခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက် မှုများခံရသူ ဦးရေ ၁၂၀ ခန့် ရှိပါသည်ဟု ဆလိုင်းထွန်းလှကျော်က ဆိုသည်။
လူ့အခွင့်အရေး ချိုးဖောက်ခံရပါသည်ဟု စာရင်းပြုစုထားသည့် ဦးရေ ၁၂၀ ခန့်မှာ အမ်း၊ မင်းပြား၊ မြောက်ဦး၊ ကျောက် တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းမြို့နယ် တို့မှ ဖြစ်သည်ဟု သိရသည်။
ချင်း လူ့အခွင့်အရေးအဖွဲ့ (CHRO) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်က “ကျနော်တို့ မြန်မာနိုင်ငံက တရားဥပဒေ စိုးမိုးမှု လုံးဝမရှိတော့ ဒီစနစ်ကြီးမှာ ပြောင်းလဲမှု မရှိသရွေ့တော့ တရားမျှတမှု ရဖို့ကတော့ မလွယ်ပါဘူး။ ပထမဆုံး လိုအပ်တာကတော့ တရားဥပဒေ စိုးမိုးရေးရှိဖို့ လိုပါတယ်။ သူ့အတွက် ဟိုအတွက် Justice ကို တဦးတယောက်ချင်းစီ အတွက် လုပ်ပေးနိုင်တာ မရှိပါဘူး”ဟု ပြောသည်။
သို့သော် မြေပြင်မှ စုဆောင်းထားသည့် အချက်အလက်များ၊ လူ့အခွင့်အရေး မှတ်တမ်းများက တချိန်ချိန်တွင် တရား မျှတမှု ရနိုင်ရေးအတွက် အသုံးဝင်လာမည်ကို ယုံကြည်ပါသည်ဟု ဆလိုင်းလျန်က ဆိုသည်။
AA သည် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တို့တွင် အရပ်သားများကို မသင်္ကာမှုဖြင့် ဖမ်းဆီးပါက ၎င်းတို့ ဖမ်းဆီးကြောင်း ဝန်ခံသည်များလည်း ရှိသည်။
ပဋိပက္ခကြား နေအိမ်များအတွင်း ဝင်ရောက် ဖမ်းဆီးခံရခြင်းများ၊ အမည်မသိ လက်နက်ကိုင် အဖွဲ့များက အရပ်သား များကို ဝင်ရောက် ဖမ်းဆီးသည့် ဖြစ်စဉ်များတွင် အရပ်သားများ ဘက်မှ AA ကို စွပ်စွဲသော်လည်း ၎င်းတို့ ဖမ်းကြောင်း ဝန်ခံခြင်း မရှိပါ။
ရခိုင် စကားပြောသူများမှာလည်း တပ်မတော်ထဲတွင် ရှိပြီး ၎င်းတို့ အယောင်ဆောင်ကာ ဖမ်းဆီးခြင်းများ ရှိနိုင်သည် ဟုလည်း AA ဘက်မှ တပ်မတော်ကို တန်ပြန် စွပ်စွဲပြောဆိုခြင်းများလည်း ရှိသည်။
တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများ ဖြစ်ပွားစဉ် ပဋိပက္ခကာလ အတွင်း နှစ်ဖက်လုံးမှ အရပ်သားများကို မသင်္ကာမှု ဖြင့် ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းနှင့် အဓမ္မခိုင်းစေမှုများ ပြုလုပ်ခြင်းများ ရှိသည်။
တပ်မတော်ဘက်မှလည်း ပဋိပက္ခကာလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အရပ်သား ၂၀၀ နှင့် အထက်ကို ဖမ်း ဆီးစစ်ဆေးခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်သဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ကြောင်း ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းတွင် ဝေဖန်ခံနေရသည်။
ဆက်စပ်ဖတ်ရှုရန်
ALP အဖွဲ့ဝင် ၃ ဦးကို AA ဖမ်းဆီး၊ တဦး အသတ်ခံရဟု သတင်းထွက်
ချင်းအမျိုးသမီး သေဆုံးမှုအပေါ် တပ်မတော်နှင့် AA တို့ အပြန်အလှန် စွပ်စွဲ
နယ်ခြားစောင့် ရဲတပ်ဖွဲ့ မိသားစုဝင် ၃ ဦးကို AA ပြန် လွတ်ပေး