ဧရာဝတီတိုင်းဒေသကြီးတွင် ကူးစက်မြန် COVID – 19 ရောဂါ ထိန်းချုပ်ရေးအတွက် တားမြစ်ချက်များ၊ ဒေသန္တရ အမိန့်များ ထုတ်ပြန်ထားသည့် ကာလအတွင်း စည်းကမ်းမလိုက်နာသူ လူပေါင်း ၆၀၀ နီးပါးကို မြို့နယ်တရားရုံးများ၌ ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် မတ်လကုန်ပိုင်းကစတင်၍ လူစုလူဝေးများ မပြုလုပ်ရန် တားမြစ်ထားပြီး ဧပြီလ ၁၈ ရက်နေ့ မှ စတင်ကာ ညမထွက်ရသော ဒေသန္တရအမိန့်ကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားသည်။ အဆိုပါတည်ဆဲ အမိန့်နှင့် ညွှန်ကြားချက်၊ တားမြစ်ချက်များကို ချိုးဖောက်သူ ၅၉၅ ဦးကို သက်ဆိုင်ရာ မြို့နယ်တရားရုံးများက ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက “ဧရာဝတီတိုင်းမှာ COVID-19 ကာကွယ်ရေးအတွက် ညမထွက်ရအမိန့် ထုတ်ပြန်ထားရာမှာ အဲဒီအမိန့်ကို မလိုက်နာဘဲ ချိုးဖောက်လို့ အရေးယူထား သူက ဇွန်လ ၂ ရက်နေ့အထိ ၅၀၅ ဦးရှိပါတယ်။ အဲဒါအပြင် COVID-19 နဲ့ ဆက်စပ်ပြီးတော့ အခြားသောပုဒ်မတွေနဲ့ အရေးယူခံရတဲ့ တရားခံ ၉၀ ဦးရှိပါတယ်။ စုစုပေါင်း လူ ၆၀၀ နီးပါးကို အရေးယူထားပါတယ်”ဟု ဧရာဝတီကို ပြောသည်။
တိုင်းဒေသကြီးအတွင်း မတ်လကုန်ပိုင်းမှ စတင်၍ COVID-19 ရောဂါကာကွယ်ရန် လူစုလူဝေးများ၊ အခမ်းအနားများ လုံး၀ မပြုလုပ်ရန်၊ အိမ်စီးကားများ အနေဖြင့် ဒရိုင်ဘာအပါအဝင် လူ ၅ ဦးထက် ပိုမစီးရန်၊ သတင်းအမှားများ မဖြန့်ဝေရန် တားမြစ် ထားသော်လည်း ချိုးဖောက်သူများ၊ စောင့်ကြည့်စင်တာများမှ ထွက်ပြေးသူများအပါအဝင် လူပေါင်း ၉၀ ဦးကိုလည်း ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ ငြိမ်းစုစီဥပဒေ၊ ဆက်သွယ်ရေးဥပဒေများဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ထို့ပြင် ဒေသန္တရအမိန့် ချိုးဖောက်သည့်အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့် ဖမ်းဆီးထောင်ချခံရသူ အရေ အတွက်မှာ ဧပြီလ ၁၈ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိစာရင်းအရ အမျိုးသား ၄၉၂ ဦးနှင့် အမျိုးသမီး ၁၃ ဦးတို့ဖြစ်ပြီး ၎င်းတို့အား တာဝန်ရှိသူများက ပုသိမ်ထောင်၊ ဟင်္သာတထောင်၊ မအူပင်ထောင်၊ မြောင်းမြထောင် နှင့် ဖျာပုံ အကျဉ်းထောင်များသို့ ပို့ဆောင်၍ အကျဉ်းချခဲ့ကြောင်း သိရသည်။
COVID- 19 ရောဂါ ကာကွယ်ရေးအတွက် ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သည့် ဧရာဝတီတိုင်း ဒေသကြီးအဆင့် COVID -19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်အရ တိုင်းအတွင်းရှိ မြို့နယ် ၂၆ ခုမှ မြို့နယ်အုပ်ချုပ်ရေးမှူးများက ဧပြီလ ၁၈ ရက်နေ့တွင် ညမထွက်ရသော ဒေသန္တရအမိန့်များကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် မေလ ၁၅ ရက်နေ့မှ စတင်၍ ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နောက်တနေ့နံနက် ၄ နာရီအစား ည ၁၂ နာရီမှ နောက်တနေ့ နံနက် ၄ နာရီအချိန်သို့ ပြောင်းလဲ ဖြေလျော့ပေးခဲ့ကြောင်း သိရသည်။
ဒုရဲမှူးကြီး ထွန်းရွှေက “ညမထွက်ရအမိန့်ကို အချိန်ဖြေလျော့ပြီးတဲ့နောက်ပိုင်းလည်း အပြင်ထွက်တဲ့လူတွေက ဆက်တိုက် ရှိနေတဲ့အတွက် ဖမ်းဆီးအရေးယူမှုတွေက ဆက်ရှိနေပါတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်း၌ ညမထွက်ရအမိန့် စတင်ထုတ်ပြန်သည့် ဧပြီလ ၁၈ ရက်နေ့ညပိုင်းမှ စတင်ကာ ရဲတပ်ဖွဲ့ဝင်များက မြို့နယ် ၂၆ ခုတွင် လှည့်ကင်း၊ ရပ်ကင်းများ ဆောင်ရွက်၍ အမိန့်မလိုက်နာသူများအား ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများက တရားလိုပြုလုပ်၍ ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခဲ့ရာ မြို့နယ်တရားသူကြီးများက ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့ကြောင်း သိရသည်။
ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ မည်သူမဆို ပြည်သူ့ဝန်ထမ်းမှ ထုတ်ပြန်ကြေညာသောအမိန့်ကို သိလျှက်နှင့် ဖီဆန်ပါက ထိုသူအား အလုပ်မဲ့ထောင်ဒဏ် ၁ လ အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်း ထားသည်။
ညမထွက်ရအမိန့်အရ ဌာနဆိုင်ရာတာဝန်ဖြင့် သွားလာသူများ၊ ကျန်းမာရေးကိစ္စဆောင်ရွက်သူများနှင့် နာရေးကိစ္စ ဆောင်ရွက်သူများမှအပ အခြားမည်သူအဆို ည ၁၀ နာရီမှ နောက်တနေ့ နံနက် ၄ နာရီအတွင်း အပြင် မထွက်ရန် တားမြစ်ကြောင်းနှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများက ထုတ်ပြန်ကြေညာထားသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံနှင့် လပွတ္တာဟူ၍ ခရိုင် ၆ ခုနှင့် မြို့နယ်၂၆ မြို့နယ်ရှိပြီး လူဦးရေ ၆ ဒဿမ ၂ သန်းကျော် မှီတင်းနေထိုင်ကာ အများစုမှာ လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။
You may also like these stories:
ဒေသန္တရအမိန့် ချိုးဖောက်ခဲ့သည့် ထိုင်းနိုင်ငံသား ၃ ဦးကို ပြည်နှင်ဒဏ်ပေး
မြောက်ဦး လူငယ် ၄ဦး အကြမ်းဖက်ဥပဒေနှင့် စွဲချက်မတင်မီ လွတ်မြောက်
စောဒေးဗစ်လား အမှုအား အမြန်ဆောင်ရွက်ရမည့် အမှုအဖြစ် သတ်မှတ်