ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ကိုရိုနာဗိုင်းရပ် တွေ့သူသည် တဘက်နိုင်ငံမှ ပြန်ဝင်လာသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များအား အကြောင်းမကြားဘဲ နေထိုင်သူ မွတ်ဆလင် မိသားစုထဲက ဖြစ်ကြောင်း ဒေသအာဏာပိုင်များက ပြောသည်။
အဆိုပါ လူ ၅ ဦးပါ မွတ်ဆလင် မိသားစုတစုသည် မေလ ၃၀ ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှနေ နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် လိပ်ရ ကျေးရွာဘက်မှ ၎င်းနေထိုင်ခဲ့ဖူးသော ဦးရှည့်ကျကျေးရွာအတွင်း ပြန်လည် ရောက်ရှိလာသူများ ဖြစ်ကြောင်း မောင်တောခရိုင် ဒေသအာဏာပိုင်များက ပြောသည်။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “ ကျနော်တို့ နိုင်ငံမှာ ကိုဗစ် ရောဂါပိုးတွေ့ကတည်းက ကျနော်တို့က ပြန်လည်လက်ခံရေးလုပ်ငန်း တွေကိုလည်း ပိတ်ထားတယ်။ သူ့သဘောနဲ့ သူ ပြန်ဝင်လာတယ် ဆိုပေမယ့် ကျ နော်တို့ ဆီကို တရားဝင် သတင်းပို့၊ လျှောက်လွာတင်ပြီး ဝင်လာတဲ့သူ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ တဘက်နိုင်ငံမှ မိသားစုတစု တရားမဝင် ရောက်ရှိလာသည် ဆိုသည့် သတင်းအရ သက်ဆိုင်ရာများက ဦးရှည့်ကျ မွတ်ဆလင် ကျေးရွာသို့ သွားရောက်ပြီး ၎င်းမိသားစုဝင်များကို လှဖိုးခေါင် ကြားစခန်း ထဲတွင် Quarantine ထားရှိကာ ဆေးစစ်ချက်နမူနာများကို ထုတ်ယူ၍ စစ်ဆေးခဲ့ရာ အိမ်ထောင်ဦးစီး အမျိုးသား၌ ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကပြောသည်။
မောင်တော်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်က “ဒီလိုပဲ ဝင်လာကြမယ်ဆိုရင် နောက်ထပ်အများအပြား ဝင်လာကြမယ်။ လွန်ခဲ့တဲ့ ၃ လကတည်းက ကျနော်တို့ ဒီလို ဖြစ်မှာ စိုးလို့ ပြောခဲ့ သေးတယ်။ အခုက ခိုးဝင်သူတွေကို တရားစွဲလို့လည်း မရ။ နိုင်ငံတော် အတိုင်ပင်ခံရုံးကတော့ ဘယ်လို သဘောနဲ့ လက်ခံလဲဆိုတော့ နိုင်ငံခြား ပြန်တွေပေါ့။ မလေးက ပြန်လာတယ်။ ထိုင်းက ပြန်လာတယ်။ ဘင်္ဂလားက ပြန်လာတယ်။ အဲလိုသဘောမျိုးနဲ့ လက်ခံနေတာ။ အခု တော် တော် စိုးရိမ်စရာ ကောင်းတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မောင်တောအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် တဘက်နိုင်ငံ ရောက်ရှိသွားသူများအနေဖြင့် မိမိဆန္ဒ အလျှောက် ပြန်လည်ဝင်ရောက်လာရာတွင် သက်ဆိုင်ရာ အာဏာပိုင်များထံ တရားဝင် သတင်းပို့ပြီး လျှောက်လွာများ တင်ကာ စိစစ်လက်ခံမှုများ ပြုလုပ်ခဲ့သည်။
ယင်းနောက် သက်ဆိုင်ရာဌာနဆိုင်ရာများက ဒေသအတွင်း အမှန်တကယ် နေထိုင်ခဲ့ခြင်း ရှိ မရှိ၊ အကြမ်းဖက်ဖြစ်စဉ်ကြောင့် တဘက်နိုင်ငံသို့ ရောက်ရှိသွားခြင်း ဟုတ် မဟုတ်၊ အကြမ်းဖက်ဖြစ်စဉ်များတွင် ပါဝင်ခဲ့မှု ရှိ မရှိ စသည့် အချက်အလက်များကို စိစစ်ပြီး ပြန်လက်ခံခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း မြန်မာနိုင်ငံအတွင်း ကိုဗစ်- ၁၉ ရောဂါပိုး စတင်တွေ့ရှိသည့် အချိန်ကစပြီး မောင်တော်နယ်စပ်ကို ပိတ်ကာ ပြန်လည်လက်ခံရေး လုပ်ငန်းများ ယာယီရပ်ဆိုင်းထားသည်။
လက်ရှိအချိန်တွင် အဆိုပါ မိသားစုဝင် ၅ ဦးကို လှဖိုး ခေါင်ကြား စခန်းတွင် သီးသန့်ထားရှိပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့သူများ ရှိ မရှိ ကို လေ့လာစုံစမ်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်းလည်း သိရသည်။
မောင်တောအရေးအခင်းကြောင့် တဘက်နိုင်ငံသို့ ရောက်ရှိသွာများသူများ အနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် တဦးတယောက်မှ ပြန်လည် ဝင်ရောက်လာမှုမရှိသေးသော်လည်း အကြောင်းအမျိုမျိုးကြောင့် မိမိ ဆန္ဒအလျှောက် တရားဝင် သတင်းပို့ကာ ပြန်လည်ဝင်ရောက်လာသူ ၆၀၀ ကျော်ရှိကြောင်းလည်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ စာရင်းအရ သိရသည်။
ပြီးခဲ့သော မေလ အတွင်းက မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ သံတွဲမြို့နယ်က အမျိုးသား ၁ ဦးနှင့် တောင်ကုတ်မြို့နယ်က အမျိုးသား ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရာ လက်ရှိအချိန်တွင် ၎င်းတို့ ၂ ဦးမှာ လည်း ကျန်းမာရေး အခြေအနေ ကောင်းမွန်စွာဖြင့် ရှိနေကြောင်း ရခိုင်ပြည် နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
You may also like these stories:
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ပထမဆုံး ကိုဗစ်-၁၉ ကြောင့် သေဆုံး
COVID-19 အတွက် အစိုးရက ကျပ်ဘီလီယံ ၁၇၀၀ ကျော်ထိ အသုံးပြုနေ
COVID-19 နှင့် ယှဉ်တွဲ နေထိုင်ခြင်း