KNU က မွန်လူငယ် ၄ ဦးကို မူးယစ်မှုဖြင့် ဖမ်းပြီး ကျပ် သိန်း ၂၀ တောင်း
မွန်ပြည်နယ် ရေးမြို့နယ်ရှိ ကျောင်းရွာ ကျေးရွာမှ မွန်လူငယ် ၄ ဦးကို မူးယစ်ဆေးသုံးသည်ဟု ဆိုကာ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒဏ်ကြေးသိန်း ၂၀ ပေးမှသာ ပြန်လွှတ်ပေးမည်ဟု ပြောဆိုကြောင်း မွန်လူ့အခွင့်အရေးအဖွဲ့ (Mon Human Rights) ထံမှ သိရသည်။
လူငယ် ၄ ဦးကို ကျောင်းရွာ ကျေးရွာ ငါးကလေးချောင်းအနီးရှိ ရော်ဘာခြံ၌ မေလ ၂၈ ရက်တွင် KNU အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မွန်လူ့အခွင့်အရေးအဖွဲ့၏ Documentation Project Coordinator ဖြစ်သူ နိုင်ဗညားက ဧရာဝတီသို့ ပြောသည်။
နိုင်ဗညား က “အဓိကက သူတို့လေးယောက်ကိုဖမ်းသွားတယ်။ အဲဒီမှာ တယောက်က ဆေးပြားမိတယ်ပေါ့။ ဆေးပြားမိတဲ့သူကို သူတို့ထိန်းသိမ်းထားတယ်။ ပြန်မလွှတ်ဘူး။ ကျန်တဲ့သုံးယောက်ကိုတော့ ပြန်လွှတ်မယ်။ ဒါပေမယ့် အဲဒီသုံးယောက်အတွက် သိန်း ၂၀ တောင်းတယ်” ဟု ဆိုသည်။
အဆိုပါလူငယ် (၄) ဦးကို ရေးမြို့နယ် ဘဲလမုကျေးရွာအနီးရှိ KNU တပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ဗညား က ဆိုသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသူများထဲမှ တဦးကို ၎င်း၏ မိဘများက ကျပ် ၇ သိန်းဖြင့် KNU ထံ ရွေးယူခဲ့ရကြောင်း သို့သော်လည်း သားဖြစ်သူမှာ KNU တပ်ဖွဲ့၏ ကန်ကြောက်ခြင်းကိုခံရသဖြင့် မျက်လုံးတဖက်တွင် ဒဏ်ရာရရှိခဲ့ပြီး ရေးမြို့တွင် ဆေးကုသရန် ပို့ထားကြောင်း သိရသည်။
ကျန်ရှိသော ဖမ်းဆီးခံထားရသူများထဲမှ ၂ ဦးကိုမူ ကျပ် ၁၃ သိန်းပေးမှသာ ပြန်လွှတ်ပေးမည်ဟု KNU ဘက်က ပြောဆိုထားပြီး မူးယစ်ဆေး လက်ဝယ်တွေ့သူကိုမူ လူမှုရေးပြစ်ဒဏ်ပေးမည်ဟု သိရကြောင်း နိုင်ဗညားက ပြောသည်။
၎င်းက “မူးယစ်ဆေးက ရှင်းရှင်းပြောရင် မသုံးတဲ့သူကတော့ ခပ်ရှားရှားပါပဲ။ သုံးတာတော့ သုံးတာပေါ့။ ဒါပေမယ့် ဒီ့ထက်ပိုပြီး အဆင်ပြေတဲ့ နည်းလမ်းပေါ့။ ဥပမာ – သူတို့မွန်တွေကို မိတယ်ဗျာ။ မွန်တွေဖြစ်တဲ့အခါကျတော့ မွန်ပြည်သစ် (NMSP) ကို သူတို့လွှဲပေးလိုက်မယ်။ မွန်ပြည်သစ်က ဆက်ရှင်းမယ်။ သူတို့ဟာသူတို့ ညှိနှိုင်းအရေးယူကြမယ်။ ဒီလိုမျိုးဖြစ်သင့်တာပေါ့” ဟု မှတ်ချက်ပေးသည်။
မူးယစ်ဆေးသုံးမှုအတွက် KNU က ပေးသော အပြစ်ဒဏ်သည် လူ့အခွင့်အရေးချိုးဖောက်သည့် သဘောမျိုး ဖြစ်နေသည်ဟုလည်း ဆိုသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ တပ်မဟာ (၆) လုံခြုံရေး တပ်ဖွဲ့မှူး ဗိုလ်မှူး စောရန်နိုင် ကမူ တပ်မဟာ ၆ ၏ တပ်ဖွဲ့ဝင်အချို့သည် ရေးမြို့နယ်တွင် လှုပ်ရှားမှုရှိသော်လည်း မူးယစ်ဆေးဝါးနှိမ်နင်း သည့်ကိစ္စကို KNU ရဲတပ်ဖွဲ့ကသာ အဓိက ကိုင်တွယ်သဖြင့် ၎င်း အနေနှင့် မသိကြောင်း ပြောသည်။
KNU အနေဖြင့် ပုံမှန်အားဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုကို ပထမအကြိမ်ဖမ်းမိပါက နောက်ထပ်မလုပ်ရင် ခံဝန်ထိုးပြီး ပြန်လွှတ်ပေးလေ့ရှိကြောင်း၊ ဒုတိယအကြိမ်ထပ်မံကျူးလွန်ပါက တရားစွဲအရေးယူကြောင်း သိရသည်။
ဗိုလ်မှူးစောရန်နိုင်က “ထိုးကြိတ်ရိုက်နှက်တာတွေကတော့ ရှင်းရှင်းပြောရင် လုပ်လို့ရတဲ့ အရာတွေမှ မဟုတ်တာ။ ဥပဒေနဲ့ အညီပဲ အရေးယူရမှာလေ။ ထိုးကြိတ်ရိုက်နှက်တာတွေရှိရင်တော့ မြေပြင်မှာ တာဝန်ထမ်းဆောင်တဲ့သူတွေရဲ့ မှားယွင်းမှုပဲဖြစ်မှာပါ” ဟု ပြောသည်။
၎င်းကဆက်၍ “ဒဏ်ငွေနဲ့ ပတ်သက်ရင် ဒီဟာလည်း ကျနော်တို့ ခွင့်ပြုထားတာမဟုတ်ဘူး။ ဒါပေမယ့် ဒေသန္တရအနေအထားအရ KNU ရဲတပ်ဖွဲ့ကနေ ဆောင်ရွက်တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ ကျနော်တို့ လို ကာကွယ်ရေး နဲ့ အုပ်ချုပ်ရေးဘက်က ကိုင်တွယ်တာမဟုတ်ဘူး” ဟု ပြောသည်။
မွန်ပြည်သစ်ပါတီ (NMSP) မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်အောင်မငေးကမူ မူးယစ်ဆေးသုံးသည့် မွန်လူငယ်များကို KNU ဘက်က ဖမ်းဆီးရမိပါက မွန်ပြည်သစ်ပါတီနှင့် ညှိနှိုင်းဆောင်ရွက်ရန် KNU ထံတိုက်တွန်းထားသော်လည်း KNU ဘက်က တစုံတရာ အကြောင်းပြန်မှု မရှိသေးဟုဆိုသည်။
နိုင်အောင်မငေး က “အစိုးရနဲ့ တောင် ကိုဗစ်ကာကွယ်ရေး ပူးပေါင်းလုပ်ဆောင်ကြသေးတာပဲ။ ကျနော်တို့ တိုင်းရင်းသား မဟာမိတ်အချင်းချင်း ပူးပေါင်းဆောင်ရွက်လို့ရပါတယ်။ ဒါက လူမျိုးရေး ကိစ္စအထိ ဖြစ်လာမှာစိုးလို့ KNU ကို တိုက်တွန်းထားပါတယ်။ ဒါပေမယ့် KNU ဘက်က ကျနော်တို့ဆီတော့ ဘာမှ အကြောင်းမပြန်သေးဘူး” ဟု ပြောဆိုသည်။
ပြီးခဲ့သည့် မေလ ၉ ရက်ကလည်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရေတံခွန်ရွာရှိ ဘိန်းစာရွက်သုံးစွဲသော မွန်လူငယ် ၃၇ ဦးကို KNU ဘက်က ဖမ်းဆီးကာ တဦးလျှင် ငွေကျပ် ငါးသိန်းကျပ်ဖြင့် ပြန်ရွေးခိုင်းသည်လည်း ရှိကြောင်း မွန်လူ့အခွင့်အရေးအဖွဲ့ထံမှသိရသည်။
You may also like these stories:
AA ဖမ်းဆီးခဲ့သည့် ချင်းအမျိုးသမီး သေဆုံးမှု လူ့အခွင့်အရေးအဖွဲ့များထံ တင်ပြမည်
ရီမုမိုင်းဖြင့် တိုက်ခိုက်ခံရသဖြင့် ပုဏ္ဏားကျွန်းအဝင်တွင် တပ်မတော်သားတချို့ ကျဆုံး
မြောက်ဦး လူငယ် ၄ဦး အကြမ်းဖက်ဥပဒေနှင့် စွဲချက်မတင်မီ လွတ်မြောက်