လာမည့် ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပါတီကြီးတချို့ ကြိုတင်ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
NLD၊ USDP ပါတီ အပါအဝင် တိုင်းရင်းသားပါတီတချို့မှ နိုင်ငံရေးခေါင်းဆောင်များက လာမည့် ၂၀၂၀ ရွေးကောက်ပွဲ ကာလ အောင်နိုင်ရေးအတွက် စတင် ပြင်ဆင်နေသည့်အပေါ် ထုတ်ဖော် ပြောဆိုမှုများ ပြုလုပ်လာခြင်းလည်းဖြစ်သည်။
အမျိုးသားဒီမိုကစီအဖွဲ့ချုပ် (NLD) ပါတီသည် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း စာရင်းများကို သက်ဆိုင်ရာ မြို့နယ်များအလိုက် အပြီးသတ် ရွေးချယ်မှုများကို ယခုဇွန်လအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ အတွက် အဆင်သင့်ပြင်ထားရန် လုပ်ဆောင်နေကြောင်း ပါတီဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က မေလ ၃၁ ရက်နေ့က သတင်းထောက်များကို ပြောသည်။
ဒေါက်တာဇော်မြင့်မောင်က “ရွေးကောက်ပွဲကတော့ ဘယ်တော့လုပ်မယ် ဘယ်နေ့လုပ်မယ်ဆိုတာ တိတိကျကျမသိဘူး။ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲလုပ်မယ် ပြောတယ်။ ၂၀၁၅ တုန်းက အချိန်ကို မူတည်ပြီးတော့ ကိုယ်စားလှယ်လောင်းတွေ ရွေးဖို့ အဆင်သင့်ပြင်ထားဖို့ လှမ်းအကြောင်းကြားတာ”ဟု ပြောသည်။
NLD ပါတီသည် ၁၉၈၈ စက်တင်ဘာ ၂၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ရာခိုင်နှုန်း အများအပြား အနိုင်ရရှိခဲ့သော်လည်း ထိုစဉ်က နိုင်ငံကို အုပ်ချုပ်နေသည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) အစိုးရက အသိအမှတ် မပြုခဲ့သဖြင့် အစိုးရမဖွဲ့နိုင်ခဲ့ပါ။
ထို့နောက်၂၀၁၀ တွင် ရွေးကောက်ပွဲမဝင်ခဲ့ဘဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်ရာ မဲဆန္ဒနယ် ၄၅ နေရာတွင် ၄၃ နေရာအနိုင်ရပြီး လွှတ်တော်တွင်းသို့ ရောက်ရှိလာကာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ၂ ရပ်ပေါင်း နေရာ ၃၉၀ ခန့်တွင် အနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ် ထားပြီး ဖြစ်ကာ လက်ရှိတွင် ၎င်းကိုယ်စားလှယ်လောင်းများကို အကဲဖြတ်နေကြောင်းနှင့် လုပ်သင့်လုပ်ထိုက်သော ကြိုတင်ပြင်ဆင်မှု အားလုံးကို စီမံဆောင်ရွက်နေသည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
“ပါတီအောင်နိုင်ရေးအတွက် ကောင်းမွန်တဲ့ ပြည်သူ့ကိုယ်စားလှယ် စစ်စစ်ဖြစ်အောင် ကြိုးစားရွေးချယ်ထားတယ်။ တကယ်လို့ မိမိတို့ကို တာဝန်ပေးခဲ့ရင်လည်း တိုင်းပြည်ကို ဘယ်လိုပြန်လည် မြှင့်တင်သွားမလဲဆိုတဲ့ ကြိုတင်စဉ်းစား စီမံမှုတွေ လုပ်ထားဖို့လိုတယ်။ အဲဒီလို လုပ်ငန်းစဉ်တွေကို အတွေ့အကြုံရှိတဲ့ ပါတီကြီးတရပ်အနေနဲ့ ကတော့ အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်ထားပြီးပြီ”ဟု ပြောသည်။
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် တပ်မတော်အစိုးရလက်ထက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ၂၀၁၀ ခုနှစ်တွင် ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် တပ်မတော်က အရပ်သားအဖြစ် အသွင်ပြောင်းလာသည့် တပ်မတော် အငြိမ်းစား အရာရှိကြီး များက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နေရာအများအပြားအနိုင်ရခဲ့ကာ အစိုးရဖွဲ့နိုင်ခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်မှာ နိုင်ငံတော်သမ္မတဖြစ်လာခဲ့သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်မူ NLD ပါတီ တကျော့ပြန် အနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သောကြောင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အတိုက်အခံအဖြစ် ရပ်တည်နေရသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကလည်း ရွေးကောက်ပွဲဝင်ရန် ကိစ္စရပ်များနှင့်ပတ်သက်၍ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ခေါ်ယူကာ ဆွေးနွေးတိုင်ပင်နေပြီး၊ ကိုယ်စားလှယ်လောင်း ရွေးချယ်စိစစ်ရေး ကော်မတီကို မြို့နယ်အဆင့်၊ ဌာနချုပ် ရုံးခွဲအဆင့်၊ ဗဟိုဌာနချုပ်အဆင့် စသဖြင့် အဆင့်ဆင့်ဖွဲ့စည်းရန် လျာထား လုပ်ဆောင်နေသည်ဟု ပါတီအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောသည်။
ဦးစိုင်းလိတ်က “UEC က တရားဝင်ကြေငြာမှပဲ ဒီလုပ်ငန်းတွေကို ကျနော်တို့လည်း ပေါ်ပေါ်တင်တင်စပြီး လုပ်နိုင်မှာပါ။ အခုတော့ ကြိုတင်ပြင်ဆင်ထားတဲ့ အဆင့်ပဲ ရှိပါသေးတယ်” ဟုပြောသည်။
ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်တွင် ပါဝင်သော ရွေးချယ်ပုံအဆင့်ဆင့်၊ အချိန် ကန့်သတ် ချက် စသည့် ကိစ္စရပ်များကို အဆင်သင့် ပြင်ဆင်ထားပြီး ထိုလုပ်ငန်းလမ်းညွှန်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ရွေးကောက်ပွဲ ပြုလုပ်မည့်ရက်ကို ကြေငြာသည်နှင့်တပြိုက်နက် သက်ဆိုင်ရာမြို့နယ်များကို ပေးပို့နိုင်ရန် စတင် စီစဉ်နေ သည်ဟု ၎င်းကဆက်ပြောသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD သည် ၁၉၈၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်အတွက် ၁၅ နေရာအနိုင်ရရှိခဲ့ပြီး လွှတ်တော်တွင်း ဒုတိယအင်အားကြီးဆုံး တိုင်းရင်းသားပါတီတခု ဖြစ်လာခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ်ဘက်တွင်မူ တိုက်ပွဲများ ဖြစ်ပွားနေခြင်း၊ COVID-19 ရောဂါဖြစ်ပွားနေသည့် အချိန်ဖြစ်ခြင်း၊ စစ်ဘေးရှောင် ဒုက္ခသည်များ များပြားလာခြင်း စသည့် ပြဿနာများကို ဦးစားပေး ဖြေရှင်းနေရသည်က တကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမည့်ရက်အတိအကျ ကျင်းပမည့်ရက် မကြေငြာရသေးသည့် အခြေအနေများကြောင့် ရွေးကောက်ပွဲဝင်ရန် ကိစ္စရပ်များကို အဆင်သင့် မပြင်ရသေးကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုကော်မတီဝင် ဦးဖေသန်းက ပြောသည်။
ဦးဖေသန်းက “မကြာခင်မှာတော့ ဦးဆောင်ကော်မတီတွေ တွေ့ဆုံဖို့ရှိပါတယ်။ အဲဒီ ဦးဆောင်ကော်မတီတွေ တွေ့တဲ့ အခါမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်မှာပါ။ ရွေးကောက်ပွဲကော်မရှင်က မကြေငြာသေးခင် အတွင်းမှာ ကျနော်တို့ မှာလည်း ကိုယ့်အခက်အခဲနဲ့ကိုယ် ဖြေရှင်းနေရတဲ့ ကိစ္စတွေရှိလို့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အဆင်သင့် မဖြစ်သေး တာ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။
ထို့ပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပဖြစ်၊ မကျင်းပဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာသည့် ထုတ်ပြန်ချက် အခြေအနေများကိုလည်း စောင့်ကြည့်ရမည့်အနေအထား ဖြစ်သည်ဟု ၎င်းကပြောသည်။
ရခိုင်အမျိုးသားပါတီ(ANP) သည် ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ထောင်ခဲ့သော ပါတီဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်အတွက် ၂၂ နေရာ အနိုင်ရရှိခဲ့ရာ လွှတ်တော်တွင်း အင်အားအကြီးဆုံး တိုင်းရင်းသားပါတီအဖြစ် ရပ်တည်နေသည်။
လာမည့်ရွေးကောက်ပွဲတွင် ၈၈ မျိုးဆက် ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီ၊ ပထမအကြိမ် လွှတ်တော် သက်တမ်းတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူခဲ့သော သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စု ကောင်းကျိုး ဆောင်ပါတီ UBP၊ ဒဂုံမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်ခိုင် ဦးဆောင်သော ပြည်သူ့ရှေ့ဆောင် ပါတီ(PPP)စသည့် ပါတီသစ်များလည်း ယခုရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းတွင် ကျင်းပပြုလုပ်ရန် လျာထားပြီး ၂၀၁၇၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲများ၏ အတွေ့အကြုံများအပေါ် လေ့လာသုံးသပ်၍ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်နေသည်ဟု ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။
မေလ ၁ ရက်နေ့က အွန်လိုင်းက ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင်လည်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက လာမည့်အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ နိုဝင်ဘာတွင် ကျင်းပရန် လျာထားသည် ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ခုနှစ် မေလအတွင်း ထုတ်ပြန်ထားသောစာရင်းများအရ တည်ဆဲ မှတ်ပုံတင်ထားသည့် ပါတီ ၉၇ ပါတီရှိပြီး၊ ပြည်ထောင်စု တဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ၇၉ ပါတီ၊ တိုင်းဒေသကြီး/ ပြည်နယ် တခုတည်းတွင်သာ စည်းရုံးမည်ပါတီ ၁၈ ပါတီ၊ ယာယီရပ်ဆိုင်းထားပါတီ ၃ ပါတီရှိသောကြောင့် လာမည့် ရွေးကောက်ပွဲတွင် ပါတီစုစုပေါင်း ၉၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ဖွယ်ရှိသည်။
၂၀၂၀ ခုနှစ် မတ်လထိ ပြုစုထားသော စာရင်းများအရ မဲပေးနိုင်သူဦးရေ ၃၇ သန်းကျော်ရှိပြီး ထိုစာရင်းတွင် တပ်မတာ် သားနှင့် အတူနေ အိမ်ထောင်စုဝင်များ၏ အခြေခံမဲစာရင်းများ ထည့်သွင်းရန် ကျန်ရှိနေသေးကြောင်းနှင့် မဲဆန္ဒနယ်များ အလိုက် မဲပေးခွင့်ရှိသူများ၏ အမည်စာရင်းများကို ရွေးကောက်ပွဲမတိုင်မီ ကြေငြာပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်နှင့် ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ်တွင်မူ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားနေသည့် အခြေအနေများရှိသော်လည်း ယခုနှစ် အတွင်းတွင်သာ ကျင်းပရန် လျာထားခဲ့သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က နေရာအများအပြား အနိုင်ရခဲ့၍ အစိုးရဖွဲ့နိုင်ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်တွင်းသို့ NLD ပါတီမှ ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီ အသီးသီးမှ ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီမှ ၅ ရာခိုင်နှုန်းရောက်ရှိခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားများက ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ ၂၅ ရာခိုင်နှုန်းကို ရယူခဲ့သည်။
ဆက်စပ်လင့်
ရွေးကောက်ပွဲကိစ္စ တိုင်တိုင်ပင်ပင်လုပ်ရန် တိုင်းရင်းသားပါတီများ ကော်မရှင်အား တိုက်တွန်း
နိုင်ငံရေး ပါတီအချို့ သမ္မတနှင့် တွေ့ဆုံ ဆွေးနွေးလို
၂၀၂၀ ရွေးကောက်ပွဲ ပုံမှန်အချိန်တိုင်း ကျင်းပနိုင်မလား