ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် တာဝန်ကျနေသည့် ကျန်းမာရေးမှူးတဦးတွင် Covid-19 ကူးစက်ခံထားရသည်ကို အင်္ဂါနေ့က တွေ့ရှိခဲ့သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရသိရသည်။
ထိုသို့ ကူးစက်ခံရခြင်းသည် ပြည်တွင်းကူးစက်မှုများ ၂ ပတ်ကြာ ကင်းစင်နေရာမှ အသစ်ပြန်လည်တွေ့ရှိခြင်းဖြစ်သည်။
အသက် ၃၀ အရွယ် အဆိုပါကျန်းမာရေးမှူးတွင် ခရီးသွားရာဇဝင်များမရှိသကဲ့သို့ ရောဂါကူးစက်ခံထားရသူများနှင့်လည်း တိတွေ့ဆက်ဆံမှုလည်း မရှိပေ။
အဆိုပါ ကိုဗစ်လူနာမှာ အင်္ဂါနေ့တွင် တွေ့ရှိသည့် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄ ဦးတွင် တဦးအပါအဝင်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏အဆိုရ သိရသည်။
အခြားကူးစက်ခံရသူ ၃ ဦးတို့မှာ အိန္ဒိယ၊ တရုတ်နှင့် မလေးရှားနိုင်ငံများမှ ပြန်လာသည့် မြန်မာနိုင်ငံသားများ ဖြစ်သည်။
မြို့နယ်အတွင်း တာဝန်ချထားခံရသည့် ကျန်းမာရေးဝန်ထမ်းပေါင်း ၄၀ ကျော်အား အများပြည်သူနှင့်တိတွေ့နေရသဖြင့် ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိမရှိ သိရှိနိုင်ရန် ၎င်းတို့၏ဓါတ်ခွဲခန်းနမူနာများကို သောကြာနေ့တွင် ရယူပြီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက မီဒီယာသို့ ဖြေကြားထားသည်။
အဆိုပါ လူနာကို မူဆယ်ခရိုင်ပြည်သူ့ဆေးရုံတွင် သီးခြားထားရှီပြီး သူမ၏အမျိုးသားကိုလည်း သီးခြားထားစောင့်ကြည့်ပြီး ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
လူနာနှင့် ထိတွေ့ဆက်ဆံခဲ့သူများကို ပြည်နယ်ကျန်းမာရေးဌာနက ခြေရာခံရှာဖွေနေသည်။
လတ်တလောတွင် လူနာနှင့် ထိတွေ့မှုရှိခဲ့သည့် လူပေါင်း ၄၀ ကျော်ကို သီးသန့်ထားရှိစောင့်ကြည့်ပြီး၎င်းတို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိမရှိ စစ်ဆေးပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ဧရာဝတီကိို ဇွန် ၄ ရက်နေ့က ပြောသည်။
အဆိုပါ ကျန်းမာရေးမှူးသည် မူဆယ်မြို့၊ မိုင်းပေါ်ကျေးရွာအုပ်စုအတွက် တာဝန်ပေးခံထားရသည့် ကျန်းမာရေး တာဝန်ခံတစ်ဦးဖြစ်သည်ဟု မူဆယ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါရှာဖွေစမ်းသပ်မှု နေ့စဉ် ၁၅၀၀ ခန့်ပြုလုပ်နေကြာင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ ဗုဒ္ဒဟူးနေ့ နေ့လယ်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရှာဖွေစမ်းသပ်မှု ၃၀၀၀၀ နီးပါးဆောက်ရွက်ပြီး ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ၂၃၄ ခုရှိပြီး ပြည်ပမှ ဝင်ရောက်လာသော ကူးစက် ၄၅ ခု၊ သေဆုံးမှု ၆ ခုနှင့် ပြန်လည်ကောင်းမွန်လာသူ ၁၄၅ဦး ရှိပြီဖြစ်သည်။
You may also like these stories:
မောင်တောမှ ကိုရိုနာဗိုင်းရပ်တွေ့သူမှာ သတင်းမပို့ဘဲ ပြန်ဝင်လာသူဖြစ်
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ပထမဆုံး ကိုဗစ်-၁၉ ကြောင့် သေဆုံး
ဘာသာရေး အခမ်းအနား၌ ပါဝင်သည့် မြန်မာ တဗလိဂ် ၂၂ ဦးကို အိန္ဒိယအစိုးရ အမှုဖွင့်ထား