လာမည့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ယခင် ကျင်းပခဲ့ပြီး ဖြစ်သည့် အခြား ရွေးကောက်ပွဲ များနည်းတူ မပြောင်းလဲဘဲ လာမည့် နိုဝင်ဘာလအတွင်း ကျင်းပသွားရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ပြင်ဆင်လျက်ရှိကြောင်း သတင်း ရရှိသည်။
UEC ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ယနေ့ နေပြည်တော်ရှိ ၎င်းတို့၏ ရုံးတွင် သတင်းထောက်များကို အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
UEC ၏ အဖွဲ့ဝင်လည်းဖြစ်သူ ဦးမြင့်နိုင်က“ကျနော်တို့ မပြောင်းလဲပါဘူး။ အရင်တုန်းက ကျင်းပတဲ့အတိုင်းပဲ နိုဝင်ဘာ လထဲမှာပဲ ဖြစ်မှာပါ”ဟု သတင်းထောက်များကို ပြောသည်။
လက်ရှိတွင် လူအများ စိုးရိမ်နေကြသည့် ကမ္ဘာ့ ကပ်ရောဂါ တခုဖြစ်သော COVID – 19 ကိုလည်း မြန်မာနိုင်ငံက ထိန်းချုပ် နိုင်သည့် အခြေအနေတွင် ရှိခြင်း၊ ကျင်းပနိုင်မည့် ရက်မှာလည်း လိုအပ်နေသေးခြင်းတို့ကြောင့် ယခင် ပြောဆို ထားသည့် အတိုင်း ဆောင်ရွက်မည်ဟု ကော်မရှင် တာဝန်ရှိသူများက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပခဲ့ပြီး ၂ လနှင့် ၂၄ ရက် ကြိုတင်ကြေငြာခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ၄ လအလိုတွင် ကြိုတင်ကြေငြာခဲ့ကြောင်း သိရသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲကိုလည်း ယခင်ကျင်းပခဲ့သည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲ ကြိုတင်ကြေငြာခဲ့သည့် ရက်များကို နမူနာယူ၍ အများအတွက် သင့်တော်မည့်ရက်ကို ကျင်းပပေးမည်ဟု ကော်မရှင် တာဝန်ရှိသူ ဦးမြင့်နိုင်က ပြောသည်။
“အဲဒီမှာ ဘယ်ရက်က သင့်တော်သလဲ၊ သင့်တော်တဲ့ ရက်ကို အများအတွက် ကောင်းမယ့်ရက်ကို ယူ ပြီးတော့ ကြေငြာမှာပေါ့နော်။ အဲဒီ ၂ ခုမှာ ဘယ်ဟာရွေးမလဲဆိုရင်တော့ အားလုံးအတွက် အဆင်ပြေမယ့် ရက်ကိုရွေးပြီး ကြေငြာမှာပေါ့။ အဲဒီအတိုင်းပဲသွားမယ်။ ဒါဆိုရင် ခန့်မှန်းလို့ရပါပြီ”ဟု ၎င်းက ပြောသည်။
ယနေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် တိုင်း နှင့်ပြည်နယ် ရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဥက္ကဌများ၊ ရွေးကောက်ပွဲ အရာရှိများနှင့် အစည်းအဝေးပြုလုပ်ကာ မဲဆန္ဒနယ်များ သတ်မှတ်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ရွေးကောက်ပွဲ မကျင်းပခင် မဲဆန္ဒနယ်များ စာရင်းကြေငြာခြင်း၊ ထို့နောက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ တိုင်းရင်းသား လူမျိုးရေးရာ မဲဆန္ဒနယ်များ ကြေညာခြင်း၊ ထိုနောက် မည်သည့်ရက်တွင် ကျင်းပမည်ဆိုသည်ကို ကြေညာခြင်းနှင့် ထိုသို့ ကြေငြာပြီးမှသာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ တင်သွင်းရမည့် ရက် ကြေငြာခြင်း စသဖြင့် အဆင့်ဆင့် လုပ်ဆောင်သွားမည်ဟု သိရသည်။
၂၀၂၀ ခုနှစ် မတ်လထိ ပြုစုထားသည့် စာရင်းများအရ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးနိုင်သူဦးရေ ၃၇ သန်းကျော်ရှိပြီး ထိုစာရင်းတွင် တပ်မတော်သားများနှင့်အတူနေ အိမ်ထောင်စုဝင်များ၏ အခြေခံ မဲစာရင်းများ ထည့်သွင်းရန် ကျန် ရှိသေးကြောင်းနှင့် မဲဆန္ဒနယ်များအလိုက် မဲပေးခွင့်ရှိသူများ၏ အမည်စာရင်းများကို ရွေးကောက်ပွဲ မတိုင်မီ ကြေငြာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
UEC ၏ ၂၀၂၀ ခုနှစ် မေလအတွင်း ထုတ်ပြန်ထားသည့် စာရင်းများအရ တည်ဆဲ မှတ်ပုံတင်ထားသည့် ပါတီ ၉၇ ပါတီ ရှိပြီး ပြည်ထောင်စု တဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ၇၉ ပါတီ၊ တိုင်းဒေသကြီး/ပြည်နယ် တခုတည်းတွင်သာ စည်းရုံးမည့် ပါတီ ၁၈ ပါတီ၊ ယာယီရပ်ဆိုင်းထားပါတီ ၃ ပါတီ ရှိကြောင်း သိရသည်။
You may also like these stories:
တပ်တွင်းသို့ နိုင်ငံရေးအရ ဝင်ရောက် မဲဆွယ်စည်းရုံးခွင့် မပြုဟု UEC ပြော
၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံများ ထပ်တိုးဖွင့်လှစ်မည်