သတင်း

မလေးရှား သံရုံးရှေ့  စွန့်ပစ်ခံရသည့် မြန်မာ လုပ်သားများကိစ္စ အရေးယူမည်

Want create site? Find Free WordPress Themes and plugins.

မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉ ဦးအား မလေးရှားအလုပ်ရှင်မှ ပါးရိုက်ကာ သံရုံးရှေ့တွင် စွန့်ပစ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ အလုပ်ရှင်နှင့် အေဂျင့်ကို မလေးရှားနိုင်ငံဥပဒေအတိုင်း အရေးယူသွားမည်ဟု မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်း က ပြောသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်း က “အရေးယူဖို့ရှိပါတယ်။ ဒါက မလေး ရှားအလုပ်ရှင်နဲ့ မလေးရှားအေဂျင့်ရဲ့ တာဝန်မယူမှုတွေဖြစ်တာမို့ အရေးယူဖို့အတွက် ကျနော်တို့ လေဘာရုံး လည်း သွားပြီးပြီ။ အလုပ်သမားတွေကို မောင်းထုတ်တဲ့အတွက် လူဝင်မှုကြီးကြပ်ရေးကိုလည်း သွားအကြောင်း ကြားပြီပါပြီ။ ပါးရိုက်ခံရတဲ့ သူအတွက် မနက်ဖန်တော့ ရဲစခန်းသွားတိုင်မယ်။ အလုပ်သမားတွေ နစ်နာကြေးရဖို့ နဲ့ အိမ်ပြန်ဖို့အတွက် ကျနော်တို့ ဆောင်ရွက်နေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ မြန်မာလုပ်သား ၁၉ ဦးသည် စက်ရုံတွင် ဝရိန်လုပ်သားအဖြစ် အလုပ်လုပ်ရန် တရားဝင် စာချုပ်စာတမ်းဖြင့် မလေးရှားနိုင်ငံသို့ ဖေဖော်ဝါရီလ ၆ ရက်က ရောက်ရှိခဲ့ခြင်းဖြစ်သည်။ စက်ရုံတွင် တလကို မလေးရှား ရင်းဂစ် ၃၀၀၀၊ ၄၀၀၀ (ကျပ် ၁၀ သိန်းကျော်) ရမည့်အလုပ်ဟု အေဂျင့်က ပြောဆိုထားသော်လည်း မလေးနိုင်ငံရောက်သည့်အခါ ဆောက်လုပ်ရေးတွင် အလုပ်ရခဲ့သည်။

လစာကိုလည်း မလေးရှားဥပဒေအတိုင်း တလလျှင် မလေးရှား ရင်းဂစ် ၁၂၀၀ ရမည်ဆိုသဖြင့် အလုပ်ရှင်နှင့် ညှိနှိုင်း နေဆဲ ကာလတွင် ကူးစက်မြန် Covid-19 ကပ်ရောဂါဖြစ်လာသဖြင့် အလုပ်များ ရပ်ဆိုင်းသွားရကြောင်း စွန့်ပစ်ခံခဲ့ရသည့် မြန်မာ လုပ်သား ၁၉ ဦးထဲက ကိုသန်းထိုက်အောင်က ပြောသည်။

Covid-19 အခြေအနေကြောင့် အလုပ်များ ရပ်ဆိုင်းခဲ့သဖြင့် အလုပ်သမားများမှာ အလုပ်မရှိ၊ ဝင်ငွေမရှိနှင့် အပြင်ထွက်ခွင့်မရဘဲ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကိုသန်းထိုက်အောင် က “၃၀ ရက် မနက် ၁၁ နာရီခွဲလောက်မှာ မလေးကို ရောက်နေတာကြာပြီဖြစ်တဲ့ ကိုမျိုးမင်းက လာခေါ်တယ်။ အဝတ်အစားတွေ တခါထဲထည့်ခဲ့။ အလုပ်လုပ်ရင် ခေါ်ထားမယ်။ အလုပ်မလုပ်ရင် ပြန်ပို့မယ်ပြောတော့ ကျနော် တို့က ဘာဖြစ်လို့လဲ။ အလုပ်ရှင်နဲ့ပြောမယ်လို့ ပြောတော့ တွေ့လို့မရဘူးတဲ့။ အဲဒါနဲ့ စက်ရုံရှေ့မှာ တန်းစီလိုက်တယ်။ သူဌေးက လာကတည်းက တုတ်တွေကိုင်လာတယ်။ စက်ရုံထဲက ဘင်္ဂလားကောင်တွေကို ခေါ်လာတယ်။ သူတို့လည်း တုတ်တွေကိုင်ထားတယ်။ ကျနော်တို့ထဲက မလေးစကားနားလည်ပြီး ဘာသာပြန် ပေးနေတဲ့ သူက ဘယ်သူလဲလို့ သူဌေးက မေးတော့ သူ (ကိုနိုင်လင်း) ပါဆိုပြီးတော့ သူ့ကို ဘာမှ မပြောပဲနဲ့ ပါးရိုက်တယ်” ဟု ပြောသည်။

၎င်းက ဆက်၍ “နောက် ကျနော်တို့ ၁၉ ဦးကတော့ အထုပ်တွေနဲ့ အပြင်မှာစောင့်နေရပြီး ကား ၂ စီးနဲ့ ကျနော်တို့ကို တင်ခေါ်သွားတော့ လမ်းတောက်လျှောက် သံရုံးကို ဆက်နေတာ။ သံရုံးကလည်း မလာခဲ့နဲ့ပဲ ပြောတယ်။ အေဂျင့်ကလည်း သံရုံးရှေ့ထိရောက်အောင်ပို့တယ်။ သံရုံးရှေ့ရောက်တော့ ၂ နာရီခွဲပြီ ကျနော်တို့ကို ဒီအတိုင်းချပေးခဲ့တယ်” ဟု ရှင်းပြပြောဆိုသည်။

၎င်းတို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိသည့် အချိန်မှ စပြီး အလုပ်ရှင်က စားသောက်နေထိုင်မှု အတွက် တစုံတရာလုပ်ဆောင်ပေးခြင်း မရှိသဖြင့် စားသောက်နေထိုင်မှုအခက်အခဲဖြစ်ခဲ့ရသည်။ ထိုအတွက် မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်ပေးနေသည့် တမိလ်းလူမူကူညီရေး အသင်းနှင့် မြန်မာလူမူကူညီရေးအသင်းတို့က ၎င်းတို့အတွက် အခြေခံစားသောက်ကုန်များ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

တမိလ်းလူမူကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမိုးက “ဒီမှာက မလေးရှားဥပဒေအတိုင်းအရေးယူတယ်။ ဒီလိုပြဿနာ တွေက ဒီမှာပဲ မဟုတ်ဘူး။ နေရာတကာမှာဖြစ်နေတယ်။ ဒီကောင်လေးတွေ ပြဿနာကျတော့ နည်းနည်းဆိုး သွားတယ်။ သူတို့က ရိုက်လည်းရိုက်တယ်။ သံရုံးရှေ့မှာ ပစ်ချသွားတယ်ဆိုတဲ့ကိစ္စက ဘောင်မဝင်ဘူး။ ဥပဒေမှာလည်း မရှိဘူး” ဟု ပြောသည်။

စွန့်ပစ်ခံမြန်မာလုပ်သားများအနေဖြင့် ၎င်းတို့ရသင့်ရထိုက်သော နစ်နာမှု၊ နိုင်ငံကူးစာအုပ်ပြန်လည်ရယူလိုပြီး မြန်မာနိုင်ငံသို့ ပြန်ရန် ဆန္ဒရှိနေကြသည်။

မလေးရှား ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၎င်းတို့ နိုင်ငံအတွင်း Covid-19 ကူးစက်ခံရသူ ၈ ထောင်ကျော် ရှိပြီး ပြန်သက်သာလာသူ ၆ ထောင် ၅ ရာကျော်နှင့် သေဆုံးသူ ၁၁၅ ဦး ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ သွားရောက် အလုပ် လုပ်ကိုင် နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၆ သိန်းဝန်းကျင်ရှိကြောင်း၊ ယခု Covid-19 ရောဂါကာလတွင် အရေးပေါ် နေရပ်ပြန် လိုသဖြင့် သံရုံးသို့ အွန်လိုင်းမှ စာရင်းပေးသွင်းထားသူ ၇၀၀၊ ၈၀၀ ခန့် ရှိသည်ဟု မြန်မာသံရုံးမှ သိရသည်။

You may also like these stories:

နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို ရွှေ့ပြောင်းအလုပ်သမားများလည်း ရသင့်သည်

ရွှေ့ပြောင်းအလုပ်သမားတွေ အိမ်ပြန်လာကြတဲ့အခါ

ရွှေ့ပြောင်းအလုပ်သမားများ မဲပေးပိုင်ခွင့်သည် နိင်ငံသားအခွင့်အရေး ဖြစ်သည်


Did you find apk for android? You can find new Free Android Games and apps.
Loading