လာမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ပြုစုရာတွင် တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ၏ စာရင်း ကျန်နေ၍ ဆက်လက် ကောက်ယူရန် ပြင်ဆင်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
UEC ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာ၌ ပြောင်းလဲနေသော လူဦးရေစာရင်း အချက်အလက်များအပေါ် မူတည်၍ ပြုစုပြီးစီးသည့် အခြေခံမဲဆန္ဒရှင် စာရင်းများကို လစဉ်ပြုစုခြင်း၊ ပြင်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့ ဆက်လက် ဆောင် ရွက်လျက်ရှိပြီး တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ၏ စာရင်းများ ဆက်လက်ကောက်ယူပြုစုလျက် ရှိကြောင်း ဇွန် ၂ ရက်နေ့က ဖော်ပြထားသည်။
ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(၂)၊ တိုင်းပြောရေးဆိုခွင့်ရှိသူ ဦးစန်းမြင့်က တပ်မဲစာရင်း ကောက်ယူရေးသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် ညှိနှိုင်း ပြီးမှသာ ကော်မရှင်အဖွဲ့ခွဲများက ဆက်လက်ဆောင်ရွက်ခွင့် ရှိသည်ဟု ပြောသည်။
“ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညှိနှိုင်းအကြောင်းကြားထားချက်ရှိလို့ တိုင်းဒေသကြီး၊ ပြည်နယ် ကော်မရှင်တွေက သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေနဲ့ ညှိနှိုင်းပြီးတော့ နယ်မြေခံ တပ်ရင်း တပ်ဖွဲ့တွေနဲ့ မဲဆန္ဒရှင်စာရင်း အခြေခံစစ်သည်နဲ့ သူတို့ မိသားစုဝင်တွေ မဲဆန္ဒရှင်စာရင်း ကောက်ယူဖို့ ပြင်ဆင်ထားပါ ပြီ” ဟု ၎င်းက ရှင်းပြသည်။
တပ်မဲစာရင်းကို မည်သည့်နေ့ရက်တွင် အပြီးသတ်ပေးရမည်ဟု ကာလ မသတ်မှတ်ထားသော်လည်း ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာသည့်အချိန်၌ (စာရင်း)အကုန်ပါမည်ဖြစ်ကြောင်း ဦးမြင့်စန်းက ပြောသည်။
“တိုင်းကော်မရှင်က သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နဲ့ ညှိနှိုင်းမယ်။ တွေ့ဆုံမယ်။ ပြီးရင် သက်ဆိုင်ရာ မြို့ နယ် အ လိုက် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့တွေကို ဆက်သွယ်ဆောင်ရွက် တောင်းခံမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်း ပြုစုသည့် နှစ်အဖြစ် သတ်မှတ်၍ တနိုင်ငံလုံး၏ အခြေခံ မဲဆန္ဒရှင် စာရင်းများ ပြုစုရာ ၂၀၂၀ မတ်လအထိ အခြေခံမဲဆန္ဒရှင် ၃၇ သန်းကျော်ရှိကြောင်း သိရသည်။
မြန်မာ့တပ်မတော်တွင် အင်အား ၅ သိန်းခန့် ရှိသည်ဟု ခန့်မှန်းရပြီး မိသားစုဝင်များနှင့် ပေါင်းလိုက်သောအခါ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၃၂ သန်းအနက် တပ်မတော်နှင့် ပတ်သက်သူ စုစုပေါင်း ၁ သန်းခန့် ရှိလာ ကြောင်း ယူဆချက်များလည်း ရှိသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ ပြောရေးဆိုခွင့်ရှိသူက ဦးစိုင်းလိတ်က “တချို့ မဲဆန္ဒနယ်တွေမှာ တခြမ်းလောက်က စစ်တပ်ရဲ့ အပိုင်လိုမျိုး စစ်တပ်ရဲ့ မဲပေးပိုင်ခွင့်က ပိုပြီးတော့မှ အင်အားကြီးနေတာမျိုး ရှိတယ်။ အဲဒီ လို မဲပေးတဲ့အခါမှာ တကယ်တမ်းရှိနေတဲ့ ရဲဘော်တွေရဲ့ အရေအတွက် အရာရှိ၊ စစ်သည် အကုန်လုံးအပါ မဲပေးပိုင်ခွင့် အမှန်တကယ်ရှိတဲ့ စာရင်းကို သေချာ မစိစစ်နိုင်ဘူးဆိုရင် ကြိုတင်မဲဖြစ်ဖြစ် ထည့်လာတဲ့မဲဖြစ်ဖြစ် ဘယ်ရေချိန် ဘယ် ပေတံနဲ့ တိုင်းမလဲ။ အဲဒီအခါ ယှဉ်ပြိုင်ဘက်တွေအဖို့ အင်မတန်ကို နစ်နာပါတယ်” ဟု ပြောသည်။
ထို့ကြောင့် တပ်မဲစာရင်းများကိုလည်း တခြားနိုင်ငံသားများနည်းတူ နိုင်ငံရေးပါတီများရော၊ ကော်မရှင်ကပါ စိစစ်နိုင်ရန် အတွက် စီစဉ်ပေးရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ဖြစ်သည့် PACE အဖွဲ့ ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကလည်း “ရွေးကောက်ပွဲရဲ့ ပွင့်လင်းမြင်သာမှုအရ တပ်ရင်း တပ်ဖွဲ့ဝင်တွေ ဘယ်လောက်ရှိတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း သိ ထားဖို့ လိုတာပေါ့။ ဒါမှလည်း အားလုံးက စိတ်ကင်းကင်းနဲ့ လုပ်နိုင်ကြမှာ။ မဟုတ်ရင် သံသယတွေ ဖြစ်နေကြမှာပေါ့” ဟု မှတ်ချက်ပြုသည်။
ဆက်လက်၍ ၎င်းက ရေရှည်တွင် တပ်မတော်မိသားစုများသာမက တခြားလုံခြုံရေးဆိုင်ရာ တပ်ဖွဲ့များ၊ ပြည်သူ့ ဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲတွင် ကြိုက်နှစ်သက်သည့် ပါတီကို မဲပေး၊ ထို့အတွက် တန်ပြန်အရေးယူခံ ရခြင်းမျိုး မရှိဘဲ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရသည့် အခြေအနေမျိုး ဖန်တီးပေးနိုင်ရန် လိုအပ်သည်ဟု ဆိုသည်။
ထို့အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရှိသည့်နေရာ၌လည်း မဲဆန္ဒရှင်အနေဖြင့် ကြိုက်နှစ်သက်သည့် ပါတီ ကို မဲပေးခွင့်ရှိရန် လိုအပ်သည်ဟုလည်း စိုင်းရဲကျော်စွာမြင့်က ပြောသည်။
“လက်နက်ကိုင် ခြိမ်းခြောက်ပြီး ပါတီတခုခုကို မဲပေးခိုင်းတာမျိုး ဆိုရင်တော့ နိုင်ငံသားတွေအနေနဲ့ သူတို့မဲပေးပိုင်ခွင့် ကို ပြည့်ပြည့်ဝဝ အသုံးချခွင့်ရတယ်လို့ မထင်ဘူး” ဟု ၎င်းက ဆိုသည်။
UEC က မဲစာရင်းများကို နိုင်ငံရေးပါတီများထံ တိုက်ရိုက်ပေးခြင်းမရှိဘဲ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများမှ တဆင့် ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား Memory Stick ဖြင့်ကူးပြီး ပေးကြောင်း၊ ပေးသည့် အချိန်ကာလမှာ ရွေးကောက်ပွဲနှင့် နီးကပ်လွန်းရာ မဲစာရင်းနှင့် ပတ်သက်၍ တစုံတရာ အငြင်းပွားဖွယ်ရှိ ပါက ပြောဆိုရန် အခက်ခဲရှိကြောင်း ဦးစိုင်းလိတ်က ရှင်းပြသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံ မထားတော့ခြင်းသည် လူဦးရေစာရင်းနှင့်တကွ မဲစာရင်းတိုက်ပြီးမှ မဲပေးသည့် အနေအထားသို့ ရောက်သွားသဖြင့် ပွင့်လင်းမြင်သာမှု အနည်းငယ် ပိုရှိလာသည်ဟု ယူဆရပြီး ကောင်းသည့် အနေ အထားတခုအဖြစ် ၎င်းက မှတ်ချက်ပြုသည်။
“ဒါပေမယ့် စောစောကပြောတဲ့ တပ်ရဲ့ မဲစာရင်း ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မသိဘဲနဲ့ အဲဒီလူတွေ ထွက် လာရုံနဲ့ကတော့ ကြိုတင်မဲဆိုတဲ့ စကားလုံးတလုံးနဲ့ ထပ်ပြီးတော့ ဒုက္ခရောက်အုံးမှာပဲ။ အဲဒါကြောင့်မို့ တပ်မဲစာရင်း ကတော့ ပိုပြီး လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ၊ အခန်း(၃) မဲစာရင်းများပြုစုခြင်း၊ ပုဒ်မ ၇ ပုဒ်မခွဲ(ခ)တွင် ဆန္ဒမဲပေးခွင့်ရှိ သည့် တပ်မတော်ကြည်း၊ ရေ၊ လေတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ အိမ်ထောင်စုဝင်များအတွက် မဲစာရင်းပြုစုရာ၌ ရပ်ကွက် (သို့) ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၏ တာဝန်နှင့်ပတ်သက်၍ ပုဒ်မခွဲငယ်များဖြင့် အသေးစိတ် ပြဋ္ဌာန်းထားသည်။
အဆိုပါ ပြဋ္ဌာန်းချက်အရ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း အခြေစိုက် လျက်ရှိသည့် တပ်ရင်းတပ်ဖွဲ့၊ တပ်ဌာနချုပ်များ၌ နေထိုင်ကြသော တပ်မတော် ကြည်း၊ ရေ၊ လေတပ်ဖွဲ့ဝင်များနှင့် ၎င်း တို့အိမ်ထောင်စုဝင်များ၏ အမည်များကို သက်ဆိုင်ရာ တပ်မှူး၏ အကူညီဖြင့် ၎င်းတို့တပ်ရင်းတပ်ဖွဲ့၊ တပ်ဌာနချုပ် တည်ရှိရာ ရပ်ကွက်၊ ကျေးရွာအုပ်စုတွင် မဲစာရင်းထည့်သွင်းရမည် ဖြစ်သည်။
သက်ဆိုင်ရာ တပ်တွင်း၌မနေဘဲ တပ်၏ပြင်ပ၌ နေထိုင်ကြသော တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များ၊ ၎င်းတို့ နှင့်အတူ နေထိုင်ကြသည့် အိမ်ထောင်စုဝင်များ၏ အမည်များကို ယင်းတို့နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု မဲစာရင်း ၌ထည့်သွင်း ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ဆက်စပ်ဖတ်ရှုရန်
၂၀၂၀ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလတွင် ကျင်းပမည်
၂၀၂၀ ရွေးကောက်ပွဲ ပါတီကြီးအချို့ ကြိုတင် ပြင်ဆင်