လာမည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲကို COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေများ အပေါ် မူတည်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်(UEC) တာဝန်ရှိသူများက ယမန်နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ယခင် ရွေးကောက်ပွဲများနှင့် မတူဘဲ COVID -19 ရောဂါ ဖြစ်ပွားနေသော ကာလ ဖြစ်သောကြောင့် ရွေးကောက်ပွဲ ကျင်းပ ခြင်း၊ မဲဆွယ်ဆည်းရုံးခြင်း၊ မဲပေးခြင်း၊ မဲရုံထားရှိမှု ကိစ္စရပ်များကို ကျန်းမာရေးနှင့်အညီဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပါအဝင် ဌာနပေါင်း ၈ ခု ပါဝင်သော အဖွဲ့တခုကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု UEC က ပြော သည်။
UEC ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က“ဘယ်လိုမဲဆွယ်ရမယ်။ ဘယ်လိုမဲပေးရမယ် ဒါတွေက အသေးစိတ်လာမှာ။ ကျန်း မာရေး ဝန်ကြီးဌာနတွေပါမယ်။ သူတို့ရဲ့ အကြံပေးချက်တွေ ယူမယ်။ ကျနော်တို့ဘာသာ ကျနော်တို့ သဘောနဲ့ မလုပ်ဘူး။ ကျန်းမာရေးဌာနက လိုလာပြီ”ဟု ပြောသည်။
နိုင်ငံတကာတွင် COVID -19 ကာလ ရွေးကောက်ပွဲ ကျင်းပခဲ့သည့် နိုင်ငံများလည်း ရှိပြီး ထိုနိုင်ငံများ၏ နည်းနာများကို ကိုလည်း အတုယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်ကာလ ကျင်းပမည့် ရွေးကောက်ပွဲတွင် ကျန်းမာရေးအရ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်အသစ်များလည်း ထွက်လာနိုင်သည်ဟု ဆိုသည်။
ထိုစည်းကမ်းချက်အသစ်များကို နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်များအားလုံး သိနိုင်ရန် ကြိုတင် အသိပေး ကြေငြာ မှုများ ပြုလုပ်သွားမည်ဟုလည်း သိရသည်။
ယခင်သတ်မှတ်ချက်တွင် လူဦးရေ ၃၀၀ မှ ၃၀၀၀ အတွင်း မဲရုံတရုံထားရန် စီစဉ် ထားသော်လည်း လူဦးရေ ၃၀၀၀ မှာ များပြားသည့် အရေအတွက် ဖြစ်သောကြောင့် မဲရုံများခွဲခြင်း၊ ရန်ကုန်မြို့ ရှိ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း ကဲ့သို့ နေရာ ကျယ်ပြန့်သည့် အားကစားကြီးကွင်းများတွင် နေရာချဲ့ ၍ ဆောင်ရွက်ခြင်းကဲ့သို့ ကိစ္စရပ်များကိုလည်း ကော်မရှင်က စဉ်းစားနေသည်ဟု သိရသည်။
COVID -19 ကာလတွင် ရောဂါကာကွယ်ထိန်းချုပ်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဌာနပေါင်းစုံ၏ လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့ရန် ကူညီဆောင်ရွက်ပေးနေသလို UEC ၏ လုပ်ဆောင်ရမည့် ဗိုင်းရပ်စ်ကာကွယ်ရေး ကိစ္စရပ်များကို လည်း မိမိတို့ဌာနအနေဖြင့် ပူးပေါင်းညှိုနှိုင်းဆောင်ရွက်မည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။
ဒေါက်တာ သန်းနိုင်စိုးက“အဓိကကတော့ ကျနော်တို့ ဒီဘက်က ပံ့ပိုးပေးတဲ့ဟာက ရောဂါကာကွယ်ရေးအပြင် တဘက် ကလည်း သက်ဆိုင်ရာ ဌာနတွေရဲ့ လုပ်ငန်းဆောင်တာတွေကို အောင်မြင်ချောမွေ့ ဆောင်ရွက်နိုင်ဖို့ ပံ့ပိုးပေးဖို့ ဝိုင်းဝန်း စဉ်းစား ညှိနှိုင်းဆောင်ရွက်မှာပါ”ဟု ပြောသည်။
ရွေးကောက်ပွဲကျင်းပသည့်ရက်တွင် COVID -19 ကာကွယ်ရေး အခြေခံအချက်များဖြစ်သော လူချင်း ခပ်ခွာခွာ မဲပေးနိုင်ရေး၊ လူစုလူဝေးသို့ သွားရာတွင် နှာခေါင်းစည်းများတပ်ဆင်ရေး၊ လက်ဆေးရမည့်နေရာများ စီစဉ်ခြင်း စသည့်အချက်များကို လုပ်ဆောင်ရမည်ဖြစ်သလို မဲပေးမည့် အခန်းကျယ်များစီစဉ်ပေးခြင်း၊ မဲဆန္ဒရှင် အသိပညာပေးခြင်း လုပ်ငန်းများကို လုပ်ဆောင်ရန်လိုအပ်သည်ဟု COVID-19 ကာလ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်နေသည့် ရန်ကုန်မြို့ ခံ ဒေါက်တာကျော်စွာဦးကပြောသည်။
ဒေါက်တာကျော်စွာဦးက“အဲဒီအခြေခံအချက်သုံးချက်ကို စီစဉ်တဲ့သူက သေချာစီစဉ်ထားကြမယ်။ ပြည်သူကလည်း လိုက် နာမယ်ပေါ့။ တချို့က ပိုပြီးတော့ ကိုယ့်ကိုယ်ကို ပိုကာကွယ်ချင်တဲ့သူကတော့ Face Shield တွေတပ်တာတို့ လက်အိတ် ဝတ်တာတို့လုပ်ကြတာလည်း လုပ်လို့ရတယ်”ဟု ပြောသည်။
စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ကလည်း ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် သဘောထား ကြေညာချက်တွင် ယခုရင်ဆိုင်ကြုံတွေ့နေရသည့် COVID-19 ကပ်ရောဂါ အခြေအနေများကြောင့် ဆန္ဒ မဲပေးကြမည့် ပြည်သူလူထု၏ ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးစနစ်များကို မြန်မာတနိုင်ငံလုံးတွင် တပြေးညီ စီစဉ်ထားရန် မဖြစ်မနေ စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ဘေးဒုက္ခသည်များ၊ ရောဂါကပ်ဘေး ဒုက္ခသည်များ၊ ပြည်တော်ပြန် အလုပ်သမားများ၊ ပြည်ပရောက် မြန်မာနိုင်ငံ သားများ လွပ်လပ်စွာ၊ ပိုမိုလွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေး အစီအမံများ ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည်ဟု အကြံပြု ထားသည်။
COVID -19 ကာလ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ရောဂါ မပြန့်ပွားရေး မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ၊ ပါတီများ၏ မဲဆွယ်စည်းရုံးရေးလုပ်ရမည့် အစီအစဉ်များနှင့် မဲရုံဝန်ထမ်းများ ရောဂါကူးစက်မခံရရေး လုပ်ဆောင်ချက်များလည်း အရေး ကြီးကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံညှိုနှိုင်းမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့တဖွဲ့ ဖြစ်သည့် PEACE အဖွဲ့ ၏ ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် ကပြောသည်။
“အဓိကကတော့ ရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံးမှာ ကူးစက်ရောဂါမပြန့်ပွားအောင်လုပ်မယ့် အစီအမံတွေက အရေးကြီးဆုံး ပဲ”ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်နှင့် ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ်တွင်မူ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားနေသည့် အခြေအနေများရှိသော်လည်း ယခုနှစ် နိုဝင်ဘာလတွင် ကျင်း ပရန် ပြင်ဆင်နေသည်ဟု သိရသည်။
UEC က ၂၀၂၀ ခုနှစ် မေလအတွင်း ထုတ်ပြန်ထားသောစာရင်းများအရ တည်ဆဲ မှတ်ပုံတင်ထားသည့် ပါတီ ၉၇ ပါတီရှိပြီး၊ ပြည်ထောင်စု တဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ၇၉ ပါတီ၊ တိုင်းဒေသကြီး/ပြည်နယ် တခုတည်းတွင်သာ စည်းရုံးမည်ပါတီ ၁၈ ပါတီ၊ ယာယီရပ်ဆိုင်းထားပါတီ ၃ ပါတီရှိသောကြောင့် လာမည့်ရွေးကောက်ပွဲတွင် ပါတီစုစုပေါင်း ၉၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ဖွယ်ရှိသည်။
၂၀၂၀ ခုနှစ် မတ်လထိ ပြုစုထားသော စာရင်းများအရ မဲပေးနိုင်သူဦးရေ ၃၇ သန်းကျော်ရှိပြီး ထိုစာရင်းတွင် တပ်မတော် သားနှင့် အတူနေ အိမ်ထောင်စုဝင်များ၏ အခြေခံမဲစာရင်းများ ထည့်သွင်းရန် ကျန်ရှိနေသေးကြောင်းနှင့် မဲဆန္ဒနယ်များ အလိုက် မဲပေးခွင့်ရှိသူများ၏ အမည်စာရင်းများကို ရွေးကောက်ပွဲမတိုင်မီ ကြေငြာပေးသွားမည် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
မန္တလေး၌ လာမည့်တပတ်အတွင်း ကိုဗစ်ပိုးစစ်နိုင်တော့မည်
စောဒေးဗစ်လား အမှုအား အမြန်ဆောင်ရွက်ရမည့် အမှုအဖြစ် သတ်မှတ်