သတင်း

ကိုဗစ်ကြောင့် အကြွေးနွံနစ်နေကြရတဲ့ အိမ်ရှင်မများ

Want create site? Find Free WordPress Themes and plugins.

“ညဆို အိပ်မပျော်ဘူး။ အိပ်ရင်း ထထိုင်မိတယ်။ ဒီအကြွေးကို ဘယ်လိုပုံစံနဲ့ ပြန်ဆပ်ရမလဲ စဉ်းစားမိတိုင်း အိပ်မပျော်ဘူး”

ရတက်မအေးဖွယ် စကားဆိုလိုက်သူက အသက် ၅၀ အရွယ် အိမ်ထောင်ရှင်မတဦးဖြစ်တဲ့ ဒေါ်အေးသန်ပါ။ သူမဟာ မကွေးတိုင်းဒေသကြီး၊ ကြာကန်အုပ်စု၊ လေးအိမ်ကျေးရွာမှာ နေထိုင်သူတဦးလည်း ဖြစ်ပါတယ်။

အသေးစား ချေးငွေလုပ်ငန်းကနေ ယူထားတဲ့ ချေးငွေကို သတ်မှတ်ချိန်အတိုင်း ပြန်မဆပ်နိုင်ရင် ဥပဒေအရ တရားစွဲခံရမှာ ကြောက်တဲ့အတွက် ဒေါ်အေးသန်းတယောက် နေ့နေ့ညည ခြောက်ခြားနေရတာပါ။

သာမန် လက်လုပ်လက်စား ဒေါ်အေးသန်းတို့မိသားစုဟာ သားသမီး ၅ ယောက်ရဲ့ ပညာရေး အသုံးစရိတ်၊ မီး ဖိုချောင်စရိတ်နဲ့ ကျန်းမာရေးစရိတ်တွေအတွက် ချေးငွေကို လှည့်သုံးရင်း ပြန်ဆပ်လိုက် ပြန်ယူလိုက်နဲ့ မိ သားစုဘဝကို ရပ်တည်ခဲ့ကြတာပါ။

ကိုဗစ် ၁၉ ရောဂါ မြန်မာနိုင်ငံမှာ မကူးစက်ခင်အထိ ကျဘမ်းအလုပ်ကနေ ရတဲ့ ဝင်ငွေရယ်၊ ဖားကန့်မှာ ကျောက် တူးလုပ်ငန်း သွားရောက်လုပ်ကိုင်နေတဲ့ ဒုတိယမြောက်သားဖြစ်သူက ပို့ပေးတဲ့ ငွေလေးရယ်နဲ့ ချေး ငွေကို ပုံ မှန် ပေးသွင်းရင်း ဒေါ်အေးသန်းတို့မိသားစု အိန္ဒြေမပျက်ခဲ့ပါဘူး။

ဒါပေမဲ့ လတ်တလော ကိုဗစ် – ၁၉ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် အသွားအလာတွေ ကန့်သတ်တာ ကြောင့် ပုံမှန်ကျဘမ်းအလုပ်လည်း မလုပ်ရတဲ့အပြင် ဖားကန့်မှာ လုပ်နေတဲ့ သားဖြစ်သူကလည်း အလုပ်ရပ် နားခံ လိုက်ရပါတယ်။ ခုဆို ငွေမလွှဲနိုင်တော့တာ ၂ လကျော် ရှိလာပါပြီ။

ဒီအတွက် အိမ်ရှင်မတဦးဖြစ်တဲ့ ဒေါ်အေးသန်းမှာ နေ့တဓူ၀ စားဝတ်နေရေးအပြင် အကြွေးဆပ်ဖို့အတွက်ပါ ခေါင်းမီး တောက်လာရပါတော့တယ်။

“အလုပ်မလုပ်ရတော့ ငွေမလွှဲနိုင်ဘူးလေ။ ဖားကန့်မှာဆိုတော့ သူ့ကျန်းမာရေးကို လှမ်းပူရတာ တမျိုး၊ ဒီ ဘက်မှာ အကြွေးမဆပ်နိုင်လို့ ပူရတာ တမျိုးနဲ့ တခါတလေ ထမင်းတောင် မစားမိပါဘူး” လို့ ဒေါ်အေးသန်း က ဆိုပါတယ်။

အမျိုးသမီးတွေ အိမ်မှာနေရင်း တပိုင်တနိုင် စီးပွားရေးလုပ်ကိုင်ဖို့အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ အသေး စား ငွေထုတ်ချေးမှုတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခု ကျော်ကတည်းက သူမတို့နေထိုင်ရာ မကွေးတိုင်းဒေသ ကြီး၊ ကြာကန်အုပ်စုကို ဝင်ရောက်လာခဲ့တာပါ။
ငွေထုတ်ချေးကြတဲ့ ကုမ္ပဏီတွေမှာ ချေးပေးတဲ့ပုံစံ ကွဲပြားခြားနားသလို၊ ငွေပမာဏ ထုတ်ချေးရာမှာလည်း ၃ ယောက်တစု၊ ၅ ယောက်တစု၊ ၁၀ ယောက်တစု စသဖြင့် တဦးတယောက်က ဦးဆောင်ခေါင်းခံကာ ဝိုင်းကြီး ချုပ်စနစ်နဲ့ ထုတ်ချေးကြတာ ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီးမှာ ကျေးရွာပေါင်း ၂၀၀ ကျော်ရှိပြီး အခုဆိုရင် ရွာတရွာကို ပုဂ္ဂလိက အသေးစား ချေး ငွေလုပ်ငန်း ကုမ္ပဏီ ၆ ခုနဲ့အထက် ဝင်ရောက်လုပ်ကိုင်နေတာ ရှိပါတယ်။

ကုမ္ပဏီ အများစုရဲ့ ချေးငွေအတိုးနှုန်းဟာ ငွေကျပ်တသိန်းကို ၂ ကျပ်ခွဲ အတိုးနှုန်းရှိပါတယ်။ ချေးငွေတွေကို ၁၄ ရက်တကြိမ် (သို့မဟုတ်) ၁ ပတ်တကြိမ်နှုန်းနဲ့ ချေးယူသူ အိမ်ရှင်မတွေဆီကနေ ပြန်လည်ကောက်ခံကြ ပါတယ်။

ဒေါ်အေးသန်းဟာ ချေးငွေကုမ္ပဏီတွေဆီကနေ လွန်ခဲ့တဲ့ ၁၉ နှစ်ကတည်းက ငွေကျပ် ၁၅၀၀၀ ( တသောင်း ခွဲ) နဲ့ စတင်ချေးယူခဲ့ရာကနေ ပြန်ဆပ်လိုက် ပြန်ယူလိုက်နဲ့ ခုဆို ချေးငွေ ၆ သိန်း အထိရှိနေပါပြီ။

ဒီလိုချေးငွေလုပ်ငန်းဟာ ခင်ပွန်းဖြစ်သူရဲ့ ထန်းတက်တဲ့အလုပ်နဲ့ပဲ စားဝတ်နေရေး မှီခိုနေကြရတဲ့ သူမတို့အ တွက် စစချင်းတော့ အသက်ရှူပေါက်တခုလို ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အခုလို ပေးစရာ ဝင်ငွေ မရှိတော့တဲ့အခြေအနေမှာတော့ ချေးငွေပြန်ပေးရမယ့် သတ်မှတ်ထားချိန် ရောက်တိုင်း အသက်ရှူရပ်မတတ် ခြောက်ခြားနေရတဲ့ ငရဲတခုလို ဖြစ်နေပါတော့တယ်။

အခုလို ချေးငွေ ယူထားပြီး ပြန်ဆပ်ဖို့ အခက်အခဲဖြစ်နေတာက ဒေါ်အေးသန်း တယောက်တည်းတော့ မဟုတ်ပါဘူး။

အတိုးနှုန်း နည်းတဲ့အတွက်ကြောင့် အိမ်ခြေ ၁၅၀ နီးပါးရှိတဲ့ ဒေါ်အေးသန်းတို့ကျေးရွာက အိမ်ထောင်ရှင်မ အများစုဟာလည်း ငွေချေးကုမ္ပဏီကနေ ချေးငွေယူထားကြတာပါ။

အများစုကတော့ ချေးငွေလေးနဲ့ တပိုင်တနိုင် စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အကြော်ဆိုင်၊ အသုပ်ဆိုင်၊ ကုန်စုံ ဆိုင်၊ ဝက်မွေး၊ ကြက်မွေး အစရှိတဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ခဲ့ကြတာပါ။

ဒီလိုလုပ်ကိုင်ရင်းကနေ ငွေပြန်ဆပ်တဲ့ အိမ်ရှင်မတွေရှိသလို ရန်ကုန်၊ မန္တလေးက စက်ရုံ အလုပ်ရုံတွေမှာ အ လုပ်လုပ်နေတဲ့ သားသမီးတွေရဲ့ ဝင်ငွေနဲ့ ပုံမှန်ပြန်ဆပ်နေတဲ့ အိမ်ရှင်မတွေလည်းရှိပါတယ်။
ဒါပေမယ့် ကိုဗစ် – ၁၉ ရောဂါကြောင့် ဆိုင်တွေပိတ်ထားလိုက်ရချိန်၊ စက်ရုံအလုပ်ရုံတွေ နားလိုက်ရချိန်မှာ တော့ အိမ်ရှင်မတွေအများစု ငွေပြန်သွင်းဖို့ အခက်ကြုံနေကြရပါတယ်။

“အလုပ်ကလည်း ဘာမှ မလုပ်ရဘူးလေ။ အကုန်ရပ်နေရတာ။ ကျမ သားဆို ရန်ကုန် ကားဝပ်ရှော့ဆိုင်မှာ လုပ်တာ။ အခုထိလည်း အလုပ် ပြန်မခေါ်သေးဘူးဆိုတော့ စားဖို့တောင် မလွယ်ဘူး” လို့ ချေးငွေယူထားသူ ကြာကန်ကျေးရွာမှ ဒေါ်မို့မို့ က ဆိုပါတယ်။

ကြာကန်ကျေးရွာအုပ်စု တစုတည်းမှာပဲ KEB Hana Microfinance Limited၊ Pact Myanmar Microfinance၊ Alliance ၊ Fullerton Finance Myanmar (ဖူလ်)လတန်၊ Sathapana Limited Myanmar၊ Microfinance DeHa International Company Limited နဲ့ PC Myanmar စတဲ့ အသေးစား ချေးငွေကုမ္ပဏီတွေ ဝင်ရောက် နေတာပါ။

ထုတ်ချေးလိုက်တဲ့ ပိုက်ဆံတွေ ပြန်ဆပ်ရမယ့်ရက် နီးကပ်လာတာနဲ့အမျှ ကုမ္ပဏီဝန်ထမ်းတွေက အိမ်ရှင်မ တွေဆီကို ကြိုတင်ဖုန်းဆက်ပြီး သူတို့ ပိုက်ဆံလာကောက်မယ့်ရက်ကို သတိပေးတာမျိုးတွေ ဆက်တိုက်ပြု လုပ်နေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီအနေနဲ့ အသေးစား ချေးငွေအဖွဲ့အစည်း တွေ အနေနဲ့ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ထားတာရှိသလို အသင်းဝင်တွေထံမှ ငွေကြေးအတင်းအကြပ် ပြန်ကောက်ခံတာကို တား မြစ်ထားတယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်ရေးဦးစီးဌာနမှ ညွှန် ကြားရေးမှူးချုပ် ဦးဇော်နိုင်က ပြောပါတယ်။

တနိုင်ငံလုံး ကိုဗစ်- ၁၉ ရိုက်ခတ်မှုကြောင့် ကုမ္ပဏီတွေဘက်ကလည်း ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ငွေကောက် ခံမှုတွေ ဖြေလျော့မှုရှိခဲ့ပေမယ့် မေလကနေ စတင်ပြီး ငွေကောက်ခံတဲ့ လုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင် နေတာ ဖြစ်ပါတယ်။

“စာရင်းတွေအရဆိုရင် တချို့ပေးချင်စိတ်ရှိပေမယ့် သူတို့မှာ ပေးဖို့ တကယ်မရှိတာ။ တချို့ကျတော့ ပေးစရာ ရှိလျှက်နဲ့ ကိုဗစ်ကို အကြောင်းပြတာ။ တချို့ကျတော့ ပိုက်ဆံထုတ်ကတည်းက ပေးချင်စိတ်မရှိဘူး။ အခု ကိုဗစ်အကြောင်းပြပြီး ထွက်ပြေးတာတွေလည်း ရှိတယ်” လို့ အမည်မဖော်လိုတဲ့ Microfinance ကုမ္ပဏီတခု မှ လက်ထောက်မန်နေဂျာ တဦးကပြောပါတယ်။

မြန်မာတနိုင်ငံလုံးမှာ Microfinance (အသေးစား) ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ လိုင်စင်ထုတ်ပေးထား တာ ၁၉၃ ခု ရှိပြီး လိုင်စင်အသစ်လျှောက်ထားတာ ၇ ခု ရှိတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာ န၊ ငွေရေးကြေးရေး ကြီးကြပ်ရေး ဦးစီးဌာနမှ သိရပါတယ်။

အသေးစားနဲ့အလတ်စား ငွေချေးလုပ်ငန်း (Microfinance) ကုမ္ပဏီတွေဆီကနေ ချေးငွေယူကြသူတွေထဲမှာ မကွေးတိုင်းဒေသကြီး၊ ကြာကန်ကျေးရွာက အမျိုးသမီးတွေသာမဟုတ်ဘဲ နိုင်ငံ အနှံ့အပြားမှာရှိတဲ့ အမျိုးသ မီး အတော်များများလည်း ချေးယူမှုတွေ ပြုလုပ်ကြပါတယ်။

ဒီချေးငွေလုပ်ငန်းတွေကြောင့် အိမ်ရှင်မတွေဟာ သူတို့ သား/ သမီးတွေ လုပ်အားခရတဲ့ ဝင်ငွေကို မစားရဘဲ၊ ယူထားတဲ့ ချေးငွေအတိုး ပြန်ဆပ်နေရတာနဲ့တင် ရာသက်ပန် အတိုးပေးနေရသလို ဖြစ်နေတာကြောင့် အကြွေးနွံ နစ်သထက် နစ်ဖို့သာရှိတယ်လို့ ကြာကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စိုးက ဆိုပါတယ်။

“တဖြေးဖြေး ဒုက္ခရောက်ဖို့ပဲရှိတယ်။ ကိုယ့်လုပ်စာကို မစားရတော့ဘူး။ အခုကိစ္စကို ဖြေရှင်းမယ့် နည်းလမ်း ကတော့ ချေးငွေကို ရပ်တန့်လိုက်တာ အကောင်းဆုံးပါပဲ” လို့ ဦတင်စိုးက ပြောပါတယ်။

ဒီလိုချေးငွေဆပ်ဖို့ အဆင်မပြေမှုတွေကြောင့် ကြာကန်ကျေးရွာကို လာရောက်ချေးပေးထားတဲ့ ကုမ္ပဏီတွေ အကုန်လုံး တလတန်စေ၊ နှစ်လတန်စေ အချိန်စောင့်ပေးဖို့အတွက် အိမ်ရှင်မတွေစုစည်းပြီး ကုမ္ပဏီတွေထံ မှာ မေတ္တာရပ်ခံနေကြပါတယ်။

“ချေးငွေယူတာ အနှစ် ၂၀ ရှိပြီ။ အခုလိုမျိုး ပြန်မဆပ်နိုင်တာ တခါမှ မဖြစ်ဖူးဘူး။ မပေးချင်တာ မဟုတ်ဘဲ ပေးဖို့ မရှိတာပါ။ ကိုယ်ပဲ မဆပ်နိုင်တာ မဟုတ်ဘူးနော်။ ယူထားတဲ့ သူတွေ အကုန်လုံးနီးပါး မဆပ်နိုင်တာ။ အခုအခြေအနေမှာ စားဖို့တောင် အနိုင်နိုင်ဖြစ်နေကြတာ” လို့ ကြာကန်ကျေးရွာမှာ နေထိုင်သူ ဒေါ်ဥမ္မာခင်က ပြောပါတယ်။

ချေးငွေ ပြန်ဆပ်ရမယ့်ကာလအား ဇွန်လအထိ ဆိုင်းငံ့ထားဖို့ကို တောင်းဆိုထားပေမယ့်လည်း ကုမ္ပဏီတွေ ဘက်က အဖြေတစုံတရာပေးတာ မရှိသေးတဲ့အပြင် ကိုဗစ် – ၁၉ ရောဂါကြောင့် အလုပ်အကိုင်တွေ ရှားပါးနေ သ၍ ဘယ်လိုပြန်ဆပ်ရမလဲဆိုတာကို ဒေါ်အေးသန်းအပါအဝင် ချေးငွေယူထားတဲ့ အမျိုးသမီးတွေကတော့ ခုချိန်ထိ စိုးရိမ်နေရဆဲဖြစ်ပါတယ်။

“တောင်းဆိုထားတဲ့ ၆ လပိုင်းပြည့်လို့ ပြန်ဆပ်ရမယ့် အချိန်ရောက်ရင် ဒီရောဂါကြီး မပြီးသေးရင် ဘယ်လိုဆပ်ရမလဲ၊ တွေးလေ အိပ်လို့မပျော်လေပါပဲ” လို့ ဒေါ်အေးသန်းက ပြောပါတယ်။

ဤဆောင်းပါးကို hiburma.net မှ ကူးယူဖော်ပြခြင်းဖြစ်သည်။

You may also like these stories:

COVID-19 နှင့် ယှဉ်တွဲ နေထိုင်ခြင်း

Did you find apk for android? You can find new Free Android Games and apps.
Loading