အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ စစ်တွေခရိုင် ဥက္ကဋ္ဌ ဦးသင်္ခါကျော်မှာ ဇွန်လ ၁ ရက် ရက်စွဲဖြင့် ပါတီဝင် အဖြစ်မှ နုတ်ထွက်စာ တင်လိုက်ကြောင်း သတင်း ရရှိသည်။
ခရိုင် ဥက္ကဋ္ဌ ဦးသင်္ခါကျော်က “ဒီလ ၁ ရက်နေ့ကတည်းက ခရိုင် ဥက္ကဋ္ဌ တာဝန်ကရော၊ ပါတီဝင် အဖြစ်ကပါ နုတ်ထွက်စာ တင်လိုက်ပြီ။ နုတ်ထွက်တာကတော့ ကျန်းမာရေး အကြောင်းပြချက်နဲ့ ထွက်လိုက်တာ။ ပါတီ ဗဟိုကိုရော ပြည်နယ်ကိုရော စာပို့လိုက်ပြီ” ဟု ဧရာဝတီသို့ ပြောသည်။
NLD ပါတီ စစ်တွေခရိုင် ဥက္ကဋ္ဌ ဦးသင်္ခါကျော်သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ထုတ်ဝေသည့် ရွှီပြည်ရခိုင် စာ စောင်တွင် စာတည်းမှူးအဖြစ် ၂၀၁၈ ခုနှစ်အတွင်းက ခန့်အပ်ခံခဲ့ရသူလည်း ဖြစ်သည်။
ပါတီက နုတ်မထွက်မီ မေလ ၁၄ ရက်က ၎င်းမှာ ရွှီပြည်ရခိုင်စာစောင် စာတည်းမှူး အဖြစ်မှ အကြောင်းပြချက် တစုံတရာ မရှိဘဲ ရပ်စဲခံလိုက်ပြီး ၎င်းနေရာတွင် NLD ပါတီမှ စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးစံရွှေကျော်အား အစားထိုးလိုက်ကြောင်း လည်း ပြောပြသည်။
ဦးသင်္ခါကျော်က “မေလ ၁၄ ရက်က စည်ပင်ဝန်ကြီးရုံးက ဝန်ထမ်း တယောက်က ဖုန်းဆက်တယ်။ ရွှွီပြည်ရခိုင် စာတည်း မှူးနေရာကို လူစားလဲမယ်လို့ ဝန်ကြီးက ပြောတယ်လို့ ပြောတယ်။ အသိပေးတယ်ပေါ့။ ဖြုတ်လိုက်တဲ့ သဘောပဲ။ ဦးလေး က ပြောတယ်။ ဝန်ကြီးကို တချက်မေးလိုက်မယ်ဆိုတော့ သူက ဖုန်းဆက်လို့ ရမှာ မဟုတ်ဘူး၊ ကပ်ဘိနက် အစည်းအဝေး ဝင်သွားတယ်လို့ ပြောတယ်။ ဒီကိစ္စတွေက ဝန်ကြီးချုပ် သဘောမတူဘဲ လုပ်လို့မရဘူး။ ကပ်ဘိနက်မှာ အတည်ပြုလိုက်ပြီး တော့ ဦးလေးလည်း ထပ်မမေးတော့ဘူး” ဟု ဆိုသည်။
ရွှီပြည်ရခိုင် စာစောင်သည် ရခိုင်တိုင်းရင်းသား ဘာသာစကားနှင့် ရေးသားထုတ်ဝေသည့် စာစောင်တခု ဖြစ်ပြီး စာမျက်နှာ ၄ မျက်နှာ ပါရှိကာ အပတ်စဉ် ဗုဒ္ဓဟူး နေ့တိုင်း နိုင်ငံပိုင် မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ၌ အချပ်ပိုအနေဖြင့် ထည့်ကာ ရခိုင်ပြည်နယ်ရှိ မြို့နယ် အသီးသီးသို့ ဖြန့်ချိကြောင်းလည်း သိရသည်။
ထိုစာမျက် ၄ မျက်နှာတွင် အစိုးရ အဖွဲ့ ဆောင်ရွက်ချက်များ၊ ကဗျာ၊ ကာကွန်း၊ ဆောင်ပါး၊ ဝတ္ထုကဏ္ဍများလည်း ပါဝင် သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက စာမျက်နှာ ၄ မျက်နှာ ပါရှိသည့် ရွှီပြည်ရခိုင် စာစောင်ကို ထုတ်ဝေ ဖြန့်ချိရန် စာတည်းအဖွဲ့ဝင်များအဖြစ် စာရေးဆရာ သိန်းနောင်၊ စာရေးဆရာ ဘဂျီးကျော်၊ စာရေးဆရာ လေးဝတီ ထွန်းစောခိုင်နှင့် ဝန်ထမ်း ၁ ဦး စုစုပေါင်း ၄ ဦးကို ခန့်အပ် တာဝန်ပေးခဲ့သည်။
၂၀၁၈ ခုနှစ် မတ်လအတွင်း စာတည်းအဖွဲ့ ၃ ဦးကို တာဝန်မှ ရပ်စဲခဲ့ပြီး NLD ပါတီမှ စစ်တွေခရိုင် ဥက္ကဋ္ဌ ဦးသင်္ခါကျော်၊ ဦးမောင်သိန်းဖြူ (ခ) စာရေးဆရာ ဂေါယာမြေ စောဝင်းနှင့် စာရေးဆရာမ ဒေါ်နန်းစံ တို့ကို အစားထိုး ခန့်အပ်ခဲ့ကြောင်း လည်း သိရသည်။
လက်ရှိအချိန်တွင် စာတည်းမှူးအဖြစ် NLD ပါတီမှ စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးစံရွှေကျော်၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မ ရှင် အဖွဲ့ဝင်လည်းဖြစ်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်လည်းဖြစ် ဂေါယာမြေ စောဝင်း (ခ) ဦးမောင်သိန်းဖြူ၊ ဒေါ် ခိုင်နန်းစံ တို့က တာဝန်ယူ လုပ်ကိုင်နေကြောင်းလည်း သိရသည်။
NLD ပါတီအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် လူထု ထောက်ခံမှု ရရှိလာအောင် ကြိုးပမ်း လုပ်ကိုင်နေ သောအချိန်တွင် စစ်တွေခရိုင်အတွင်း ပါတီဝင် အချင်းချင်းကြားတွင် သဘောထား ကွဲလွဲမှုတချို့ ဖြစ်ပေါ်နေကြောင်းလည်း ပါတီနှင့်နီးစပ်သူ တချို့ထံမှ ကြားသိရသည်။
NLD ပါတီမှ စစ်တွေခရိုင် အတွင်းရေးမှူး ဦးကောင်းစံလှ သည်လည်း ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက ပါတီတာဝန်မှ နုတ်ထွက်ခဲ့သည်။
ဦးကောင်းစံလှက “ကျနော်က မိသားစု စားဝတ်နေရေး ရှိတယ်။ ပါတီ တာဝန်ကို ထမ်းဆောင်ဖို့ အခက်အခဲ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နုတ်ထွက်လိုက်တာ။ အခု ခရိုင် ဥက္ကဋ္ဌ ထွက်တာနဲ့ ပတ်သက်လို့ ကျနော်ကလည်း ပါတီက နုတ်ထွက် ထားတဲ့ ကြာနေပြီ ဖြစ်တဲ့အတွက် ပါတီကိစ္စကိုတော့ တစုံတရာ မှတ်ချက် မပေးလိုတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တွေခရိုင် ဥက္ကဋ္ဌ ဦးသင်္ခါကျော် ပါတီမှ နုတ်ထွက်သည့် ကိစ္စနှင့်ပတ်သက်ပြီး ဧရာဝတီမှ NLD ပါတီမှ ရခိုင်ပြည်နယ် ဒု ဥက္ကဋ္ဌ ဦးစိုးလေးအား ဆက်သွယ်ခဲ့ရာ အစည်းအဝေး လုပ်နေသည့်အတွက် အလုပ်မအားကြောင်း ပြန်လည် ဖြေကြားခဲ့ သည်။
NLD ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်အား ဆက်သွယ်ခဲ့သော်လည်း အဆိုပါ ကိစ္စအား ၎င်း အနေဖြင့် မသိရှိသေးကြောင်း တုံ့ပြန် ဖြေကြားသည်။
NLD စစ်တွေခရိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသင်္ခါကျော် အနေဖြင့် ကျန်းမာရေးကိစ္စ အပါအဝင် ပါတီတွင်း တချို့သော ပြဿနာတို့ကြောင့် နုတ်ထွက်ခြင်းဖြစ်ကာ၊ ပါတီတာဝန် ပြန်လည် ထမ်းဆောင်ရန် ကမ်းလှမ်း ညှိနှိုင်းလာမည် ဆိုလျှင်လည်း မထမ်းဆောင်တော့ရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်းလည်း ပြောဆိုသည်။
ဦးသင်္ခါကျော်သည်၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် စစ်တွေမဲ ဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ရွေးချယ်ခံခဲ့သူလည်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးတာ NLD မှာ အတွေ့အကြုံ များပြီ
ရခိုင်ပဋိပက္ခ မည်သည့်ရှုထောင့်ကမဆို အခြေအနေ ပိုဆိုးရွားနေ