အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရ လက်ထက်တွင် လျှပ်စစ် ဓါတ်အားခ (မီတာခ)များ တိုးကောက်သော် လည်း လျှပ်စစ်ကဏ္ဍတွင် ဓါတ်အားထုတ်လုပ်မှုစရိတ်မှ အနည်းဆုံး ကျပ်ဘီလီယံ ၁၀၀ အထိ အရှုံးပေါ်နေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။
ယနေ့ နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတနှစ်တာ ကာလအ တွင်း ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
၎င်းတို့ ဝန်ကြီးဌာနသည် ဓာတ်အားထုတ်လုပ်မှုအပေါ် နှစ်စဉ် ကျပ်ဘီလီယံ ၇၀၀ ခန့် စိုက်ထုတ်သုံးစွဲခဲ့ရာ၂၀၁၉ ခုနှစ်၊ ဇူ လိုင်လတွင် ဓာတ်အားခနှုန်းထားတချို့ ပြင်ဆင်နိုင်ခဲ့သဖြင့် ယခင်ကလောက် အရှုံးမပေါ်သေးသော်လည်း ဆက်လက် အရှုံးပြနေဆဲဟု ဆိုသည်။
ဦးတင်မောင်ဦးက“ဒီနှစ်မှာတော့ ကျနော်တို့က မြတ်တယ်လို့ မပြောပါဘူး။ ရှုံးတော့ ရှုံးတယ်။ ဒါပေမယ့် အရှုံးနည်း သွား ပါပြီ။ အရင်လိုတော့ မရှုံးပါဘူး။ တနှစ်လုံးမှ ဘီလီယံ ၁၀၀၊ ၂၀၀ ပတ်ဝန်းကျင်လောက်တော့ ရှုံးနိုင်ပါသေးတယ်”ဟု သ တင်းထောက်များကို ပြောသည်။
အစိုးရက ယခုဘဏ္ဍာနှစ်တွင် လျှပ်စစ်ကဏ္ဍမှ ကျပ် ၃၂ ဘီလီယံ အမြတ်ငွေရရှိရန် ခန့်မှန်းထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုနှစ်တွင် မိုးနောက်ကျသဖြင့် ဆည်ရေ ရရှိမှု နည်းသည့်အခါ ရေအားလျှပ်စစ် လိုသလောက် မထုတ်နိုင်မီ သဘာဝ ဓါတ်ငွေ့ကို ပိုမိုမောင်းနှင်ရသဖြင့် ယခုလို အရှုံးနှင့် ဆက်၍ ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှ ထုတ်လုပ်လျက်ရှိရာ အစိုးရပိုင် ရေအား လျှပ်စစ်မှ တယူနစ်လျှင် ၁၂ ကျပ်၊ ပုဂ္ဂလိကပိုင် ရေအားလျှပ်စစ်မှ ၇၂ ကျပ်၊ နေရောင်ခြည် စွမ်းအင်မှ ထုတ်ယူပါက ၁၉၅ ကျပ်၊ အပူစွမ်းအင်မှ ထုတ်ယူပါက ကျပ် ၁၅၀နှင့် ၁၉၀ ကြားတွင် ကျသင့်ကြောင်း အထက်ပါ အရာရှိက ပြောသည်။
မီတာခ တိုးမကောက်မီက ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့ရာမှာ မီတာခ တိုးကောက်သည့်အခါ အရှုံးသက်သာသည်ဟု ပြော နိုင်ကြောင်း၊ ဝန်ကြီးဌာနသည် ဓါတ်အားလိုင်းများ တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်းတို့တွင် ပြုပြင်ပြောင်းလဲနိုင်သော် လည်း ဖြန့်ဖြူးရေး အပိုင်းတွင် အားမရကြောင်း ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ ဖြိုးရေး တိုးတက်ရေး ကော်မ တီ အတွင်းရေးမှူး ဦးနေမျိုးထက်က ပြောသည်။
“လုပ်သင့်လုပ်ထိုက်တာတွေကို မြန်မြန် မလုပ်ဘူး။ ဥပမာ မီတာကိစ္စဆိုရင် ကျနော်တို့က Analog မီတာတွေပဲ ဆက်သုံး နေမယ်ဆိုရင် ရှုံးတာက ဓါတ်အားပျောက်ဆုံးမှုတွေကြောင့် ရှုံးတာလည်း ပါမယ်။ ဖြန့်ဖြူးရေးကို သေချာ မကိုင်တွယ်နိုင်ရင် တော့ အိပ်ပေါက်နဲ့ ဖားကောက် ဖြစ်နေမှာပဲ”ဟု ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်က ပြောသည်။
၎င်းအနေဖြင့် လွှတ်တော်တွင် မေးခွန်းများ မေးမြန်း၍ ဒစ်ဂျစ်တယ်မီတာ တပ်ခိုင်းနေသည်မှာ ၂ နှစ်ခန့် ရှိပြီး ဖြစ်ကြောင်း၊ ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်ကလည်း ကျောက်တံတားမြို့နယ်တွင် တပ်ဆင်မည်ဟု ကတိပြုပြီး ဖြစ်ကြောင်း၊ သို့သော် လက်တွေ့တွင် ဖြစ်မလာသေးကြောင်း ဆိုသည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်အားပျောက်ဆုံးမှုများလည်း ရှိနေရာ ပျမ်းမျှ ၁၅ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်း အထိ တွေ့ ရှိရသဖြင့် ဓာတ်အားပျောက်ဆုံးမှုများသည့် မြို့ နယ်များသို့ စစ်ဆေးရေးအဖွဲ့များဖွဲ့စည်း၍ ကွင်းဆင်းဆောင်ရွက် လျက်ရှိပြီး ဝန်ထမ်းများ ပါဝင်ပတ်သက်မှု ရှိပါကလည်း အရေးယူမည်ဟု လျှပ်စစ်နှင့် စွမ်းအင် အရာရှိများက ပြောသည်။
မြန်မာနိုင်ငံတွင် ယခုနှစ်အထိ လျှပ်စစ်စွမ်းအင် အရင်းအမြစ်ပါဝင်မှု အချိုးအစားများနှင့် ဓာတ်အားသုံးစွဲမှုများအနေဖြင့် စုစုပေါင်း တပ်ဆင်အင်အား ၆၀၃၄ မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ်ဖြင့် ၃၂၆၂မဂ္ဂါဝပ် (၅၄) ရာခိုင်နှုန်း ၊သဘာဝ ဓာတ်ငွေ့ ဖြင့် ၂၄၉၆ မဂ္ဂါဝပ် (၄၁) ရာခိုင်နှုန်း၊ ကျောက်မီးသွေးဖြင့် ၁၂၀ မဂ္ဂါဝပ် (၂) ရာခိုင်နှုန်း၊ ဒီဇယ်ဖြင့် ၁၁၆မဂ္ဂါဝပ် (၂) ရာခိုင်နှုန်း နှင့် နေရောင်ခြည်ဖြင့် ၄၀ မဂ္ဂါဝပ် ၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသည် လာမည့် ၂၀၂၁ ခုနှစ်တွင် တနိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅ -၂၀၂၆ ခုနှစ်တွင် တနိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း ပြည့်သုံးစွဲနိုင်ရန် ရည်မှန်းချက် ထား ဆောင်ရွက်နေခြင်း ဖြစ်သည်။