ထိန်းသိမ်းထားသူ ရာနှင့်ချီ၍ COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် မလေးရှားအစိုးရက လက်ရှိအချိန်တွင် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းထားသော လူ ၃၀၀၀ ကျော်ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ဆန္ဒရှိနေသည်ဟု မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူတဦး၏ အဆိုအရ သိရသည်။
ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လည်ပို့ဆောင်ရန် မလေးရှားနိုင်ငံက ဆန္ဒရှိကြောင်း သံရုံးသို့ အကြောင်းကြားခဲ့ပြီး ၎င်းတို့ကို သယ်ယူပို့ဆောင်ရေး စင်းလုံးငှား လေယာဉ်များ စီစဉ်ပေးမည် ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်ဟု ကွာလာ လမ်ပူရှိ မြန်မာသံရုံးမှ သံရုံးအုပ် ဦးကိုကိုလွင်က ဧရာဝတီသို့ ဇွန်လ ၈ ရက် နေ့က ပြောကြားခဲ့သည်။
မလေးရှားတွင် အာဏာပိုင်များက ဖမ်းမိသော စာရွက်စာတမ်း အထောက်အထားမဲ့ နိုင်ငံခြားသားများကို ပုံမှန်အားဖြင့် တိုင်းပြည်အတွင်း တရားမဝင်နေထိုင်ခြင်းနှင့် အလုပ်လုပ်ခြင်းအတွက် နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ထောင် ဒဏ် ၃ လမှ ၆ လအထိ ချမှတ်လေ့ရှိသည်။ ထောင်ဒဏ်ကျခံပြီးနောက် သူတို့၏ အထောက်အထားနှင့် နိုင်ငံသားဖြစ်မှုကို သက်ဆိုင်ရာသံရုံးများက အတည်ပြု ပေးနိုင်သည့် ကာလအထိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းထားလေ့ရှိသည်။
ဇွန်လ ၄ ရက်နေ့တွင် မလေးရှားကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullah က ထိုနေ့တွင် COVID-19 ဖြစ်ပွားမှုအသစ် ၂၇၇ ခုကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့ထဲမှ ၂၇၀ မှာ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းထားသည့် နိုင်ငံခြားသားများ ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။
ထိုတွေ့ ရှိမှု မတိုင်မီတွင် မေလ ၂၁ ရက်နေ့က Bukit Jalil လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း၌ နိုင်ငံခြားသား ၃၅ ဦး တွင် COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီး ၎င်းတို့ထဲမှ ၁၇ ဦး မှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက မလေးရှား နိုင်ငံတလွှားမှ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ၁၁ ခုတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသားများဖြစ်သည်ဟု သူတို့က ဖော်ပြသော လူ ၃၀၀၀ ကျော်ကို ပြန်ပို့ရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သံရုံး တာဝန်ရှိသူ၏ အဆိုအရ သိရသည်။
“သူတို့က အမှန်တကယ် မြန်မာနိုင်ငံသားတွေ ဟုတ်သလား ဆိုတာကို ကျနော်တို့က ဆုံးဖြတ်ရပါမယ်” ဟု ဦးကိုကိုလွင် ကပြောသည်။
ပြီးခဲ့သည့်တကြိမ်တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း၌ မြန်မာနိုင်ငံသားများအဖြစ် မှတ်ပုံတင်ထားသည့် ထိန်းသိမ်းခံထားသူ ၂၀၀ အနက် တဝက်က မြန်မာနိုင်ငံမှ မဟုတ်ကြောင်း မြန်မာအာဏာပိုင်များက တွေ့ ရှိခဲ့ရသည်ဟု သူက ပြောသည်။
မလေးရှားအစိုးရက နိုင်ငံတွင်း ခရီးသွားလာခြင်းအတွက် COVID-19 ကန့်သတ်ချက်များကို ဖြေလျှော့ပေးလိုက်သည်နှင့် တပြိုင်နက် သံရုံးအရာရှိများက နိုင်ငံသား စိစစ်မှုများ ပြုလုပ်ရန် မလေးရှား နိုင်ငံတလွှားရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်း ရေးစခန်း ၁၁ ခုသို့ သွားရောက်ရန် စီစဉ်နေကြသည် ဟု သူက ထပ်ပြောသည်။
ထိန်းသိမ်းရေး စခန်းများ တွင် COVID-19 ကူးစက် ပျံ့နှံ့မှု သတင်းများကြောင့် စစ်ဆေး အတည်ပြုခြင်း လုပ်ငန်းစဉ်က ထပ်မံ နှောင့်နှေးခဲ့ရသည်။
ဦးကိုကိုလွင်၏ အဆိုအရ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း အတည်ပြုပြီးသူများကို ပြန်လည်ခေါ်ယူသွားမည် ဖြစ်သည်။
မေလ ၁၁ ရက်နေ့တွင် အကျဉ်းထောင်မှ လွတ်လာပြီးနောက် မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၃၉၁ ဦး ကို မလေးရှားအစိုးရက ပံ့ပိုးပေးသည့် စင်းလုံးငှား လေယာဉ် ၂ စီး ဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်။
ထို ၃၉၁ ဦးအနက် မှ ၄ ဦးသည် COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ ရှိခဲ့ရသည်။
မေလ ၈ ရက်မှ စ၍ ထိန်းသိမ်းခံထားသူ ၃၉၁ ဦး အပါအဝင် မြန်မာနိုင်ငံသား ၅၉၁ ဦး ကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဌာန၏ အဆိုအရ သိရသည်။
မြန်မာရွှေ့ပြောင်း လုပ်သားရေး တက်ကြွလှုပ်ရှားသူနှင့် ကွာလာလမ်ပူအခြေစိုက် Kathpone နာရေး ကူညီမှု အသင်း ဥက္ကဌ ဦးစန်းဝင်းက မလေးရှားနိုင်ငံက အထောက်အထားမဲ့နိုင်ငံခြားအလုပ်သမားများ အပေါ် ဖြိုခွဲမှုများ ဆက်လက် ပြုလုပ် နေသည့် အချိန်၌ COVID-19 အတွက် ပိတ်ဆို့မှုများဖြင့် ကြုံတွေ့နေရသည့် အထောက်အထားမဲ့ မြန်မာ အလုပ်သမားများကို အစိုးရက ကူညီသင့်ကြောင်း ဧရာဝတီသို့ ဇွန်လ ၈ ရက် နေ့က ပြောကြားခဲ့သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် COVID-19 မဟုတ်သည့် ကျန်းမာရေး ပြဿနာများရှိသူများ အပါအဝင် အထောက်အထားမဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား အများအပြားသည် COVID-19 အကျပ်အတည်းကြောင့် သူတို့၏ အလုပ်များ ဆုံးရှုံးခဲ့ရ ပြီး နောက်တွင် ဘဝရပ်တည်ရေး အခက်အခဲဖြစ်နေကြရသည်ဟု ဦးစန်းဝင်း က ပြောသည်။
မလေးရှားရှိ မြန်မာနိုင်ငံသား ၄၀၀ ခန့် က မြန်မာအစိုးရ စီစဉ်နေသောပြန်လည် ပို့ဆောင်ရေး လေယာဉ်များဖြင့် အိမ်ပြန်ရန် မှတ်ပုံတင်ထားကြောင်း မြန်မာသံရုံးမှ တာဝန်ရှိသူများက ပြောသည်။
ဇွန်လ ၈ ရက်နေ့အထိ သေဆုံးသူ ၆ ဦး နှင့် ပြန်လည် သက်သာ လာသူ ၁၅၆ ဦး အပါအဝင် မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၂၄၃ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
(Zaw Zaw Htwe ၏ Malaysia Seeks to Deport 3,000 Detained Illegal Immigrants to Myanmar ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုလည်း ကူညီပါ
မလေးရှား သံရုံးရှေ့ စွန့်ပစ်ခံရသည့် မြန်မာ လုပ်သားများကိစ္စ အရေးယူမည်
မလေးရှားတွင် ဒုက္ခကြုံနေရသည့် မြန်မာလုပ်သားများအရေး မေးမြန်းချက်