အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂ ခုဖြင့် တရားစွဲထားသော AA နှင့် ပတ်သက်သည်ဟု သံသယရှိသူ ၆ ဦးအား ယနေ့ မန္တလေးခရိုင်တရားရုံး၌ စွဲချက်တင် အမိန့်ချလိုက်သည်။
၎င်းတို့မှာ အဆိုပါ ၆ ဦးမှာ AA အဖွဲ့မှ ဒုအရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ၊ ဒုတပ်ကြပ် ချမ်းငြိမ်း၊ ဒုတပ်ကြပ် မြတ်ခိုင်တို့ ဖြစ်ပြီး၊ အခြားသူများမှာ ကျောက်အရောင်းအဝယ် လုပ်သည့် မိုးကျော် (ခ) ဦးမိုးကျော်၊ ဦးဝင်းသိန်း၊ ကားဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့ဖြစ်သည်။
၂၀၁၉ ခုနှစ် စက်တင်ဘာက ချမ်းမြသာစည်မြို့နယ် မြို့သစ် ၅ ရပ်ကွက်ရှိ နေအိမ်မှ တအိမ်မှ ယမ်းတုံးဟု ယူဆရသည့် အထုတ် ၂၈ထုတ်၊ ဒီတိုနေတာ ၁ထောင်၊ ဖယောင်းချောင်း ၃၅ ချောင်း၊ စက္ကူဖြူ ၁၅ လိပ်၊ စက္ကူညို ၁ ထုပ်၊ ယမ်းဖြူဟု ယူဆရသော ဆာလာအိတ် ၅ အိတ်၊ ဂြိုဟ်တုဖုန်းအသစ် အလုံး ၄၀၊ ရုရှားထုတ်မှန်ပြောင်း ၃၀ ခု တို့နှင့် အတူ ယင်း AA လက်နက်ကိုင်တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယင်းအမှုကို ထိုနှစ် အောက်တိုဘာ ၈ ရက်မှ စတင်ကာ မန္တလေးခရိုင်တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့ရာ ယနေ့ အထိ ရုံးချိန်းစုစုပေါင်း ၂၁ ကြိမ် ရှိပြီဖြစ်ပြီး ယနေ့ တရားလိုပြ သက်သေအားလုံး စစ်ဆေးပြီးနောက် စွဲချက် အမိန့် ချလိုက် ခြင်းဖြစ်သည်။

မန္တလေးခရိုင်တရားရုံး သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးကျော်ကျော်မိုးက “ပုဒ်မ ၅၂ (က) အရ တရားလိုပြသက်သေ ၁၉ ဦးကို စစ်ဆေးပေါ်ပေါက်ချက်အရ အကြမ်းဖက်အုပ်စုတစုတွင် သိလျက်နဲ့ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ငြိစွန်း ချက် ၁ ချက်နဲ့ ၅၁ (ဂ) အရ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှု ကျုးလွန်ရန် ပေါက်ကွဲစေတတ်သော ဝတ္ထု ပစ္စည်း များအား ဖြန့်ဖြူးခြင်း၊ ပေးကမ်းခြင်း (သို့မဟုတ်) လက်ဝယ်ထားခြင်းတို့ပြုခဲ့တယ်ဆိုတဲ့ သက်သေခံချက် တွေရှိလို့ တရားခံ ၆ ဦးလုံးကို စွဲချက်တင်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ဇွန်လ ၂၃ ရက်တွင် မန္တလေးခရိုင်တရားရုံး၌ ထပ်မံစစ်ဆေးမည်ဖြစ်ပြီး အမှတ်(၁၁) နယ်မြေရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဇော်နိုင်နှင့် အမှတ်(၁၁) မှုခင်းတပ်ဖွဲ့စု(မန္တလေး)မှ အမှုစစ် ရဲအုပ် သိန်းအောင်နိုင် တို့အား ပြန်ခေါ်သက်သေအဖြစ် ထပ်မံ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁ (ဂ) သည် ပုဒ်မ ၃၉ ပုဒ်မခွဲ(ဂ)ပါ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု ကျူး လွန်ရန် (သို့မဟုတ်) အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှု ကျုးလွန်ရာတွင် အားပေးကူညီရန် ပေါက်ကွဲစေတတ် သော ဝတ္ထုပစ္စည်း၊ ဗုံး (သို့) လက်နက်ကို ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှု၊ ပေးကမ်းမှု (သို့) လက်ဝယ် ထားရှိပါက အနည်းဆုံး ထောင်ဒဏ် ၅နှစ်မှ ၁၀နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။
အလားတူ ဥပဒေပုဒ်မ ၅၂ (က) အရ ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ခုနှစ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။
ဆက်စပ်လင့်-
AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖကို တရားစွဲနိုင်ရေး ရဲတပ်ဖွဲ့ ဆက်ကြိုးပမ်းနေ
မန္တလေးတွင် AA နှင့် ဆက်နွယ်သည်ဟု သံသယရှိသူများအမှု တရားလိုပြ သက်သေကို စစ်ဆေး