ပုဂံ လောကထိပ်ပန်ဘုရား အဝင်တံခါး မီးရှို့ခံရ
ပုဂံခေတ်၏ လက်ရာပြောင်မြောက်လှသော နံရံဆေးရေးပန်းချီများကို မြင်တွေ့နိုင်သည့် ပုဂံမြို့ဟောင်းအတွင်း တည်ရှိသော လောကထိပ်ပန်ဘုရား အဝင်တံခါးရှိ ဝါးယင်းလိပ်အား မီးရှို့ခံရမှု ဇွန်လ ၉ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။
မီးရှို့ခံရမှုနှင့် ပတ်သက်၍ ဌာနသို့ အကြောင်းကြားမှုကြောင့် ချက်ချင်းသွားရောက်ကာ မီးငြိမ်းသတ်နိုင်ခဲ့သဖြင့် ထိခိုက် ပျက်စီးမှု ကြီးကြီးမားမား မရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ဒေါက်တာ သန်းထိုက်က ဧရာဝတီကို ပြောသည်။
“ရှို့မီးပါ။ ထင်းရှူးဆီအစတွေ တွေ့တယ်။ မီးလောင်လက်စလေးက ၄ လက်မလောက်ရှိမယ်။ နည်းနည်းပဲ စလောင်ကာစ ရှိသေးတာကိုး။ အချိန်မီရောက်ပြီး မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
လောကထိပ်ပန် ဘုရားအတွင်းရှိ ရှားပါးနံရံဆေးရေးပန်းချီများအား ကျေးငှက်တိရိစ္ဆာန်၊ အင်းဆက်ပိုးမွှားမှ စ၍ ဘေးအမျိုးမျိုးကြောင့် ပျက်စီးခြင်း ဖြစ်မည်ကို စိုးရိမ်၍ သံပန်း၊ သံဇကာများ တပ်ဆင်ကာရံထားသကဲ့သို့ အပြင်ဘက် တံခါးဝတွင်လည်း ဝါးယင်းလိပ်ကို ကာထားခြင်း ဖြစ်ပြီး အဆိုပါ ဝါးယင်းလိပ်အား မီးရှိုခံရခြင်းလည်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နေရာသို့ ရှေး/သုဌာနမှ တာဝန်ရှိသူများအပြင် နယ်မြေခံရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့ (Tourism Police) များနှင့်ပါ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ကျူးလွန်သူကို လက်ပူးလက်ကြပ် မမိလိုက်သော်လည်း ရှေးဟောင်းအဆောက်အအုံများ ဖျက်ဆီးမှုဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း ပုဂံဘုရားတချို့ ၌ ဌာပနာဖောက်ထွင်းခံရမှုများလည်း ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကြောင်း ပုဂံဧည့်လမ်းညွှန်အသင်းမှ ကိုမြင့်နိုင်က ပြောသည်။

ဇွန်လ ၈ ရက်တွင် ရွာဟောင်းကြီးဘုရား မြောက်ဘက်ဘုရားစုများထဲမှ ဘုရားငါးဆူ (အမှတ် ၁၈၈၂၊ ၁၈၈၇၊ ၁၈၈၇ (က)၊ ၁၈၆၂၊ ၁၈၉၇) ၏ ပြန်လည်ပြုပြင်ထားသော ကွမ်းတောင်များ ဖောက်ထွင်း ခံရသကဲ့သို့ ဇွန် ၉ ရက်ကလည်း စူဋ္ဌာ မဏိဘုရားနှင့် ဓမ္မရံကြီးဘုရား နှစ်ဆူကြားရှိ ဘုရားသုံးဆူ (အမှတ် ၇၅၃၊ ၇၅၁၊ ၇၅၁-က)တွင် ဖောက်ထွင်းခံရသည့် အခြေအနေများ ထပ်မံတွေ့ရှိရသည်ဟု ၎င်းက ရှင်းပြသည်။
“ဌာနအနေနဲ့ ဒါတွေ လုံခြုံရေးအတွက် ပိုပြီးတော့ ဘတ်ဂျက်တွေသုံး လူအင်အားတွေ ချဲ့စေချင်တယ်။ နောက်တခုက ဌာနရဲ့အောက်က လုံခြုံရေးဆိုတဲ့ ဌာနစိတ်လေးတခုထက် အမွေအနှစ်ကို စောင့်ရှောက်တဲ့ ရဲတပ်ဖွဲ့ ထောင်စေချင်တယ်။ ဒါမှ သူတို့ ညမှာကင်းလှည့်တာတွေ လုပ်နိုင်မယ်။ အဓိကနေရာတွေမှာ လုံခြုံရေး ကင်မရာတွေ တပ်ထားမယ် ဆိုရင်လည်း မသင်္ကာဖွယ်ရာ လူဝင်လူထွက်ကို ရှာဖွေထိန်းသိမ်းနိုင်မယ်” ဟု ကိုမြင့်နိုင်က အကြံပြုသည်။
ပုဂံရှေးဟောင်း အမွေအနှစ်ဘုရားများ လုံခြုံရေးအတွက် ဘတ်ဂျက် ပိုသုံးရန်၊ အမွေအနှစ်ကို ထိန်းသိမ်းသည့် လုံခြုံရေးအဖွဲ့ (Heritage Police) ထပ်မံဖွဲ့ပေးရန် လိုအပ်ကြောင်း အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဥမ္မာမျိုးကလည်း ထောက်ပြသည်။
“ဘယ်လို အကြောင်းတွေကြောင့်ပဲ လုပ်တယ်ဖြစ်ဖြစ် ပုဂံမှာ လုံခြုံရေး အရမ်းအားနည်းနေတယ်ဆိုတာ မြင်ရတယ်။ ပုဂံဘုရားတွေက တကယ် တန်ဖိုးရှိ ကမ္ဘာ့အဆင့် ထိုက်တန်တဲ့ အမွေအနှစ်တွေကို ထိုက်ထန်တဲ့ လုံခြုံရေးမရှိဘူး ဖြစ်နေတယ်” ဟု ဒေါ်ဥမ္မာမျိုးက သုံးသပ်ပြောဆိုသည်။
ဆက်လက်ပြီး ၎င်းက “မနက်က မီးလောင်တယ်ဆိုတာကို ကြည့်လိုက်တော့ ထင်းရှူးစတွေဘာတွေနဲ့ မီးမြိုက်ပြီးမှ ရှို့တာလို့ သိရတော့ တမင်ကိုပဲ ရှို့တာဆိုတာ တွေ့ရတယ်။ ဒါ ရှေးဟောင်းပစ္စည်းကို တကယ်ဖျက်စီးတယ်လို့ ပြောလို့ရသလို တမင်ပဲ ဒီလောက်အရေးကြီးတဲ့ ဘုရားမှာ ဒီလိုလုပ်နိုင်တယ်ဆိုတာကို ပြတာလည်း ဖြစ်နိုင်တယ်။ ဒါ တမင်သက်သက် ပုဂံဒေသက တန်ဖိုးကြီးဘုရားတွေရဲ့ လုံခြုံရေးကို စိန်ခေါ်လိုက်တဲ့ သဘောပဲလို့ မြင်ပါတယ်” ဟု မှတ်ချက်ပြုသည်။
လုံခြုံရေးအပိုင်းအတွက် လူအင်အား၊ နည်းပညာအား ဖြည့်တင်းဆောင်ရွက်ရမည် သာမက အမွေအနှစ်ကို တဦးတယောက်စီတိုင်းက တန်ဖိုးထားတတ်စေရန် အသိပညာပေးမှုများလည်း ထပ်တိုးဆောင်ရွက်ရန် လိုအပ်နေသည်ဟု ၎င်းက ဆိုသည်။
ရှေး/သု ပုဂံဌာနခွဲအနေဖြင့် လက်ရှိ၌ လုံခြုံရေးဝန်ထမ်း အယောက် ၃၀ ရှိသည့်အနက် ၆ ယောက်သည် ပြတိုက်၊ နန်းတော်ရာနှင့် ရုံးလုံခြုံရေးအတွက် တာဝန်ယူထားရာ ၂၄ ယောက်သာ ကျန်တော့ကြောင်း၊ ထိုကျန်ရှိသူများနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ အယောက် ၁၀၀ ကျော် အင်အားရှိသည့် ပုဂံဧည့်လမ်းညွှန်အသင်းတို့နှင့် ပူးပေါင်းကာ မနက်၊ နေ့လယ်၊ ညနေဘက်များ၌ ကင်းလှည့်ဆောင်ရွက်နေကြောင်း ဒေါက်တာသန်းထိုက်က ရှင်းပြသည်။

နောက်ပိုင်းတွင် လူအင်အားတိုးချဲ့ကာ ကင်းလှည့်ချိန်များကိုလည်း လူသူမရှိသည့် မနက်အစောပိုင်း၊ ညပိုင်းများသို့ ပြောင်းပြီး ကင်းလှည့်ဆောင်ရွက်သွားမည်ဆိုပါက ပိုမိုလုံခြုံမည်ဟု ထင်ကြောင်း၊ အမွေအနှစ်များကို အားလုံးက ဝိုင်းဝန်းထိန်းသိမ်းပေးရန် မေတ္တာရပ်ခံလိုကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ဇူလိုင် ၆ ရက်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည့် ပုဂံဇုန်ထဲတွင် ဘုရားပေါင်း စုစုပေါင်း ၃၈၃၇ ဆူ (ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း ပုဂံဇုန်၌ ဘုရားပေါင်း ၃၈၂၂ ဆူ၊ တန့်ကြည်တောင်ဘက်အပိုင်း ဧရာဝတီမြစ် အနောက်ဘက်ခြမ်း၌ ၁၅ ဆူ)ရှိသည်။
ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းရှိ ဘုရားပေါင်း ၃၈၂၂ ဆူတွင် ၄၆၂ ဆူ၌ နံရံဆေးရေးပန်းချီများ ရှိသည့်အနက် ပုဂံ မြို့ဟောင်း တောင်ဘီကျေးရွာအုပ်စု အတွင်းရှိ လောကထိပ်ပန်ဘုရားသည် အကောင်းဆုံးဆိုသည့် နံရံဆေးရေးပန်းချီများရှိသော ကြွင်းကျန်သည့် ဘုရားများထဲက တဆူ အပါအဝင် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
COVID-19 ရဲ့ ရိုက်ခတ်မှုအောက်က ပုဂံဒေသ
နိုင်ငံတော်အဆင့် စောင့်ရှောက်ဖို့ လိုအပ်နေတဲ့ ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံ
ပုဂံရှေးဟောင်း တာမဏီဘုရားစု အနီး ခြံခတ်မှု ပြန်လည် ဖျက်သိမ်း
မြောက်ဦး ယဉ်ကျေးမှု နယ်မြေအတွင်း ကျူးကျော် နေထိုင်မှု များလာ ဟုဆို