COVID – 19 ကာကွယ်ရေး အကျဉ်းထောင်များတွင် ဆေးဖျန်းစက် ဖြန့်ဝေမည်
COVID – 19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးထည့်ကာ အငွေ့ရည်ဖြင့် ဆေးဖျန်းမည့် စက်များ မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးသို့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနက သိရသည်။
ဗဟို အကျဉ်းထောင်များတွင် နေ့စဉ် ရုံးထုတ် တရားရင်ဆိုင်နေကြရသည့် အချုပ်သား ဦးရေ ၁ ထောင်ကျော် ရှိနေသည့် အတွက် အဆိုပါ ထောင်များတွင် လူ ၉ ဦးကို တပြိုင်ထဲ အငွေ့ရည် ဖျန်းကာ COVID – 19 ကာကွယ်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က ပြောဆိုသည်။
ဦးရဲရင့်နိုင်က “ကျနော်တို့က မြန်မာတနိုင်ငံလုံးက အကျဉ်းထောင်၊ အလုပ်စခန်း အားလုံးကို ဖြန့်မှာပါ။ အခုက COVID– 19 ကာကွယ်ရေးအတွက် နှာခေါင်းစည်း ဖြန့်ဝေတာ၊ ထောင်ထဲကို ဝင်ထွက်တာ လက်ဆေးဖို့ ဒါတွေက လုပ်ပေးထား တယ်။ ဒါပေမယ့် နေ့စဉ် ထောင်ထဲကို အဝင် အထွက်က ရှိနေတော့ သူတို့ကို ဆေး အငွေ့ရည်ဖျန်းဖို့ စက်တွေပါ လိုအပ် လာတဲ့အတွက် စီစဉ်ရတာပါ” ဟု ဆိုသည်။
လက်ရှိအချိန်တွင် အဆိုပါ အငွေ့ရည် ဖျန်းမည့်စက်များကို တင်သွင်းရန် တင်ဒါခေါ်ထားကာ ဗဟို အကျဉ်းထောင်များကို ဦးစားပေးကာ ဖြန့်ဝေပေးသွားမည် ဖြစ်ပြီး အကျဉ်းစခန်း၊ အလုပ်စခန်းများကိုပါ ဖြန့်ဝေပေးသွားမည်ဟု ၎င်းက ပြောသည်။
အကျဉ်းထောင်အတွင်းသို့ အသစ် ရောက်ရှိလာမည့် အကျဉ်းသား၊ အချုပ်သားများကို တခြား အကျဉ်းသားများနှင့် အတူ ထားရာတွင် ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ထိုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း နေပြည်တော် အကျဉ်းဦးစီးဌာန၊ ထောက်ပံ့ ရေးဌာမှ ညွှန်ကြားရေးမှူး ဖြစ်သူ ဦးဇော်ဇော် ကလည်း ဆိုသည်။
၎င်းက “အခု အဲဒီစက်တွေကို တနိုင်ငံလုံးကို ဖြန့်ဖို့ လုပ်နေပါပြီ။ အခု တင်ဒါခေါ် ဝယ်နေပါပြီ။ နမူနာတွေလည်း ရောက်နေ ပါပြီ။ အခုက အရည်(ကလိုရင်း) ကို လူကိုယ်ခန္ဓာကို ဖြန်းမယ့် ပစ္စည်းတွေ မဟုတ်ပါဘူး။ အမြှုပ်တွေနဲ့ ဆေးပါ။ နောက်ပြီး သက်ဆိုင်ရာဌာနတွေကလည်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အကြံပြုချက်တွေ တောင်းခံပြီးမှ လုပ်ကြမှာပါ” ဟု ဆိုသည်။
လက်ရှိ COVID – 19 ထိန်းချုပ်ရေးအတွက် ပြည်တွင်းရှိ တိုင်းနှင့် ပြည်နယ် အသီးသီး၌ လမ်းများ၊ အိမ်များတွင် လိုက်လံ ဖျန်းပေးနေသည့် ကလိုရင်း ဆေးရည်နှင့် ဟိုက်ဒရိုကလိုရင်း ဆေးရည်များသည် လူ၏ ခန္ဓာကိုယ်သို့ ဖျန်းရန် မသင့်တော် ကြောင်း ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထို့အတွက် ယခုလို လူ၏ ခန္ဓာကိုယ်သို့ ဖျန်းမည်ဆိုလျှင် COVID – 19 ထိန်းချုပ်ရေးအတွက် ဆိုသော်လည်း အကောင်း ဆုံးက ဆပ်ပြာအမြုပ်နှင့် အငွေ့ရည်များ၊ ရေများကိုသာ ဖြန်းရန်သာ သင့်တော်သည်ဟု COVID – 19 နှင့် ပတ်သက်ပြီး Call Center တွင် လုပ်အားပေးအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ဆရာဝန်များ အသင်းမှ ဒေါက်တာ ဥမ္မာက အကြံပြုသည်။
ထိုကဲ့သို့ လူ၏ ခန္ဓာကိုယ်သို့ ကလိုရင်း ဆေးရည်နှင့် အရက်ပြန် ပါဝင်သည့် ဆေးရည်များကို ဖျန်းမည်ဆိုပါက မျက်လုံး နှင့်တကွ အရေပြားများကို ထိခိုက်နိုင်မည် ဖြစ်သည့်အတွက် ကျန်းမာရေး ဦးစီးဌာန၏ လမ်းညွှန်မှုကို အတိအကျ လိုက် နာရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။
ဒေါက်တာ ဥမ္မာက “ကျမအမြင်အရတော့ ဒီလို အကျဉ်းထောင်တွေထဲကိုသာ COVID – 19 ရောဂါ ကူးစက်ခံရတဲ့ တဦးဦး တွေ့ပြီဆိုရင် ဥပမာ- လူ ၂ဝ ထည့်ထားတဲ့ အခန်းထဲမှာဆို အဲဒီ ပိုးတွေ့သူကို သီးသန့်ထားသလို ကျန်တဲ့ ၁၉ ဦးကိုလည်း တခြား အကျဉ်းသားတွေနဲ့ ကူးလူး ဆက်ဆံမှု မရှိစေဖို့ စီစဉ်ထားဖို့ လိုတယ်။ တကယ်လို့သာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ထိန်း ချုပ်ဖို့ အင်မတန် ခက်ခဲတဲ့နေရာပါ” ဟု ပြောဆိုသည်။
၎င်းက ဆက်ပြီး “နောက်ပြီး အကျဉ်းထောင်တိုင်းမှာ ပြင်ပက အသစ်ဝင်လာမယ့် သူတွေကို COVID – 19 သံသယ ဖြစ် စေနိုင်တယ်ဆို သီးသန့်ထားဖို့ အခန်းတွေ စီစဉ်ထားသင့်တယ်။ အရေးပေါ် ထောင်ဆေးရုံမှာ ဖြစ်ဖြစ်၊ ထောင်ထဲက အခန်း တွေမှာ ဖြစ်ဖြစ် စီစဉ်ထားသင့်တယ်။ နောက်ပြီး ထောင် ဆေးရုံမှာလဲ အဲဒီလို သံသယ လူနာတွေများ ဖြစ်လာပြီဆို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ညွှန်ကြားထားတဲ့အတိုင်း ဘယ်လို ကုသရမယ်၊ ကုသရေး ဆရာဝန်တွေအတွက် လိုအပ်တဲ့ PPE လို ဝတ်စုံတွေက အစ စီစဉ်ပေးထားဖို့ လိုတယ်” ဟု ဆိုသည်။
မြန်မာတနိုင်ငံလုံးတွင် အကျဉ်းထောင်၊ အချုပ်စခန်းနှင့် အလုပ်စခန်းများ အားလုံး ၉ဝ ကျော်ရှိသည့် အနက်မှ နေ့စဉ် အချုပ်သား၊ အကျဉ်းသားများလွတ်ခြင်း၊ လွှတ်ပေးခြင်းများ ရှိနေသည့်အတွက် တနိုင်ငံလုံးတွင် အကျဉ်းသားနှင့် အချုပ် သား ၈ သောင်းဝန်းကျင် ရှိကြောင်း အကျဉ်းဦးစီးဌာနက သိရသည်။
WHO ၏ နောက်ဆုံး ထုတ်ပြန်ချက်အရ COVID – 19 ကြောင့် ကမ္ဘာပေါ်တွင် လူဦးရေ ၇ သန်းကျော် ကူးစက်ခံနေရပြီး ၄ သိန်းကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံတွင် COVID – 19 ကူးစက်ခံရသူမှာ ဇွန်လ ၁၀ ရက် မနက်ပိုင်းအထိ ၂၄၆ ဦး ရှိခဲ့ပြီး ရောဂါပိုးတွေ့သူများထဲမှ ပြန်လည် ကောင်းမွန်လာကာ ရောဂါပိုး ကင်းစင်သူ ၁၅၉ ဦး၊ သေဆုံးသူ ၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန် ကြီးဌာနက ထုတ် ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
လူ့ခန္ဓာကိုယ်ပေါ် ပိုးသတ်ဆေးဖျန်းခြင်း မပြုလုပ်ရန် သတိပေး
လူစုလူဝေးဖြစ်နေသည့် အကျဉ်းထောင်များ ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်ဖွယ်ရာ ဖြစ်နေ