ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အမြင့်ကျွန်း ကျေးရွာအတွင်း ဇွန်လ ၁၀ ရက်နေ့ နံနက် ၁ နာရီခန့်က လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၉၀ ကျော် အရွယ် အမျိုးသမီး ၁ ဦး သေဆုံးကာ ရဲအရာရှိ အပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာများ ရှိခဲ့ကြောင်း သတင်း ရရှိသည်။
ထိုပေါက်ကွဲမှုကြောင့် အမြင့်ကျွန်း ကျေးရွာမှ သေဆုံးသူမှာ အသက် ၉၀ ကျော် အရွယ် ဒေါ်ဂျော်ဂျီမ ဖြစ်ပြီး ထိခိုက်ဒဏ် ရာရှိ သူများမှာ အမြင့်ကျွန်း ရဲကင်းစခန်းမှူး ရဲအုပ် မျိုးသက်ထွန်း အပါအဝင် ဦးကျော်မြင့် ၄၂ နှစ်၊ မနန္ဒာဝင်း ၁၃ နှစ်၊ ဒေါ်မဆန်းရီ ၄၀ နှစ်တို့ ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ ဦးကျော်မြင့်၏ ဇနီး ဒေါ်ဖြူချေက “လူတွေ အိမ်ပျော် နေကြတဲ့အချိန်ဆိုတော့ လန့်ပြီးနိုးလာတာနဲ့ မိုးကြိုးပစ်သံလို ဂျိမ်း ဂျိမ်း ဆိုကြားတယ်။ ဘာတွေဖြစ်မှန်းလည်း မသိဘူး။ ကျမတို့ ကြောက်လန့်ပြီး ကလေးတွေကို အိပ်ရာနိုးတယ်။ အိမ်အောက်ကို ဆင်းပြေးကြတယ်။ ကျမတို့ အိမ်အောက်မှာ ပြားပြား ဝပ်နေကြတယ်။ ကလေးတွေ အိမ်အောက်ကို ရောက်ပြီးမှ ကျမအမျိုးသားက အိမ်ပေါ်ကနေ ဆင်းလာတဲ့အခါ လှေကားမှာပဲ ရှိသေးတယ်။ သူ့ဆီလာမှန်တာ” ဟု ဧရာဝတီသို့ ပြောသည်။
ဒဏ်ရာရရှိခဲ့သူ မနန္ဒာဝင်း၏ ဖခင် ဦးကျော်ကျော်ဝင်း ကလည်း “ညဘက်ဆိုတော့ သေနတ်သံ တွေကိုပဲ ကျနော်တို့ကြားတယ်။ ဘယ်လို ဖြစ်တယ်ဆိုတာ မသိ တော့ဘူး။ မီးလုံးကြီးတွေ အိမ်ပေါ်ကနေ ဖြတ်သွားတယ်။ အိမ်ဘေးနားမှာလည်း လာကျတာရှိတယ်။ ကျနော့်သမီးလေးက ပထမ ဒဏ်ရာရတာ မသိ သေးဘူး။ သူအိပ်နေရင်း ခေါင်းမူးလာတယ်လို့ ပြောတယ်။ ကြည့်လိုက် တော့ လည်ပင်းမှာ သွေးတွေထွက်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒေသခံကျေးရွာသားများကတော့ ယမန်နေ့ညက စစ်တွေမှနေ ရသေ့တောင်ဘက်သို့ မင်းချောင်း မြစ်ကြောင်းအတိုင်း လာရောက်သော တပ်မတော် ရေယာဉ် ၂ စီးကို AA တပ်ဖွဲ့ဝင်များက မင်းချောင်း တံတားပေါ်မှ ပစ်ခတ်ခဲ့ရာတွင် ထိုသို့ တံတားအနီးရှိ ၎င်းတို့ ကျေးရွာဘက်သို့ တပ်မ တော် ရေယာဉ်မှ ပစ်ခတ်ခြင်း ဖြစ်သည်ဟု ခန့်မှန်းပြော ဆိုကြသည်။
အမည်မဖော်လိုသည့် ကျေးရွာသား တဦးက “ ဖြစ်တဲ့အချိန်တော့ ဘယ်လို ဖြစ်ကြတယ်ဆိုတာ ကျနော်တို့လည်း မသိဘူး။ မိုးလင်းမှ လေ့လာကြည့်တော့ တပ်မတော် နေဗီ တက်လာတာကို AA က တံတားပေါ်ကနေ ပစ်တယ်လို့ ပြောကြတယ်။ အဲဒီကြောင့် ရွာဘက်ကို ပြန်ပစ်တာ” ဟု ပြောသည်။
ထိုသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အသက် ၉၀ ကျော်အရွယ် ဒေါ်ဂျော်ဂျီမမှာ နေအိမ်ပေါ် အိမ်နေရင်း ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများရရှိကာ သေဆုံးခဲ့ရသလို အမြင့်ကျွန်း ရဲကင်းစခန်းမှူး ရဲအုပ်မျိုး သက်ထွန်းမှာလည်း စခန်းထဲရှိ ၎င်း၏ နေအိမ်တွင် ရှိနေစဉ် ဒဏ်ရာ ရရှိ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မောင်မောင်စိုးက “အမြင့်ကျွန်းရဲစခန်းမှူး ဒဏ်ရာရတယ်ဆိုတာ မှန်ပါတယ်။ သူက စခန်းထဲမှာ ကတုတ်ကျင်း ကင်းတွေကို လှည့်ပတ်ပြီး စစ်ဆေးရင်း အိမ်လှည့် အပြန်မှာ လာထိတာလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကေတာ့ ယနေ့ နံနက် ၁ နာရီဝန်းကျင်ခန့်က အုပ်ချုပ်မှုနှင့်ထောက်ပံ့မှု ဆောင် ရွက်ရန် အတွက် စစ်တွေဘက်မှနေ ပုဏ္ဏားကျွန်းမြို့နယ် ဘက်သို့ သွား ရောက် သည့် စစ်ရေယာဉ်များကို အမြင့်ကျွန်းကျေးရွာအနီးမှ AA တပ်ဖွဲ့ ဝင်များက ပစ်ခတ်သည့်အတွက် ပြန်လည် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြော သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ဒီနေ့ နံနက် ၁ နာရီဝန်းကျင်လောက်မှာ စစ်တွေဘက်ကနေ ပုဏ္ဏားကျွန်းဘက်ကို အုပ်ချုပ်မှုနဲ့ထောက်ပံ့မှု အတွက် သွားရောက်တဲ့ စစ်ရေယာဉ်တွေကို အမြင့်ကျွန်းရွာ အနီးကနေ AA က အာပီဂျီနဲ့ နှောင့် ယှက်ပစ်ခတ်တာရှိတာရှိတဲ့အတွက် ပြန်လည် ပစ် ခတ်ခဲ့ တာရှိတယ်။ အရပ်သားထိခိုက်ဒဏ်ရာရတာတော့ မသိဘူး။ အဲဒီ ပစ်ခတ်မှုမှာ ကျနော်တို့ဘက်ကတော့ စစ်သည်တဦး အနည်းငယ် ထိခိုက် ဒဏ်ရာတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အိမ်ခြေ ၅၀၀ နီးပါးရှိသည့် အမြင့်ကျွန်းကျေးရွာသည် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်စပ်တွင် တည်ရှိပြီး စစ်တွေမြို့မှ ကားဖြင့် သွားလျှင် မိနှစ် ၃၀ ခန့် ကြာမြင့်သည်။
လက်ရှိအချိန်တွင် ခါးအောက်ဘက်တွင် ဒဏ်ရာရရှိခဲ့သူ ကိုကျော်မြင့် ၊ လည်ပင်းတွင် ဒဏ်ရာရရှိခဲ့သူ မနန္ဒာဝင်းတို့မှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် တက်ရောက်ကုသနေရပြီး ဒဏ်ရာရရှိခဲ့သူ ရဲအုပ် မျိုးသက်ထွန်းကိုတော့ စစ်တွေတပ်နယ် တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကာ ကုသမှုခံယူနေရသိရသည်။
သေဆုံးသူ ဒေါ်ဂျော်ဂျီမ၏ သမီး ဒေါ်မဆန်းရီမှာတော့ ဒဏ်ရာ မပြင်းထန် သဖြင့် ကျေးရွာအတွင်း ကုသမှုခံယူခဲ့ကြောင်းလည်း ဒေသခံ ကျေးရွာ သားများက ပြောသည်။
You may also like these stories:
ပလက်ဝဒေသသို့ ပို့မည် ဆန်နှင့် ရိက္ခာများ ရေလမ်းကြောင်းမှ ပြောင်းပို့မည်
စစ်ရှောင်များအနေဖြင့် ဆောက်ပေးထားသည့် စခန်းများ၌သာ နေကြရန် ပြည်နယ်အစိုးရပြော
ဒုက္ခသည်များကို ကူမည့် ဆန်အိတ်များ AA လုယူဟု ချင်းပြည်နယ် အစိုးရအဖွဲ့ ပြော