ဟောင်ကောင်နိုင်ငံ အထည်ချုပ်နှင့် ဖိနပ်လုပ်ငန်း အဖွဲ့တဖွဲ့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စီစဉ်နေ ကြောင်း မြန်မာ-ဟောင်ကောင် ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (Myanmar– Hong Kong Chamber of Commerce and Industry- MHKCCI)က ဇွန်လ ၉ ရက်က ထုတ်ပြန်လိုက်သည်။
အဆိုပါ အဖွဲ့သည့် ရန်ကုန်မြို့နှင့် ပဲခူးတိုင်းတွင် ရင်းနှီးမြှုပ်နံှရန်အတွက် ယခုနှစ်အတွင်း လာရောက် လေ့လာရန် စီစဉ် ထားကြောင်း သိရသည်။
ဟောင်ကောင် အခြေစိုက် i-Land စက်မှုဇုန်မှ အမှုဆောင် အရာရှိ Ivan Tam က “ကျနော်တို့ ဖောက်သည် ၈၀ ရာခိုင်နှုန်း ကျော်က အထည်ချုပ်လုပ်ငန်း၊ ဆေးဆိုးလုပ်ငန်း၊ ပလစ်စတစ် လုပ်ငန်းနဲ့ လျှပ်စစ်ပစ္စည်း တပ်ဆင်လုပ်ငန်းတွေ ဖြစ်တယ်။ ကျနော်တို့ရဲ့ စက်မှုဇုန်က ဆက်လက် တိုးချဲ့နေပါတယ်။ စီးပွားရေးနဲ့ လူနေထိုင်မှု ဝယ်လိုအားကို ဖြည့်ဆည်းဖို့ ရင်းနှီးမြှုပ် နှံမှုကို ထပ်မံ ခွဲခြားလုပ်ကိုင်နေတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ချုပ်ပြီး အထည်များမှာ ဥရောပ ဈေးကွက်သို့ တင်ပို့လျှင် ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) အရ ၁၂ ဒသမ ၅ ရာခိုင်နှုန်း အခွန်သက်သာ သောကြောင့် ဟောင်ကောင် လုပ်ငန်းရှင်များက CMP လုပ်ငန်းများတွင် စိတ်ဝင်စားခြင်း ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒု ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး က သုံးသပ်ပြောဆိုသည်။
၎င်းက “ရင်းနှီးမြှုပ်နှံမှုတွေကိုတော့ ကျနော်တို့က ကြိုဆိုပါတယ်။ ဒီလိုမျိုးလာရင် လက်ခစား အလုပ်တွေ အလုပ်ရတယ်။ သူတို့အကျိုး ကိုယ့်အကျိုးပါပဲ။ ဟောင်ကောင်က လာတယ်ဆိုတာလည်း မြန်မာနိုင်ငံရဲ့ GSP ကို လိုချင်လို့ ဖြစ်တယ်။ အခု မြန်မာနိုင်ငံမှာ ဟောင်ကောင်က ချုပ်နေတာက အိတ်တွေ ဖြစ်တယ်။ အလုပ်သမားတွေ အလုပ်ရတယ်။ ကိုယ့်အလုပ် သမားတွေကလည်း တောင်းဆိုချက်တွေကို မျှမျှတတနဲ့ နိုင်ငံခြားသား လုပ်သာကိုင်သာ ရှိအောင် လုပ်ဖို့ လိုတယ်” ဟု ပြောသည်။
MHKCCI သည် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ကိုင်နေသော ၎င်းတို့၏ အဖွဲ့ဝင်ကုမ္ပဏီ ၆၄ ခု၏ လုပ်ငန်းများ အပေါ် ကိုဗစ်-၁၉ ၏ သက်ရောက်မှုများကို မေလအတွင်း စာရင်း ကောက်ယူခဲ့သည်။
စစ်တမ်းတွင် ပါဝင်သော လုပ်ငန်းများ၏ ထက်ဝက်ခန့်က ပျမ်းမျှအားဖြင့် ဝင်ငွေ ၄၇ ရာခိုင်နှုန်း ဝင်ငွေ ကျဆင်းသွားပြီး လုပ်ငန်းများ၏ ၁၅ ရာခိုင်နှုန်းသည် ပုံမှန်သက်ရောက်မှု ရှိကြောင်း၊ ကျန် ၃၅ ရာခိုင်နှုန်းသည် ဝင်ငွေတိုးတက်အောင် လုပ် ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းပြင် စစ်တမ်းအရ ၇၇ ရာခိုင်နှုန်းက လာမည့် ၁၂ လ အတွင်း မြန်မာနိုင်ငံမှ လုပ်ငန်း အတိုင်းအတာကို ဆက်လက် ထိန်းသိမ်းထားရန် ဆုံးဖြတ်ကြပြီး၂၁ ရာခိုင်နှုန်းက မြန်မာနိုင်ငံမှ ၎င်းတို့၏ လုပ်ငန်းများ ကို တိုးချဲ့မည်ဟု ဖြေကြားခဲ့ပြီး ၃ ရာခိုင်နှုန်းကသာ လုပ်ငန်းများ လျှော့ချမည်ဟု ဖြေဆိုခဲ့သည်။
လုပ်ငန်း တိုးချဲ့ရန် စီစဉ်သူများ၌ အများစုက ကူးစက်ရောဂါ အလွန်ကာလတွင် စီးပွားရေး ပြန်လည်နာလန်ထူမည်ဟု မျှော်လင့်ပြီး မြန်မာ့ စီးပွားရေး အလားအလာအပေါ် ယုံကြည်နေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်တမ်း၏ ရလဒ်များသည် မျှော်မှန်းထားသည့်အတိုင်း ဖြစ်သောကြောင့် မြန်မာနိုင်ငံမှ ဟောင်ကောင် ရင်းနှီး မြှုပ်နှံမှုများကို အဆင်ပြေစေရန် ဆက်လက် လုပ်ဆောင်မည်ဟု MHKCCI ဥက္ကဌ Edgar Kwan BBS JP ပြောဆိုသည်။
ဟောင်ကောင် နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ၂၀၁၉ အောက်တို ဘာလမှ ၂၀၂၀ ဧပြီလအတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံခန့် ရှိကြောင်း ရင်းနှီးမြှုပ်နံှမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက သိရသည်။
အဓိကအားဖြင့် မြန်မာနိုင်ငံရှိ အိမ်ခြံမြေ တည်ဆောက်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားနှင့် အထည်ချုပ်လုပ်ငန်းများတွင် အဓိက ရင်းနှီး မြှုပ်နှံထားသည်။
နိုင်ငံခြားသား လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် အလုပ်သမားများ ဆန္ဒပြခြင်းကြောင့် တရားဥပဒေ စိုးမိုးမှု မရှိခြင်းနှင့် အလုပ်ပိတ်ရက်များနေခြင်း တို့ကို အကြောင်းပြ၍ ပြန်လည် ထွက်ခွာခြင်းများ ရှိနေကြောင်းနှင့် ပြည်တွင်း လုပ်ငန်းရှင် များက ပြောဆိုကြသည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက “အခုက အဟောင်းတွေကတော့ လုပ်နေရတုန်းပဲ။ သင်္ကြန်မတိုင်ခင်က အသစ်တွေကတော့ မလာသေးဘူး။ အထည်ချုပ် တင်ပို့မှုကတော့ ကျမှာ ဖြစ်တယ်။ ဘယ်လောက် ကျမလဲ မသိဘူး။ လုပ်သားအင်အားက တိုးဖို့ရာ အတွက်က အရှိန်လျှော့သွားပြီ” ဟု လက်ရှိ အခြေအနေကို ပြောပြသည်။
ယခင်က ပြည်တွင်း၌ အထည်ချုပ် စက်ရုံ တလလျှင် ၄ ရုံမှ ၆ ရုံအထိ အသစ် ဖွင့်လှစ်မှု ရှိသော်လည်း လက်ရှိအချိန်၌ တကမ္ဘာလုံး၌ COVID 19 ရောဂါကူးစက်ပျံ့နှံ့နေခြင်းကြောင့် လျှော့ကျလာကြောင်း ၎င်းက ပြောသည်။
“ပြောချင်တာ အထည်ချုပ်ဘက်မှာလည်း လာတော့ လာနေတယ်။ အရင်လောက်တော့ မများဘူး။ အသစ် အော်ဒါတွေ ကတော့ အခုအချိန်ထိ ပေါ်မလာသေးဘူး။ အလားအလာက သူများနိုင်ငံတွေထက်တော့ ဈေးချိုတာပေါ့။ လုပ်အားခ ဆိုရင် ဗီယမ်နမ်ထက်လည်း ဈေးချိုတယ်။ ကမ္ဘောဒီးယားထက်လည်း ဈေးချိုတယ်”ဟု အထည်ချုပ် လုပ်ငန်းရှင်လည်း ဖြစ်သူ ဦးမြင့်စိုးက ရှုင်းပြသည်။
ဆက်လက်၍ ၎င်းက “၂၀၁၄ ခုနှစ်ကျမှ မြန်မာနိုင်ငံက ဥရောပ ဈေးကွက် ရတာကိုး။ အဲဒီတော့ ခြောက်နှစ်ပဲ ရှိသေးတယ်။ သူများက အနှစ် ၂၀ လောက် လုပ်စားပြီးပြီ။ အဲဒီတော့ ထုတ်လုပ်မှု စွမ်းအားက ကျနေတုန်းပဲ။ အဲဒါကို ဆွဲတင်ရမယ်”ဟု ပြောသည်။
ထို့ကြောင့် ကုန်ထုတ်လုပ်မှု စွမ်းအားမြှင့်တင်ခြင်းနှင့်အတူ ဥပဒေပါ လုပ်သား အခွင့်အရေးများပေးနိုင်ရန် အချက်တို့က လုပ်ငန်းရှင်များ အတွက် ကြီးမားသော စိန်ခေါ်မှု ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်
ဆက်လက်ဖတ်ရှုရန်
ကိုဗစ်အလွန်ကာလ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့ ကြိုတင်ပြင်ဆင်နေပါတယ်