လတ်တလော ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့် ဘုရားဖူးများ လာရောက်လည်ပတ်ခွင့် ပိတ်ထားသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားတချို့၌ ဌာပနာ ဖောက်ထွင်းခံရမှုများ ဆက်တိုက် တွေ့နေရ ကြောင်း သိရှိရသည်။
ဇွန် ၈ ရက်တွင် ရွာဟောင်းကြီးဘုရား မြောက်ဘက် ဘုရားစုများထဲမှ ဘုရား ၅ ဆူ၊ ဇွန် ၉ ရက်တွင် စူဠာမဏိဘုရားနှင့် ဓမ္မရံကြီးဘုရား နှစ်ဆူကြားရှိ ဘုရား ၃ ဆူ အပါအဝင် အဆူ ၃၀ ခန့် ဖောက်ခံထားရသည်ဟု ခန့်မှန်းကြောင်း ဒေသခံ များက ပြောပြသည်။
တချို့ဖောက်ခံထားရသည့် ဘုရားများတွင် ဖောက်ထားသည့် နေရာ၌ ငှက်သိုက်များ တွေ့ရခြင်း၊ တချို့သည် မိန်းလမ်း မကြီးဘေး ကပ်လျက်ရှိ ဘုရားများ ဖြစ်နေခြင်းတို့ကြောင့် COVID-19 စဖြစ်ချိန် လူများ အပြင် မထွက်တော့သည့် အ ချိန်လောက်ကတည်းက စဖောက်နေသည်ဟု ယူဆကြောင်း ပုဂံဒေသခံ ကိုမင်းချမ်းဦးက ဧရာဝတီကို ပြောသည်။

“ဒါ အတွင်းလူ ပါနိုင်တယ်။ ဘာလို့ဆို ဌာပနာထည့်တဲ့ နေရာတွေ ဖောက်လိုက်တာ အတိအကျတွေ ချည်းပဲ။ ဌာပနာ ထည့်လို့ရတဲ့ နေရာကို ကျနော်တို့က ကွမ်းတောင်လို့ ခေါ်တယ်။ ဖောင်းရစ် အပေါ်ကပေါ့။ အဲဒါကို အတိအကျ လက် နှိုက်လို့ရတဲ့ အနေအထားလောက်ပဲ ဖောက်တာ” ဟုလည်း ၎င်းက ရှင်းပြသည်။
ဘုရားဌာပနာ ဖောက်ထွင်းခံရသည့် သတင်းများ၊ အရေးယူခံရမှုများ ယခင်က ကြားခဲ့၊ ရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ အများအပြား ဖောက်ထားခြင်းမျိုး မဟုတ် ဟုလည်း ၎င်းက ဆိုသည်။
ပုဂံ ဧည့်လမ်းညွှန်အသင်း အမှုဆောင် ကိုမြင့်နိုင်က “အများစုက ပြင်ထားတဲ့ ကွမ်းတောင်အသစ်တွေကို ရွေးပြီး ဖောက်တာ။ သူတို့အနေနဲ့ ပရောဂျက် တခုလိုကို ဖောက်နေတာ။ တော်တော်များတယ်။ ဟိုနားတွေ့ ဒီနားတွေ့နဲ့။ အုပ်စုတခုက ရည်ရွယ်ချက်ရှိရှိနဲ့ စိမ်ပြေနပြေ ဖောက်နေတဲ့ သဘောမျိုးရှိတယ်” ဟု သုံးသပ်ပြောဆိုသည်။
ပုဂံဘုရားများကို ကင်းလှည့် ကြည့်ရှုပေးနေသည့် ပုဂံ ဧည့်လမ်းညွှန် အသင်းက ပြီးခဲ့သည့် ဇွန်လ ၈ ရက်တွင် စတင် တွေ့ရှိ သတိထားမိခဲ့ပြီးနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)နှင့် သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းများ ပူးပေါင်းကာ လှည့်လည် စစ်ဆေးမှုများ ပြုလုပ်ရင်းက တွေ့ရှိလာခြင်း ဖြစ်သည်။
ဖောက်ထွင်းခံရသည့် ဘုရားအားလုံး နီးပါးသည် ၁၉၉၇-၂၀၀၀ ဝန်းကျင်ခန့်က ဖောင်ဒေးရှင်းလောက်သာ ကျန်ရှိ တော့သည့် ဘုရားများကို အင်္ဂါစုံ ပြန်လည် ပြုပြင် တည်ဆောက်ထားသည့် ခေတ်သစ် ဘုရားလေးများ ဖြစ်ကြောင်း၊ တချို့ဘုရားများတွင် ပြန်တည်သည့် အလှူရှင်က ဌာပနာများပင် အပြီး မထည့်ရသေးသည့် အနေအထားမျိုး တွေ့ရ ကြောင်း ရှေး/သု (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်က ဧရာဝတီကို ပြောသည်။

၎င်းက “သုံးဆူလောက်က အခုတော့ မဟုတ်ဘူး။ လွန်ခဲ့တဲ့ လအတော်ကြာကြာလောက်က ဖောက်ထားတဲ့ဟာမျိုး။ ပစ္စည်း တချို့ကိုလည်း အဲဒီနေရာလေးတွေမှာ တွေ့တယ်။ မူလစေတီက တွေ့တဲ့ဟာလေးတွေ ဌာပနာ ပြန်ထည့်ပြီးတော့ ထိန်းသိမ်းတာတွေ ထိန်းသိမ်းရေးအဖွဲ့တွေက လုပ်ပြီးသွားပြီ” ဟု ရှင်းပြသည်။
ဘုရားဌာပနာများ ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထား ကြောင်း၊ ကျူးလွန်သူများသည် ကိုဗစ်ကာလ စီးပွားရေး ကြပ်တည်းမှုကြောင့် ဖြစ်နိုင်သကဲ့သို့ မူးယစ်ဆေးဝါး သုံးစွဲ သူများက ပြုလုပ်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဒေါက်တာသန်းထိုက်က ယူဆသည်။
၂၀၁၅ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၁၆ ၌ မည်သူမဆို ရှေးဟောင်းဝတ္ထု ပစ္စည်း ကို မူလပုံစံပျက်ယွင်းစေခြင်း၊ ဖျက်ဆီးခြင်း၊ ခွင့်ပြုချက် မရှိဘဲ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်မှ တူးဖော်ခြင်း (သို့) ရှာဖွေခြင်း ပြုလုပ်ကြောင်း ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိဖြစ်စေ၊ ကျပ် သိန်း ၃၀ မှ ၅၀ ထိ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဟု ပြဋ္ဌာန်းထားသည်။
ထိုသို့ ဘုရားများ ဌာပနာ ဖောက်ခံရသည့် အခြေအနေတွင် ဇွန် ၉ ရက် နံနက်ပိုင်းကလည်း နံရံဆေးရေး ပန်းချီများရှိ သည့် လောကထိပ်ပန်ဘုရား အဝင်တံခါးရှိ ဝါးယင်းလိပ်အား မီးရှို့မှု ဖြစ်ပွားခဲ့ပြန်ရာ သမာရိုးကျဖြစ်စဉ်များ ဟုတ်ရဲ့ လားဟု အမွေအနှစ်ထိန်းသိမ်းရေး ဆောင်ရွက်နေသူတချို့က သုံးသပ်ပြောဆိုသည်။

မည်သည့်အကြောင်းကြောင့် လုပ်သည်ဖြစ်စေ ပုဂံတွင် လုံခြုံရေး အလွန်အားနည်းနေသည်ကို ယင်းဖြစ်ရပ်များက မီးမောင်းထိုးပြနေကြောင်း အမွေအနှစ် ထိန်းသိမ်းရေးပညာရှင် ဒေါ်ဥမ္မာမျိုးက ထောက်ပြသည်။
“အမွေအနှစ်ကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်တဲ့အတွက် အစကတည်းက ဒီလိုမဖြစ်ပွားအောင် ၁၀၀ ရာခိုင်နှုန်းကို ကြိုတင်ကာကွယ်မှု လုပ်ထားဖို့ လိုအပ်ပါတယ်။ ဒီလောက်အရေးကြီးတဲ့ ကမ္ဘာ့အဆင့် တန်ဖိုးရှိတဲ့ ယဉ်ကျေးမှု အမွေ အနှစ်တွေကို ဖျက်ဆီးတယ်ဆိုတဲ့သူကလည်း အရမ်းအောက်တန်းကျတဲ့သူပါ” ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။
ရှေး/သု ပုဂံဌာနခွဲသည် လက်ရှိ၌ ဌာနလုံခြုံရေး ဝန်ထမ်း ၂၄ ယောက်နှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ အင်အား ၁၀၀ ကျော်ရှိသည့် ပုဂံဧည့်လမ်းညွှန်အသင်းတို့နှင့် ပူးပေါင်းကာ ကင်းလှည့်ဆောင်ရွက်လျက်ရှိပြီး နောက်ပိုင်းတွင် လူအင် အားတိုးချဲ့ကာ ကင်းလှည့်ချိန်များကိုလည်း လူသူမရှိသည့် အချိန်များသို့ ပြောင်းပြီး ဆောင်ရွက်သွားရန် စီစဉ်ထား ကြောင်း သိရသည်။
ရှေး/သု ဌာနအနေဖြင့် ပုဂံဒေသရှိ အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မည့် လုံခြုံရေး ကဏ္ဍအတွက် ဘတ်ဂျက်ပိုသုံးကာ လူအင်အား တိုးချဲ့ရန်၊ အဓိက အရေးကြီးသည့် ဘုရားများတွင် လုံခြုံရေးကင်မရာ (CCTV)များ တပ်ဆင်ရန်၊ အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်မည့် လုံခြုံရေး တပ်ဖွဲ့ (Heritage Ploice) ဖွဲ့စည်းပေးရန် အမွေအ နှစ်ထိန်းသိမ်းရေး ဆောင်ရွက်နေသူများက စဉ်ဆက်မပြတ် တိုက်တွန်းလျက် ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
ပုဂံရှေးဟောင်း တာမဏီဘုရားစု အနီး ခြံခတ်မှု ပြန်လည် ဖျက်သိမ်း