သတင်း

ပုဏ္ဏားကျွန်းတွင် AA က တပ်အရာရှိ ၁ ဦးကို သတ်ပြီး ၁ ဦး ဖမ်းဆီးသွား

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ပေါ် အေးစေတီဘုရား အနီးတွင် ယနေ့မနက် ၇ နာရီခန့် က ရက္ခိုင်စစ်တပ် (AA) အဖွဲ့ဝင်များက တပ်မတော် အရာရှိ ၁ ဦးကို ဓားဖြင့် ထိုးသတ်ဖြတ်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁ ဦးကို ဖမ်းဆီးသွားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးက အတည်ပြုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ပုဏ္ဏားကျွန်းမှာ ဒီမနက် အဲဒီမှာရှိတဲ့ တပ်ရင်း တရင်းက စစ်သည်တချို့ ဈေးဝယ်သွားတာ၊ အရပ်ဝတ်နဲ့ ဈေးဝယ် သွားတာ ဖြစ်တယ်။ တယောက်ကတော့ အရာရှိနဲ့ စစ်သည် တယောက်ပေါ့။ ပြောရရင်တော့ AA ပါပဲ။ AA အဖွဲ့ဝင်တွေက ဝိုင်းဝန်းချုပ်နှောင်ပြီးတော့ ပထမဆုံး ရိုက်နှက်တယ်။ ပြီးရင် လက်ထိပ်ခတ်တယ်။

လက်ထိပ်ခတ်ပြီး ဓားနဲ့ ထိုးသွားတယ်။ အရာရှိကတော့ ဆုံးသွားပြီလို့ သိရတယ်။ ရဲကတော့ စစ်ဆေးတာတွေ ဆောင်ရွက်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
AA ကို အကြမ်းဖက်အဖွဲ့ အဖြစ် ထုတ်ပြန် ကြေညာထားသဖြင့် ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါ။

ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်က “ဒီနေ့ မနက်ပိုင်းမှာ အေးစေတီ ဘုရားအနီးမှာ အရာရှိ ၁ ဦးကို ဓားနဲ့ ထိုးပြီးတော့ ၁ ဦးကို ဖမ်းခေါ်သွားတယ်လို့ ကြားတယ်။ မြို့ခံတွေကလည်း အိမ်ထဲက မထွက်ရဲကြတဲ့ အတွက် အသေးစိတ်ကိုတော့ မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ ဖြစ်စဉ် ဖြစ်ပွားမှုကြောင့် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှာ ဖမ်းဆီး ခေါင်းဆောင်သွားသူများ နောက်သို့ လိုက်လံကာ ရှာဖွေနေကြောင်းလည်း သိရသည်။

အခင်းဖြစ်ပွားပြီးနောက် မြို့ပေါ်၌ သေနတ် ပစ်ခတ်သံများကို ကြားနေပြီး ဈေးဆိုင်တန်းများ၊ ဟင်းသီးဟင်းရွက် ရောင်းချသော ပျံကျဈေးသည်များမှာလည်း ကြောက်လန့်ကြကာ ဆိုင်အားလုံး ပိတ်ထားရကြောင်းလည်း ဒေသခံများက ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တော့ အဆိုပါ ဖြစ်စဉ်အပြီး ပုဏ္ဏားကျွန်းမြို့အခြေအနေမှာ ထူးထူးခြားခြား မရှိတော့ဟု ဆိုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “AA အဖွဲ့ အနေနဲ့က အမြဲတမ်း ဈေးတွေ ဘာတွေမှာ လုပ်နေကျပဲ။ ပုဏ္ဏား ကျွန်းမှာ ယိုးတရုတ် ရဲစခန်းက စခန်းမှူးတို့ ဘာတို့လဲ ဒီလိုပဲ အလုပ်ခံရတာပဲ။ ဒီလိုလုပ်တိုင်း AA နဲ့ AA အမာခံတွေ လုပ်တာ ဖြစ်ကြောင်း ထင်ရှားပါတယ်။ အဲဒီလို လုပ်ခံရတဲ့သူတွေကလည်း စစ်မှုထမ်းဟောင်းတွေ၊ ရဲတွေ၊ ဝန်ထမ်းဟောင်း တွေချည်းပဲ။ အခု နောင်ပိုင်းမှာတော့ အရပ်ဝတ်နဲ့ အပြင်ထွက် သွားလာတာတွေကို သတိပြုဖို့ ညွှန်ကြားမှုတွေ ရှိလာ နိုင်တယ်” ဟု ပြောကြားသည်။

ယမန်နေ့ ညနေပိုင်းကလည်း စစ်တွေမြို့ကျည်းပင်ကြီး ရပ်ကွက်ရှိ KBZ ဘဏ်ခွဲ (၂) အား အမည်မသိ လူ ၄ ဦးမှ ဝင် ရောက်ပြီး ဓားပြ တိုက်သွားခဲ့သည့်အတွက် ငွေကျပ် သိန်း ၁၈၀၀ ခန့် ပါသွားကြောင်းလည်း အာဏာပိုင်များမှ အတည် ပြုပြောဆိုသည်။

ယခုနောက်ဆုံး ရရှိသည့် သတင်းအရ သေဆုံးသွားပြီဟု ဆိုခဲ့သည့် တပ်မတော်အရာရှိမှာ မသေဆုံးသေးဘဲ ၎င်း ရရှိသည့် ဒဏ်ရာများကို ပုဏ္ဏားကျွန်းမြို့နယ်ရှိ တပ်စခန်းတခုထဲတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ဆက်စပ်ဖတ်ရှုရန်

စစ်​တွေ က​မ္ဘောဇဘဏ် ဓါးပြတိုက်ခံရ

ဆန်သွားသယ်သည့် ပလက်ဝက ဒုက္ခသည်များ လမ်းတွင် အပစ်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading