မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိ၊ အခြားအဆင့်နှင့် စာရေးဝန်ထမ်းများ အားလုံးကို ၄ လ အတွင်း ဝိတ်ချရန် နေပြည်တော်ရှိ ရဲချုပ်ရုံးက ညွှန်ကြားထားပြီး လိုက်နာမှု မရှိသူများကို အရေးယူမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ရဲတပ်ဖွဲ့ ဝင်များကို ကိုယ်အလေးချိန်နှင့် အရပ်အမောင်း ကိုက်ညီအောင် နေထိုင်ရန် ညွှန်ကြားချက်မှာ ရှိပြီး ဖြစ်သော် လည်း ယခုလို အမိန့် သီးသန့် ထွက်ရှိခြင်းမှာ ရက်ပိုင်းသာ ရှိသေးကြောင်း၊ ၎င်းတို့ အနေဖြင့် Body Mass Index (BMI) ဟု ခေါ်သည့် ကိုယ်အလေးချိန်နှင့် အရပ်အမောင်းကို တိုင်းတာ၍ တင်ပြရလေ့ ရှိကြောင်း နေပြည်တော် ရဲချုပ်ရုံးမှ ဒုတိယ ရဲမှူးကြီး တဦးက ပြောသည်။
“ပုံမှန်ကတော့ လုပ်ခိုင်းနေတာ ကြာပြီ။ ကိုယ်အလေးချိန်နဲ့ အရပ်အမောင်းကို ကိုက်ညီအောင် နေဖို့။ BMI တိုင်းရတယ်။ သူရဲ့ ရှိသင့်ရှိထိုက်တဲ့ အရပ်အမောင်းနဲ့ ခန္ဓာကိုယ်ရဲ့ အလေးချိန်ပေါ့။ ကျနော်က ၅ ပေ ၅ လက်မ ဆိုရင် ကိုယ်အလေးချိန် က ၁၄၃ ပေါင်အထိပဲ ရှိရမယ်။ အဲဒီထက်ကျော်ရင်တော့ လျှော့ပေါ့ဗျာ”ဟု ၎င်းက ပြောသည်။
ရဲချုပ်ရုံး၏ ညွှန်ကြားချက်ကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးများက အောက်ခြေ အဆင့်ဆင့်သို့ ဆက်လက် ညွှန်ကြားခဲ့ရာ BMI အတိုင်း ကိုက်ညီမှု ရှိစေရန် တာဝန်ရှိသူများက ကြပ်မတ်ရန်၊ BMI တိုင်းတာရရှိမှုကို စနစ်တကျ မှတ် တမ်းထားရှိရန် စသည့် အချက်များ ပါရှိကြောင်း ပျဉ်းမနားမြို့ နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူး အေးမြင့်နိုင်က ပြောသည်။
ရဲမှူး အေးမြင့်နိုင်က“ညွှန်ကြားချက်ရောက်တယ်။ ၄ လအတွင်း ဝိတ်ချရမယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် ၎င်း၏ တပ်ဖွဲ့ ဝင်များတွင် သတ်မှတ်ထားသည့် အရပ်အမောင်းနှင့် ခန္ဓာကိုယ် အချိုးအစားများ ပြည့်မီစေရေး လေ့ကျင့်ခန်းများ ပြုလုပ်ရန် တိုက်တွန်းရမည် ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ ဝင်များ အားကစား လုပ်နိုင်စေရန် စီစဉ်ပေးရမည်ဟု ဆိုသည်။
“စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာတော့ နည်းနည်း အားစိုက်ပြီး လုပ်ပေးရမှာပေါ့။ ပြီးရင် ဝိတ်ကျမှု ရှိ၊ မရှိကို တိုင်းတာမယ်။ အစားအသောက်နဲ့ ပတ်သက်ပြီးတော့ အဝလွန်စေတဲ့ အစားအစာတွေကို မစားမိအောင် ညွှန်ကြားချက်လေးတွေ လုပ်ပေးရမှာပေါ့”ဟု ရဲမှူး အေးမြင့်နိုင်က ရှင်းပြသည်။
၄ လတာ ကာလအတွင်း ဝိတ်ချရန်မှာ လက်တွေ့ တွင် မဖြစ်နိုင်ကြောင်း၊ ရဲတပ်ဖွဲ့ ဝင်များသည် စိတ်ပိုင်းဆိုင်ရာ ဖိအားများ ရှိခြင်း၊ အလုပ်များခြင်း၊ အထိုင်များခြင်းနှင့် အိပ်ရေး ပျက်ခြင်းတို့ကြောင့် အသက် ၃၀ ကျော်သည့်အခါ အဝလွန်သည့် ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း နေပြည်တော်မှ အမည်မဖော်လိုသော ရဲအုပ်တဦးက ပြောသည်။
“တချို့ကလည်း ကျနော်တို့ဆီမှာ ဆိုးဆိုးဝါးဝါးတွေ ဖြစ်နေတာလည်း ရှိတယ်။ နဂိုကတည်းက မထိန်းခဲ့ကြတာ။ အခု ကျတော့ BMI သတ်မှတ်ချက်နဲ့ ကိုက်ညီမှ ရာထူးပေးမယ်၊ စည်းကမ်း ထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူမယ်ဆိုပြီး အမိန့်တွေ ထွက်လာတယ်။ ဒီကာလအတွင်းမှာ တပြေးညီ ဖြစ်လာဖို့ကတော့ မလွယ်ဘူး”ဟု ယင်းရဲအုပ်က ပြောသည်။
အခြား ရဲအရာရှိတဦးကမူ“ကျနော်တို့ စခန်းတွေမှာတော့ အားတဲ့ရဲက တယောက်မှ မရှိဘူး။ အကုန်အလုပ်တွေနဲ့ချည်းပဲ။ ဘယ်အချိန် ဝိတ်ချခိုင်းရမလဲတောင် မသိဘူး”ဟု ပြောသည်။
ရဲတပ်ဖွဲ့ ဝင်များကို ဝိတ်ချခိုင်းမည် ဆိုပါက ကျန်းမာရေး ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးရန် လိုကြောင်း၊ ယခု ညွှန်ကြား ချက်ကြောင့် မဖြစ်မနေ ဝိတ်ချရသည့်အခါ မလိုလားအပ်သည့် ကျန်းမာရေး နောက်ဆက်တွဲ ပြဿနာများ ကြုံတွေ့ ရနိုင် သည့်အပြင် ၄ လအတွင်း ဝိတ်ချရန်မှာ မလွယ်ကြောင်း ရန်ကုန်မြို့ မှ ဆရာဝန် ဒေါက်တာ ဒေါက်တာကျော်စွာဦးက ပြော သည်။
ဒေါက်တာ ကျော်စွာဦးက“အစားစားချိန် မစားရတဲ့ အခါ အစာအိမ်ယောင်လာတာတို့ ဖြစ်တတ်တယ်။ ခါးလေ့ကျင့်ခန်းတွေ၊ ဗိုက်ခေါက်မထွက်အောင် လုပ်ရင်းနဲ့ အရိုးအဆက် ယောင်လာတာတို့ နာသွားတာတွေ ဒဏ်ဖြစ်တာတွေ ဖြစ်တတ်တယ်။ ဝိတ်ကစားတာ အချိန်အဆ မမှန်ရင် ဒဏ်ဖြစ်တတ်တယ်။ အဆီကျဆေးတွေ သောက်ရင်လည်း အန္တရာယ် ရှိတယ်”ဟု ဒေါက်တာ ကျော်စွာဦးက ပြောသည်။
ရဲတပ်ဖွဲ့ ဝင်များ၏ ၎င်းတို့၏ အလုပ်သဘောသဘာဝအရ လူဆိုးဖမ်းခြင်း၊ အမှုလိုက်ခြင်း ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် ကျန်းမာသန်စွမ်းရန် လိုသော်လည်း ၄ လ အတွင်း ဝိတ်ချရမည်ဆိုသည့် အချက်မှာ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက် ညီမှု ရှိရန်လည်း လိုကြောင်း ရန်ကုန်မြို့ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။
“ရဲတပ်ဖွဲ့ဝင်တွေက အရမ်းစားလို့ ဝတုတ်နေတာတွေ မဟုတ်ဘူး။ စားလိုက်တဲ့ အစားအစာတွေက အဟာရ မပြည်ဘဲနဲ့ အဝလွန်တဲ့ဘက်ရောက်သွားတယ်။ ၄ လအတွင်း အပြတ်ဆိုတာထက် ဘယ်လို အာဟာရဓာတ်ကို ပြည့်ပြည့်ဝဝ စားရသ လဲ။ နှစ်ပေါင်းများစွာ စွဲမြဲလာခဲ့တဲ့ ပုံစံအရ ၄ လ အတွင်းမှာ ဝိတ်ကျသွားပါ့မလားဆိုတဲ့ မေးခွန်းရှိပါတယ်။ အလုပ်က ထုတ်ပစ်ဖို့ထက် ဝိုင်းဝန်းကူညီသင့်တယ်လို့ မြင်တယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင် အင်အား ၈ သောင်းခန့် ရှိပြီး ၎င်းတို့ထဲတွင် အဝလွန်သည့်ဟု ပြောနိုင်သည့် ရဲအရည်အတွက် မှာ ၁၀ ရာခိုင်နှုန်း ဝန်းကျင် ရှိနိုင်ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက ခန့်မှန်းထားသည်။
You may also like these stories:
ပုဏ္ဏားကျွန်းတွင် AA က တပ်အရာရှိ ၁ ဦးကို သတ်ပြီး ၁ ဦး ဖမ်းဆီးသွား
မိုးကြိုးပစ်လို့ ဇွန်လ ပထမပတ်မှာ လူ ၆၂ ဦး သေ