ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၌ ဖြစ်ပွားခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO ) ကားပစ်ခတ်ခံမှုနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပေးထားသည့် စုံစမ်း စစ်ဆေးရေးကော်မတီ အဖွဲ့ ဒုတိယအကြိမ် ကွင်းဆင်း စစ်ဆေးနေသည်။
အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မတီ အဖွဲ့သည် ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းက လေကြောင်းဖြင့် စစ်တွေမြို့ ရောက်ရှိလာကာ ကွင်းဆင်း စစ်ဆေးနေခြင်းဖြစ်ကြောင်း၊ ယခုတကြိမ် ခရီးစဉ်သည် ၃ ရက်ကြာမြင့်မည်ဖြစ်ကြောင်း ကော်မတီအဖွဲ့ဝင် ဒေါက်တာအောင်သူရိန်က ပြောသည်။
ဒေါက်တာအောင်သူရိန်က “ကျနော်တို့ မနေ့က မနက်ပိုင်းမှာ စစ်တွေကို ရောက်ပြီးတော့ တွေ့သင့် တွေ့ထိုက်သူတွေနဲ့ တွေ့ဆုံပြီး ဒုတိယ အကြိမ်အဖြစ် ကွင်းဆင်း စုံစမ်း စစ်ဆေးမှုတွေကို လုပ်နေပါတယ်။” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်ပြီး ဒေါက်တာအောင်သူရိန်က “ဘယ်သူတွေနဲ့တွေ့မယ်။ ဘယ်နေရာတွေကို သွားမယ်ဆိုတာတော့ ကျနော်တို့ ပြောလို့မရဘူး။ အခုတကြိမ် ကွင်းဆင်း စစ်ဆေး ပြီးရင်တော့ ကျနော်တို့ ကော်မတီရဲ့လုပ်ငန်းစဉ်တွေ တော်တော်များများ ပြီးစီးမယ်။ အချက်အလက်တွေလည်း တော်တော်များများ ရရှိမယ်လို့တော့ မျှော်မှန်းထားပါတယ်” ဟု ရှင်းပြသည်။
အဆိုပါ စုံစမ်း စစ်ဆေးရေးကော်မတီအဖွဲ့ကိုဧပြီလ ၂၈ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတဦးဝင်းမြင့် လက်မှတ်ဖြင့် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။
စုံစမ်း စစ်ဆေးရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီမှ ဦးစောက တာဝန်ယူထားပြီး အဖွဲ့ဝင်များ အဖြစ် ကမ္ဘာ့ကုလ အကြီးတန်း အကြံပေး ပုဂ္ဂိုလ် (အငြိမ်းစား) ဒေါက်တာ စုစု သာထွန်း၊ လူမှုဝန်ထမ်း၊ကယ်ဆေးရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာ အောင်သူ ရိန်၊ အတွင်းရေးမှူး အဖြစ် ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးကြီး ထိန်လင်းတို့ ပါဝင်သည်။
လုပ်ငန်းတာဝန်များမှာ ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာ၏ နောက်ခံ အခြေအနေ၊ ဖြစ်ပွားခဲ့ရသည့် အကြောင်းအရင်း၊ ဖြစ်စဉ် အသေးစိတ် စသည်တို့ကို သိရှိနိုင်ရန် ဖြစ်စဉ်နေရာသို့ သွားရောက်၍ မြေပြင် ကွင်းဆင်း စစ်ဆေးမှုများကို ဆောင်ရွက်ခြင်း ၊ WHO မော်တော်ယာဉ် တိုက်ခိုက်ခံရခြင်းများ အတွက် မျက်မြင်သက်သေများ၊ အထောက်အထားများ ရှာဖွေ စုံစမ်း၍ ထွက်ဆိုချက်များ ရယူခြင်း စသည်တို့ ပါဝင်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကား ပစ်ခတ်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးမှ ယခု ဖွဲ့စည်းလိုက်သော် ကော်မတီတွင် သမာသမတ်ကျသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ပါဝင်ခြင်း မရှိသလို ဒေသခံ ရခိုင် တိုင်းရင်းသား နိုင်ငံရေး သမားများလည်း ပါဝင်ခြင်း မရှိသည့်အတွက် စုံစမ်းမှုများတွင် အမှန်အတိုင်း ဖြစ်လာရေးကို ဝေဖန် ထောက်ပြမှုများလည်း ရှိနေသည်။
အဆိုပါ စုံစမ်း စစ်ဆေးရေး ကော်မတီသည် မေလ ၁၂ ရက်နေ့က ပထမဆုံးအကြိမ် အဖြစ် ရခိုင်ပြည်နယ်သို့ လာရောက် ကွင်းဆင်းခဲ့ပြီး အခင်းဖြစ်ပွားခဲ့သည့် မင်းပြား မြို့နယ် ရာမောင်တံတားအနီးနှင့် ပစ်ခတ်ခံရသည့် မော်တော်ယာဉ်ကို စစ် ဆေးခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှတို့ အပါအဝင် မင်းပြားမြို့နယ်ရှိ ဒေသအာဏာပိုင်များနှင့်လည်း တွေ့ဆုံခဲ့သည်။
ဧပြီလ ၂၀ ရက် ညနေ ၅ နာရီဝန်းကျင်က မင်းပြားမြို့နယ် ရာမောင်တံတား အနီးဝန်းကျင်တွင် ရခိုင်ပြည်နယ်အတွင်းမှ ကိုဗစ်-၁၉ သံသယ လူနာများ၏ ဆေးစစ်ချက် နမူနာများကို စစ်တွေမှ ရန်ကုန်သို့ သွားရောက်ပို့ဆောင်သည့် ကမ္ဘာ့ ကျန်းမာရေး ဌာနအဖွဲ့ပိုင်( WHO ) ကား ပစ်ခတ်ခံရပြီး ဝန်ထမ်းဖြစ်သူ ကားဒရိုင်ဘာ ကိုပြည့်စုံဝင်းမောင်မှာ မင်းပြား ဆေးရုံတွင် ကုသမှုခံယူရင်း သေဆုံးခဲ့ကာ ကျန်းမားရေး ဝန်ထမ်း ကိုအောင်မျိုးဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် စစ်တွေ ဆေးရုံတွင် တက်ရောက် ကုသခဲ့ရသည်။
ထိုပစ်ခတ်မှုမှာ တပ်မတော်နှင့် AA တို့ က အပြန်အလှန် စွပ်စွဲကြသော်လည်း ကုလသမဂ္ဂ (UN) အနေဖြင့် ဖြစ်စဉ် အမှန် ကို စုံစမ်းလေ့လာလျှက်ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်းများကလည်း အဖြစ်မှန်ကို စုံစမ်း ဖော်ထုတ်ပြီး ကျူးလွန်သူကို အရေးယူပေးရန် တောင်းဆိုထားကြသည်။
WHO မော်တော်ယာဉ် ပစ်ခတ်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နောက် တနေ့ ဧပြီလ ၂၁ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မှ စစ်တွေသို့ လာရောက်သည့် CPS ပိုးသတ်ဆေးကုမ္ပဏီမှ ကား မှာ ရာမောင်တံတား၏ အရှေ့ဘက်ကမ်း ရန်ကုန်- စစ်တွေ ကားလမ်းပေါ်တွင် ထပ်မံ အပစ်ခံရပြီး ဝန်ထမ်း ကိုနွယ်နွယ်မောင်မှာ ပွဲချင်းပြီးသေဆုံးကာ ကိုဟိန်းထက်ဦးမှာ ဧပြီ ၂၆ ရက်နေ့တွင် စစ်တွေဆေးရုံ၌ သေဆုံးသွားခဲ့သည်။
ဆက်စပ်လင့်
WHO ကားပစ်ခတ်ခံရခြင်း ပထမအကြိမ် ကွင်းဆင်းစစ်ဆေးမှု ပြီးဆုံး
ရခိုင်က COVID-19 ပိုးတွေ့လူနာ၂ ဦး အခြေအနေ
ရခိုင်ပဋိပက္ခ မည်သည့်ရှုထောင့်ကမဆို အခြေအနေ ပိုဆိုးရွားနေ
Covid-19 ကပ်ဆိုက်နေချိန် ပြင်းထန်သော ရခိုင်စစ်ပွဲကြောင့် လူရာချီသေဆုံးနေ