COVID-19 ကပ်ရောဂါ ကာလ လူစုလူဝေးဖြင့် ဝတ်ပြု ဆုတောင်းခြင်းများ အပါအဝင် ဘာသာရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အရေးယူထားသည့် အမှု ၈မှု ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးကြည်မင်းက မနေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဦးကြည်မင်းက “လက်ရှိ အနေအထားမှာတော့ စာရင်းအရ ၈ ခု ရှိပါတယ်။ အကြမ်းဖျင်း ပြောမယ်ဆိုရင်တော့ မန္တလေး တိုင်းဒေသကြီးမှာ အစ္စလာမ် ဘာသာရေး တရားဟောတဲ့ဆရာ သူနဲ့ ပတ်သက်လို့ အရေးယူထားတာ ရှိတယ်။ မွန်မှာ ထီး တော်တင်တဲ့ အခမ်းအနား ဆောင်ရွက်တာ ရှိတယ်။ ဒါနဲ့ ပတ်သက်လို့ အရေးယူတယ်” ဟု ပြောဆိုသည်။
အဆိုပါ အမှု ၂ ခုအပြင် ရန်ကုန်ရှိ ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားအမှု၊ မြောက်ဒဂုံတွင် သံဃာတော်များကို စော်ကားသည်ဟု ဆိုသောအမှု၊ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် လူစုလူဝေးဖြင့် အလှူပွဲ ပြုလုပ်ခဲ့သည့် အမှုများကိုလည်း အရေးယူခဲ့ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ သာသနာ့ပါလ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသုမေဓာ မထေရ်မြတ်၏ အန္တိမဈာပန အခမ်းအနား လူစုလူဝေးဖြင့် ကျင်းပခဲ့မှု၊ မန္တလေးတိုင်း ချမ်အေးသာစံမြို့နယ် ဂျွန်းဗလီတွင် လူအင်အား ၂၀၀ ခန့်ဖြင့် ဝတ်ပြု ဆုတောင်းခဲ့မှု၊ မိထ္ထီလာမြို့ဈေးအရှေ့ပြင် ရပ်ကွက် နေအိမ်တအိမ်တွင် လူစုလူဝေးဖြင့် ဝတ်ပြု ဆုတောင်းခဲ့မှုများကိုလည်း အရေးယူထားကြောင်း သိရသည်။
ယခု ၈ မှုတွင် တခု အပါအဝင် ဖြစ်သော မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်ရှိ နေအိမ် ၁ အိမ်တွင် လူစုလူဝေးဖြင့် အစ္စလာမ် ဘာသာရေးဆိုင်ရာ ဝတ်ပြု ဆုတောင်းခဲ့သူ ၁၄ ဦး အနက် ၁၂ ဦးကို သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် ထောင်ဒဏ် ၃ လစီ ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
တနင်္သာရီ ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ ဖြစ်စဉ်မှာ ဒေသန္တရ အမိန့်ကို ဖောက်ဖျက်၍ ဘုန်းကြီးပျံပွဲကို ဂေါပကများနှင့် ဒယကာ၊ ဒယိကာမများ အပါအဝင် လူဦးရေ ၂၀၀ ကျော်သည် ဧပြီလ ၂၀ ရက်က လိုက်ပါ ပို့ဆောင်ခဲ့သဖြင့် ဦးဆောင်သူ ဂေါပကများကို တရားစွဲကာ ပုဒ်မ ၁၈၈ ဖြင့် တရားစွဲကာ ဒဏ်ငွေ ၁ သိန်း ချမှတ်ခဲ့ကြောင်း သိရသည်။
သာသာနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာ၏ အရေးယူမှုများတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ် ဘာသာဝင် တို့၏ ဘာသာရေးအရ လူစုလူဝေး ဖြစ်ခဲ့မှုများကို အရေးယူထားခဲ့သည့် ဖြစ်စဉ်များ ပါရှိသော်လည်း ရန်ကုန်တိုင်း ဝန်ကြီး ချုပ် ဦးဆောင် တက်ရောက်ခဲ့သည် ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်တွင် လူစုလူဝေးဖြင့် ကျင်းပခဲ့ သည့် ဘာသာရေး အခမ်းအနား ကိစ္စရပ်မှာမူ ယခု အရေးယူထားသည့် စာရင်းတွင် ပါဝင်လာခြင်း မရှိခဲ့ပေ။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ရန်ကုန်မြို့ ရွှေတိဂုံစေတီနှင့် ပတ်သက်သည့် ကိစ္စရပ်များကို တိုက်ရိုက် ကိုင်တွယ် ဆောင်ရွက်သော်လည်း ဗိုလ်တထောင်ကိစ္စရပ်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ၏ ကွပ်ကဲမှု အောက် တွင်သာ ရှိသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဒု ဝန်ကြီး ဦးကြည်မင်းက ပြောသည်။
ဦးကြည်မင်းက “သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရရဲ့ ဆောင်ရွက်မှုကတော့ ကျနော်တို့ဆီကို တင်ပြစရာလည်း မလိုပါ ဘူး။ နိုင်ငံတော် သမ္မတရုံးကလည်း ကျနော်တို့ဆီကို သဘောထား တောင်းတာ မရှိပါဘူး” ဟု ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကို နိုင်ငံတော် သမ္မတရုံးသို့ ရှင်းလင်း တင်ပြရန် ညွှန် ကြားထားပြီး ထိုကိစ္စနှင့်ပတ်သက်၍ သမ္မတရုံးက စိစစ်ကာ ပြန်လည် ရှင်းလင်းမည့် အခြေအနေသာ အတည်ဖြစ်မည်ဟု ၎င်းက ပြောသည်။
အစ္စလာမ် ဘာသာဝင်များ အနေဖြင့် COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်တွင် အစိုးရ၏ မေတ္တာရပ်ခံချက်များ အရ ဗလီများသို့ သက်ကြီး ရွယ်အိုများ၊ ကလေးသူငယ်များ မလာကြရန်၊ အဖျားတိုင်းခြင်း လက်ဆေးခြင်းများကို လုပ်ဆောင် နေစဉ် ၅ ယောက် ထက်ပိုမစုရဟု တားမြစ်ချက်ကြောင့် ဗလီများတွင် ဗလီဆရာနှင့် ဂေါပကအဖွဲ့ဝင် ၅ ဦးခန့်သာ ဝတ်ပြု ဆုတောင်းခြင်းများကို ပြုလုပ်လျက် ရှိကြောင်း အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တဦးဖြစ်သူ ဟာဂျီ ဦးအေးလွင်က ပြောသည်။
ဟာဂျီ ဦးအေးလွင်က “ဥပုသ်လ ၁ လလုံးတောင် ကိုယ့်အိမ်မှာကိုယ် စိတ်ရှည်ရှည်နဲ့ သည်းခံပြီးတော့ ဝတ်ပြုပြီးပြီ။ အခု ဒီ လောက် ဟာလေးကိုတော့ ဆက်လက်ပြီး သည်းခံပါ။ နိုင်ငံရဲ့ ဥပဒေကိုလည်း လေးစားပါ။ တရားတော်ရဲ့ ဥပဒေအတိုင်း လည်း လေးစားပါ။ အဲဒါလေး မေတ္တာ ရပ်ခံချင်ပါတယ်” ဟု ပြောသည်။
လူစုလူဝေး လုပ်ခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရ လိုက်နာရမည့် အချက်များရှိသလို၊ ပြည်သူများ လိုက်နာရမည့် အချက်များလည်း ရှိကြောင်း၊ သတ်မှတ်ထားသည့် သက်တမ်း မကုန်ဆုံးသရွေ့ညွှန်ကြားချက်များ အတိုင်းလိုက်နာ ဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ကြောင်း မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာ လှမိုးကလည်း အကြံပြုသည်။
“ပြည်သူပြည်သား လိုက်နာရမယ့် ဟာတိုင်းကို အစိုးရ လိုက်နာဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ပြည်သူပြည်သားတွေ လူ စုလူဝေး လုပ်ခြင်းနဲ့ အစိုးရ လူစုလူဝေးလုပ်ခြင်းနဲ့ပေါ့။ အစိုးရကလည်း အစည်းအဝေးတွေ ဘာတွေ မလုပ်ရင်လည်း ဘယ်ရှေ့ဆက် လုပ်ကြရမလဲ။ သူ့အကြောင်းလေးတွေတော့ အမျိုးမျိုး ရှိတာပေါ့။ ညွှန်ကြားချက်တွေအတိုင်း လိုက်နာ ရင်တော့ အကောင်းဆုံးပါပဲ” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို မြန်မာပြည်တွင်း အရေးယူခံမှု ဖြစ်စဉ်များ အပြင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် တဗလိဂ် (Tablighi Jamaat) အဖွဲ့က ပြုလုပ်သည့် ဘာသာရေး အခမ်းအနားသို့ တက်ရောက်ပြီး ပြန်လာသည့် မြန်မာနိုင်ငံသား၂၂ ဦးကိုလည်း အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၃ ခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
COVID-19 ကာလအတွင်း မန္တလေးတိုင်း မိထ္ထီလာမြို့တွင် နေထိုင်သူ ဆရာဝန် ၁ ဦးသည်လည်း လူမှုကွန်ရက် စာမျက်နှာ မှ တဆင့် နိုင်ငံတော်၏ ဘာသာ သာသနာနှင့် သံဃာတော်များကို ပုတ်ခတ်ရေးသားသည် ဟုဆိုကာ အမှုဖွင့် အရေးယူခံခဲ့ ရပြီး ထောင်ဒဏ် ၁ နှစ် ၉ လ ကျခံစေရန် မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် တရားရုံးက အမိန့် ချမှတ် ခံခဲ့ရသည်။
ထိုသို့ အမိန့် မချခံရစဉ် မေလ ၁၉ ရက်က ဆရာဝန် ကိုယ်တိုင် မိထ္ထီလာမြို့ရှိ ကိုးနဝင်းကျောင်းတိုက်တွင် ဝန်ချ တောင်း ပန်မှုများ လာရောက်ပြုလုပ်ရာ ထိုကျောင်းဝန်းအတွင်း လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး ၎င်းကို လက်ထိပ်ခတ် ခေါ်ဆောင်သွားစဉ် မြို့ခံများ၏ ခဲဖြင့် ပေါက်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်းနှင့် ရုန်းရင်းဆန်ခတ် အခြေအနေများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ COVID-19 ကို ကမ္ဘာ့ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၀ မတ်လ ၁၁ ရက်က စတင် ကြေညာခဲ့သည်။
ထိုကြောင့် အစိုးရက ဇန်နဝါရီလ ၃၀ ရက်တွင် ဖွဲ့စည်းထားသည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟို ကော် မတီကို မတ်လ ၁၃ ရက်တွင် အမျိုးသား အဆင့်ဗဟိုကော်မတီအဖြစ် တိုးမြှင့် ဖွဲ့စည်းပြီး ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူစုလူဝေးများနှင့် ပွဲလမ်းသဘင်များ မပြုလုပ်ရန် စသည့် အချက်များ ပါဝင်သော တားမြစ်ချက် များကို ဧပြီလကုန် စတင်ကာ အဆင့်ဆင့် သက်တမ်း တိုးခဲ့ပြီးနောက် ယခုအခါ တချို့ တားမြစ်ချက်များကို ဖြေလျှော့ပေး ကာ ဇွန်လ ၁၅ ရက်ထိ ထပ်မံ သက်တမ်း တိုးမြှင့်ထားသည်။
မြန်မာနိုင်ငံတွင် ဇွန်လ ၁၁ ရက် မနက်ပိုင်းထိ COVID-19 ရောဂါပိုးတွေ့ရှိသူ၂၄၉ ဦး၊ သေဆုံး ၆ ဦးနှင့် ပြန်လည် သက် သာလာသူ ၁၆၅ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
ဘာသာရေး အခမ်းအနား၌ ပါဝင်သည့် မြန်မာ တဗလိဂ် ၂၂ ဦးကို အိန္ဒိယအစိုးရ အမှုဖွင့်ထား
ကူးစက်နှုန်း ကျဆင်းသော်လည်း ကိုဗစ်-၁၉ သတိ မပေါ့ရန် ကျန်းမာရေးဝန်ကြီး သတိပေး
ကိုဗစ်-၁၉ ဥပဒေချိုးဖောက်မှု ပြစ်ဒဏ်အမျိုးမျိုးအပေါ် ဝေဖန်နေ
ဒေသန္တရအမိန့် ဖောက်ဖျက်၍ ဘုန်းကြီးပျံနှင့် မင်္ဂလာပွဲ ကျင်းပသူများကို ငွေဒဏ်ချမှတ်
လူစုလူဝေးဖြင့် ပွဲကျင်းပခဲ့မှု အပေါ် ဦးဖြိုးမင်းသိန်းကို ပြန်ဖြေရှင်းဖို့ သမ္မတရုံး ညွှန်ကြားထား