မှတ်ပုံတင် မရှိသည့် ကရင်နီ ဒုက္ခသည်များသည်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးရန် ဆန္ဒရှိနေ သည်ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဧရာဝတီ သို့ ပြောသည်။
အဆိုပါ ဒုက္ခသည်များသည် ပြည်တွင်းစစ်များကြောင့် ၁၉၈၇ ခုနှစ်ကတည်းက ထွက်ပြေးလာကြပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ဒုက္ခသည်များအဖြစ် မှတ်ပုံတင်၊ အိမ်ထောင်စု ဇယားများ မရှိဘဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) မှ ထုတ်ပေးထားသည့် ကတ်ဖြင့်သာ နေထိုင်ကြရသူများ ဖြစ်သည်။
ဦးရွှေမျိုးသန့်က“သူတို့လည်း မဲပေးခွင့် ရချင်တာပေါ့။ ကျနော်ထင်တာတော့ သူတို့ မဲပေးခွင့်ရမှာ မဟုတ်ဘူး။ သူတို့မှာ မှတ်ပုံတင် မရှိဘူးလေ။ မဲပေးဖို့ဆို မှတ်ပုံတင်ရှိဖို့ လိုသလို မဲဆန္ဒရှင်စာရင်းမှာ သူတို့ နာမည်တွေ ပါဖို့ လိုတယ်။ ကျနော်တို့ ပြည်နယ်အတွက် ကိုယ်စားလှယ်ကို ကျနော်တို့ကိုယ်တိုင် ရွေးချယ်နိုင်ရင် ပြည်နယ် အစိုး ရကို ကိုယ့်ဘာသာ ဖွဲ့လို့ ရတယ်” ဟု ပြောသည်။
ထိုင်း- မြန်မာနယ်စပ်တွင် ဒုက္ခသည် စခန်းပေါင်း ၉ ခု ရှိရာ ကယားပြည်နယ်နှင့် ထိစပ်လျက်နေသည့် ထိုင်း နိုင်ငံ မယ်ဟောင်ဆောင် ခရိုင်ရှိ ကရင်နီ ဒုက္ခသည်စခန်း ၂ ခုလည်း ပါဝင်သည်။
ထိုကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ နှင့် ၂ ရှိတွင် ဒုက္ခသည်ပေါင်း ၁၀၂၈၂ ဦး ရှိသည့်အနက် မဲပေးနိုင်သူဦး ရေ ၉ ထောင် နီးပါးရှိသည်ဟု စခန်း တာဝန်ခံများထံက သိရသည်။
ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ ကို ၁၉၉၅ ခုနှစ်က ရောက်ရှိလာခဲ့သည့် ဒုက္ခသည် ဦးမီရယ်က “ကျနော်တို့ စခန်းဘက်ကို မဲပေးဖို့ လာပြောကြတော့ ကျနော်တို့လည်း မဲပေးချင်တယ်။ ကျနော်တို့က နိုင်ငံမဲ့တွေလို ခံစား နေရတယ်။ ထိုင်းကလည်း နိုင်ငံသားအဖြစ် လက်မခံဘူး။ မြန်မာပြည်မှာကလည်း နိုင်ငံသား အထောက် အထား ဘာမှ မရှိတော့။ တကယ်လို့ မဲပေးခွင့် ရမယ်ဆိုရင် ကျနော်တို့က ဒီနိုင်ငံသား ဖြစ်သွားမှာပေါ့” ဟု ပြော သည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပမည် ဖြစ်ပြီး တနိုင်ငံလုံးတွင် မဲပေးခွင့် ရှိသည့် မဲဆန္ဒရှင်ပေါင်း ၃၇ သန်းကျော် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ကယားပြည်နယ်တွင် မည်သည့်ကတ်မှ ကိုင်ဆောင်ခြင်း မရှိသူ ၁၉၂၃၈ ဦး ရှိရာ ၂၀၁၅ ရွေးကောက်ပွဲတွင် ထိုမှတ်ပုံတင် မရှိသူများ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု ကယားပြည်နယ်ရှိ အရပ်ဘက် အဖွဲ့အစည်းတခု ဖြစ်သည့် Lain Technical Support Group (LAIN) နည်းပညာ အထောက် အကူပြုအဖွဲ့၏ ဥက္ကဋ္ဌ ဦးကျော်ထင်အောင်က ဆိုသည်။
ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့် မည်သည့်ကတ်မှ ကိုင်ဆောင်ခြင်း မရှိသူများကို စီမံချက်ဖြင့် မှတ်ပုံတင် လုပ်ဆောင်မပေးပါက လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်လည်း မဲပေးခွင့် ဆုံးရှုံးနိုင် သူများ ရှိလာနိုင်သည်ဟု ၎င်းက သုံးသပ်ထားသည်။
ဦးကျော်ထင်အောင်က က “မှတ်ပုံတင် မရှိသူတွေကို ကြံ့ခိုင်ရေး (USDP)က မဲပေးခွင့် ကတ်ပြား ထုတ်ပေးတဲ့ ဖြစ်စဉ် ရှိခဲ့တဲ့အတွက် ကျနော်တို့ က ၂၀၂၀ မှာ ဒုက္ခသည်တွေ မဲပေးပိုင်ခွင့်ရဖို့ စီမံချက်နဲ့ လုပ်ပေးစေချင် တယ်။ လက်ရှိ ကျနော် တိတိကျကျ မကောက်ယူနိုင်ပေမယ့် ပြည်နယ်အတွင်းမှာ ဘယ်ကတ်မှ ကိုင်ဆောင် ထားတာ မရှိတာ ၁ သောင်းကျော်ရှိ နေသေးသလို ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ နဲ့ ၂ မှာ နေတဲ့လူဦးရေ ၁ သောင်းကျော်မှာ ၁၈ နှစ်ပြည့်ပြီးသား ၉ ထောင်လောက်ကလည်း မဲပေးခွင့် ဆုံးရှုံးနေတယ်” ဟု ပြောသည်။
ဒုက္ခသည်စခန်းမှ အမျိုးသမီးများနှင့် ကလေးသူငယ် အရေးကိစ္စများ ဆောင်ရွက်နေသည့် ကရင်နီ အမျိုးသမီး အစည်းအရုံး (KNOW) ဥက္ကဋ္ဌ ဒေါ်မီးမီးကလည်း “မှတ်ပုံတင် မရှိလို့ ၂၀၁၅ တုန်းက မဲမပေးခဲ့ရတော့ သူတို့က ၂၀၂၀ မှာတော့ မဲပေးချင်နေကြတယ်။ အမှန်က ကိုယ့်နိုင်ငံထဲက နိုင်ငံသားတွေပဲလေ။ ပြည်တွင်းစစ် ဖြစ်လို့ သာ ထွက်ပြေးလာရတယ်။ သူတို့အိမ်တွေ မီးရှို့ခံရနဲ့ သူတို့ အသက်စွန့်ပြေးလာရတဲ့ သူတွေပါ။ အဲဒီတော့ သူတို့ကိုလည်း နိုင်ငံသားအနေနဲ့ အသိအမှတ်ပြုဖို့ လိုသလို မဲပေးပိုင်ခွင့်ပေးဖို့လည်း လိုတယ်” ဟု ဆိုသည်။
KNPP သည် ၁၉၉၅ ခုနှစ် မတ်လက တပ်မတော်နှင့် ငြိမ်းချမ်းရေး ယူခဲ့သည့် လက်နက်ကိုင် အဖွဲ့အစည်း တခု ဖြစ်ပြီး အဆိုပါ ငြိမ်းချမ်းရေးသည် ၃ လ အကြာတွင် ပျက်ပြယ်သွားခဲ့သည်။
တဖန်၂၀၁၂ ခုနှစ်တွင် KNPP နှင့် အစိုးရ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရာတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များနှင့် မိသားစုများ အပါအဝင် ဒုက္ခသည်များကိုလည်း မှတ်ပုံတင် ရရှိရေး ဆောင်ရွက်ပေး ရန် ကိစ္စရပ်များ ထည့်သွင်း တောင်းဆိုခဲ့ဖူးကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
၂၀၂၀ ရွေးကောက်ပွဲ၌ တိုင်းရင်းသားပါတီကိုသာ ဝန်းရံမည်ဟု ကရင်နီလူငယ်ထု ထုတ်ပြန်
ပြည်နယ် အခြေခံတဲ့ နိုင်ငံရေးစနစ် ထွန်းကားဖို့ ပြည်နယ်နိုင်ငံရေး ပါတီတွေကို မဲပေးဖို့ လိုတယ်
၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားမဲဆန္ဒရှင်များ ဘေးဖယ်ခံနေကြရသည်