မြန်မာနိုင်ငံ၏ ပဉ္စမမြောက် COVID-19 ဓာတ်ခွဲခန်းကို ရှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ဖွင့်လှစ်ရန် နီးကပ်နေပြီ ဖြစ်ပြီး နောက်လအတွင်းတွင် စမ်းသပ်မှုများ ပြုလုပ်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။
မွန်ပြည်နယ်မြို့တော် မော်လမြိုင်ရှိ စတုတ္ထမြောက် ဓာတ်ခွဲခန်းက COVID-19 စစ်ဆေးမှုများကို ဇွန်လ ၂ ရက်နေ့တွင် စတင်ပြုလုပ်နေပြီသည်။
COVID-19 ဓာတ်ခွဲခန်းကို တောင်ကြီးမြို့ရှိ စဝ်စံထွန်း ဆေးရုံတွင် မေလနှောင်းပိုင်းက စတင်ခဲ့ကြောင်း ရှမ်းပြည်နယ် ကျန်းမာရေး ညွှန်ကြားရေးမှူး ဒေါက်တာသူဇာချစ်တင် က ဧရာဝတီသို့ ပြောသည်။
တရုတ်နိုင်ငံမှ လှူဒါန်းသည့်စက်များဖြင့် ဓာတ်ခွဲခန်းပြင်ဆင်ရေးအတွက် ပြည်နယ်အစိုးရက ကျပ် ၁၂၉ သန်း (အမေရိ ကန် ဒေါ်လာ ၉၃၀၀၀) သုံးစွဲခဲ့သည်ဟု သူက ပြောသည်။
ဓာတ်ခွဲခန်းက ရှမ်းပြည်နယ် တခုလုံးနှင့် အိမ်နီးချင်းကယားပြည်နယ်အတွက် တနေ့လျှင် စစ်ဆေးမှု ၂၀၀ ပြုလုပ်မည်ဖြစ်ကြောင်း သူက ပြောသည်။
“ပြည်နယ်အတွင်းမှာ ဓာတ်ခွဲခန်းတခုရှိတာက ရောဂါထိန်းချုပ်ရေး အစီအစဉ်တွေကို ပိုမိုလွယ်ကူစေပြီး နှောင့်နှေး ကြန့်ကြာမှုတွေကို လျှော့ချပေးပါလိမ့်မယ်” ဟု ဒေါက်တာသူဇာချစ်တင်က ပြောသည်။
ယခင်က ဓာတ်ခွဲရန် နမူနာများကို ရန်ကုန်သို့ ပို့ရပြီး ရလဒ်များ သိရှိနိုင်ရန် ၃ ရက်ကြာ စောင့်ဆိုင်းခဲ့ရသလို သယ်ယူပို့ဆောင်ရေးစရိတ်ကလည်း မြင့်မားသည်။
ဇွန်လ ၈ ရက်နေ့ အထိ ရှမ်းပြည်နယ်တလွှားတွင် လူပေါင်း ၃၃၄၄ ဦး အား COVID-19 စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ရောဂါပိုး တွေ့ရှိရသူ ၉ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။
မြန်မာနိုင်ငံတွင် ရက်သတ္တ ၂ ပတ်ကြာ ကာလအတွင်း ပြည်တွင်းရောဂါကူးစက်ပျံ့နှံမှု မရှိခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်မှ အသက် ၃၀ အရွယ် ပြည်သူ့ကျန်းမာရေး အရာရှိတဦး COVID-19 ကူးစက်ခံထားရကြောင်း ဇွန်လ ၂ ရက်တွင် စစ်ဆေးတွေ့ ရှိခဲ့ရသည်။ သူက ခရီးသွားလာမှု ရာဇဝင် မရှိသလို COVID-19 ကူးစက်ခံထားရကြောင်း သိရှိထားသည့် လူနာများနှင့် ထိတွေ့ခဲ့ခြင်းလည်း မရှိခဲ့ပါ။
သူနှင့် ထိတွေ့ဆက်ဆံမှု ရှိသူ ၄၀ ကျော်ကို စမ်းသပ်စစ်ဆေးခဲ့ရာတွင် ရောဂါပိုး မတွေ့ ရှိခဲ့ရကြောင်း ဒေါက်တာ သူဇာချစ်တင်၏ အဆိုအရ သိရသည်။
ဇွန်လ ၉ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှ အသက် ၃၀ အရွယ် အမျိုးသားတဦး ကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ်နေစဉ် COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို တားဆီးနိုင်ရေးအတွက် လူနာနှင့် အဆက်အသွယ်ရှိသူများကို ရှာဖွေနေသည်ဟု ပြည်နယ်ကျန်းမာရေးအဖွဲ့က ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ အကြီးမားဆုံးမြို့ဖြစ်သည့် လားရှိုးတွင်လည်း COVID-19 ဓာတ်ခွဲခန်းတခု ဖွင့်လှစ်မည်ဟု ဒေါက်တာသူဇာချစ်တင်က ပြောသည်။
သို့သော်လည်း တရုတ်နိုင်ငံမှ လှူဒါန်းသည့် စက်များအတွက် ကျပ် သန်း ၃၀၀ ကျော် (အမေရိကန်ဒေါ်လာ ၂၁၆၀၀၀) ကုန်ကျမည့် ဓာတ်ခွဲခန်း တည်ဆောက်ရေးတွင် ဘတ်ဂျက်ဆိုင်ရာ ပြဿနာများ ရှိနေ ကြောင်း သိရသည်။
ရန်ကုန်တွင် အရပ်သားများကို စမ်းသပ်သည့် COVID-19 ဓာတ်ခွဲခန်း ၂ ခုရှိ ပြီး မန္တလေးမြို့တွင် ၁ ခု ရှိသည်။
ဇွန်လ ၈ ရက်နေ့အထိ မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အင်္ဂလန်နှင့် အမေရိကန် အပါအဝင် နိုင်ငံ ၁၀ ခုကျော်တွင် သောင်တင်နေသော မြန်မာနိုင်ငံသား ၃၃၅၆ ဦးကို ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဖြစ်သည်။
ထိုင်းနိုင်ငံမှ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအလုပ်သမားများကလည်း မေလ ၂၃ ရက်မှ စ၍ နေ့စဉ် ပြန်လာနေခဲ့ကြသည်။
ပြန်လာသူများအားလုံးကို Quarantine ဌာနများတွင် ၂၁ ရက် ကန့်သတ် စောင့်ကြည့်ရန်နှင့် နေအိမ်တွင် ၇ ရက်ကြာ သီးခြားနေထိုင်ရန် အမိန့်ထုတ် ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
ပြန်လာသူများအတွက် COVID-19 စစ်ဆေးမှု နေ့စဉ် ၂၀၀၀ ခန့် ပြုလုပ်နေကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ဇွန်လ ၉ ရက်နေ့တွင် ဧရာဝတီသို့ ပြောသည်။
ဇွန်လ ၇ ရက်နေ့ အထိ နိုင်ငံတလွှားမှ Quarantine စခန်းများတွင် လူပေါင်း ၄၈၂၅၅ ကို ကန့်သတ်စောင့်ကြည့်ခဲ့ပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် COVID-19 စစ်ဆေးမှု ၄၀၆၀၀ ခု ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းအထိ COVID-19 ကူးစက်ခံရသူ ၂၄၆ ဦး၊ သေဆုံးသူ ၆ ဦးနှင့် ပြန်လည်သက်သာလာသူ ၁၅၉ ဦး ရှိပြီ ဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။
(Zaw Zaw Htwe ၏ Myanmar’s Fifth COVID-19 Lab to Operate in Shan State From July ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ကူးစက်နှုန်း ကျဆင်းသော်လည်း ကိုဗစ်-၁၉ သတိ မပေါ့ရန် ကျန်းမာရေးဝန်ကြီး သတိပေး
COVID – 19 ကာကွယ်ရေး အကျဉ်းထောင်များတွင် ဆေးဖျန်းစက် ဖြန့်ဝေမည်
စင်ကာပူမှာ ကိုဗစ်လူနာသစ် တဝက်လောက်က ရောဂါလက္ခဏာ မပြ