သမ္မတ ဒေါ်နယ်ထရမ့်၏ လွန်ခဲ့သောအပတ်က အငြင်းပွားဖွယ်ရာ ဓါတ်ပုံတွင် ပါဝင်ခဲ့ခြင်းကြောင့် မှားယွင်းကြောင်း အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးက ကြာသပတေးနေ့တွင်ပြောကြားလိုက်သည်။
“ကျနော်အဲဒီမှာ ရှိမနေသင့်ခဲ့ဘူး” ဟု ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး မာ့ခ်မီလေးက အမျိုးသားကာကွယ်ရေး တက္ကသိုလ်ဖွင့်ပွဲ မိန့်ခွန်းတခုတွင်ပြောသည်။ “ အဲဒီအချိန်၊ အဲဒီပတ်ဝန်းကျင် မှာ ကျနော်ရှိနေတာက ပြည်တွင်းနိုင်ငံရေးမှာ စစ်တပ်က ဝင်ပတ်သက်နေတယ်ဆိုတဲ့ အမြင်မျိုးကို ဖြစ်စေခဲ့တယ်” ဟု သူပြောသည်။
“ထိပ်တန်းခေါင်းဆောင်တွေအနေနဲ့ အရာရာကို အနီးကပ်စောင့်ကြည့်ခံရမှာပဲ။ ကျနော်လည်း ဒီအချက်နဲ့ မကင်းလွတ်ပါဘူး။ ခင်များတို့ အများအပြားတွေ့ခဲ့တဲ့အတိုင်းပဲ လွန်ခဲ့တဲ့အပတ်က လာဖေးယက်ရင်ပြင်က ကျနော့်ဓါတ်ပုံရဲ့ရလဒ်ကြောင့် အရပ်ဖက်လူမှုအသိုင်းအဝန်းမှာ စစ်ဖက်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး နိုင်ငံတဝှမ်းဆွေးနွေးငြင်းခုန်မှုကို ဖြစ်စေတယ်” ဟု သူပြောသည်။
ထိုအငြင်းပွားဖွယ် ဓါတ်ပုံရိုက်ကူးစဉ်က သူရှိနေခြင်းကို ဆက်လက်ပြောကြားရာတွင် “ပြန်တမ်းဝင် စစ်ဝတ်စုံဝတ် အရာရှိတယောက်အနေနဲ့ ဒါဟာ သင်ခန်းစာယူရမယ့် အမှားဖြစ်တယ်။ ဒီဖြစ်ရပ်ကနေ ကျနော်တို့အားလုံး သင်ခဏ်းစာ ယူနိုင်မယ်လို့ ကျနော်ရိုးသားစွာ မျှော်လင့်မိပါတယ်” ဟုလည်း သူဆက်ပြောသည်။
ဇွန်လ ၁ ရက်နေ့က တရားဥပဒေစိုးမိုးရေး အရာရှိများက လာဖေးယက်ပန်းခြံမှ ဆန္ဒပြသူများကို အတင်းအကြပ် ရှင်းလင်းရန် ပြင်းထန်သော နည်းလမ်းများကို သုံးခဲ့ပြီးနောက် သမ္မတထရမ့်သည် စိန့်ဂျွန်းဘုရားကျောင်းတွင် ဓါတ်ပုံရိုက်ရန် လာဖေးယက်ပန်းခြံကို ဖြတ်လျှောက်သွားခဲ့သည်။ သမ္မတနှင့်အတူ ကာကွယ်ရေး ဝန်ကြီး မာ့ခ်အက်စ်ပါ၊ မီလေးနှင့် အစိုးရအဖွဲ့ဝင်အများအပြား ထိုနေရာတွင် အတူရှိနေကြသည်။
စစ်မြေပြင် ဝတ်စုံဖြင့် မိုင်လေ ကို မြင်ရသည့် ထိုဖြစ်ရပ်အတွက် ထိပ်တန်းစစ်ဖက်အရာရှိများအပါအဝင်အများအပြားက မီလေးနှင့် အက်စ်ပါတို့ကို ဝေဖန်ခဲ့သည်။ ထိုဖြစ်ရပ်မတိုင်မီက အက်စ်ပါက အမေရိကန်မြို့ကြီးများကို သိမ်းပိုက်ရမည့် စစ်မြေပြင်များသဖွယ် ပုံဖေါ်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ထရမ့်က အမေရိကန်စစ်တပ်အား မြို့ကြီးများတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ထိန်းကွပ်ရန် ထုတ်သုံးခြင်းကို အက်စ်ပါက ဆန့်ကျင်ခဲ့သည်။ သူ၏ အမိန့်ကို ဆန့်ကျင်ခဲ့သော ကာကွယ်ရေးဝန်ကြီးကို ထုတ်ရန် ထရမ့်က ယခုအခါ ဆန္ဒရှိနေပြီဖြစ်သည်။
တချိန်တည်းတွင် အိမ်ဖြူတော်အစိုးရ မမျှော်လင့်ထားသော မိန့်ခွန်းတခုအဖြစ် အက်စ်ပါက သူသည် ထိုသို့ဓါတ်ပုံရိုက်ကူးမည်ကို သတိမထားမိကြောင်း ဗုဒ္ဓဟူးနေ့က ပင်တဂွန်တွင်ပြောသည်။
“ကျနော်က နိုင်ငံရေးနဲ့ ကင်းကင်းနေဖို့ ကျနော်တတ်နိုင်တာကို လုပ်ခဲ့တယ်။ နိုင်ငံရေးဆန်တဲ့ အခြေအနေတွေမှာ မပါဖို့ ကျနော်ကြိုးစားတယ်။ တခါတခါအောင်မြင်ပေမယ့် တခါတခါ မအောင်မြင်ဘူး။ ဒါပေမယ့် ကျနော့်ရည်မှန်းချက်က ကာကွယ်ရေးဌာနကို နိုင်ငံရေးနဲ့ မပတ်သက်အောင်ထားဖို့ပဲ။ ဒီလိုဖြစ်ဖို့ ကာကွယ်ရေးဌာနက ကျနော့်ခေါင်းဆောင်တွေလိုပဲ ကျနော်ဆက်လက်ကြိုးစားပါမယ်” ဟု သူပြောသည်။
ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး သူသည် ထိုနေရာတွင် ရှိနေရန် မရည်ရွယ်ကြောင်း၊ ထိုဖြစ်ရပ်ဖြစ်တော့မည်ကိုသတိမထားမိကြောင်း ပြောကြားပြီး ကာကွယ်ရေး ဝန်ကြီးက ထိုပြဿနာမှ ကိုယ်လွတ်ရုန်းရန်ကြိုးစားနေချိန် ကြာသပတေးနေ့တွင် မီလေးကလည်း အထက်ပါအတိုင်း လူသိရှင်ကြား မှတ်ချက်ချပြောကြားလိုက်ခြင်းဖြစ်သည်။
ကိုးကား။ ။ Business Insider
You may also like these stories:
ထရမ့်နှင့် စစ်ဖက်ခေါင်းဆောင်များအကြား ဆက်ဆံရေးတင်း