အဂတိ လိုက်စားသဖြင့် အမှုဖွင့်ခံခဲ့ရသော သတ္တုတွင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်အား ထောင်ဒဏ် ၁ နှစ် သာ ပြစ်ဒဏ်ချလိုက်သည့် အပေါ် ပြန်လည်သုံးသပ်ပေးရန် မန္တလေးတိုင်း ဥပဒေ ချုပ်ရုံးက ပြည်ထောင်စု ရှေ့နေ ချုပ်ရုံးသို့ တဆင့် ထပ်တက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
တိုင်းဥပဒေ အရာရှိ ဦးတင့်မြင်ဦး က “ဦးသံဒိုင် အမှုနဲ့ ပတ်သက်လို့ ကျနော်တို့က ဥပဒေနဲ့အညီ ဆောင်ရွက်သွားပါ မယ်လို့ ပြောလိုပါတယ်။ ပြင်ဆင်မှု တက်မယ်လို့ ပြောတာထက် ကိုယ့်မိခင်ဌာန ဖြစ်တဲ့၊ ကျနော်တို့ထက် အဆင့်မြင့် တဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ပြဋ္ဌာန်းထားတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆက် တင်ပြသွားမယ်” ဟု ဧရာ ဝတီကို ပြောသည်။
အဆိုပါ အမှုအား၂၀၁၉ ခုနှစ် ဧပြီလမှ စတင်၍ မန္တလေးတိုင်း တရားရုံးတွင် စစ်ဆေးခဲ့ရာ ၂၀၂၀ ဇွန် ၄ ရက်တွင် ဦးသံ ဒိုင်အား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၆၅ ဖြင့် ထောင်ဒဏ် ၆ လစီ သီးခြား ကျခံရန် ပြစ်ဒဏ် ချမှတ်ခဲ့သဖြင့် အမှု ရင် ဆိုင်ချိန် ချုပ်ရက် ထုတ်နုတ် ခံစားခွင့်ကြောင့် ယခု ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။
ယခုလို ပြစ်မှုနှင့် ချမှတ်လိုက်ခြင်းအပေါ် ထိုက်သင့်သည့် ပြစ်ဒဏ်အောက် လျော့နည်းနေသည့်အတွက် ပြည်ထောင်စု အဆင့်ကို ပြင်ဆင်မှု ထပ်မံ တပ်ရခြင်း ဖြစ်သည်ဟု ယင်းအမှုနှင့် ပတ်သက်သော မန္တလေးတိုင်း ဥပဒေချုပ်ရုံးမှ အမည် မဖော်လိုသူ အကြီးအကဲ တဦးက ပြောဆို သည်။
ထို့ကြောင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးထံ အမိန့်ချပြီး ရက်ပေါင်း ၆၀ အတွင်း တင်ပြသွားမည် ဖြစ်ရာ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှတဆင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ပေးပို့ကာ ပြန်လည် သုံးသပ် စစ်ဆေးမှုများ ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တိုင်း ဥပဒေအရာရှိ ဦးတင်မြင့် ဦးက “စွဲထားတဲ့ ပုဒ်မက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ ဖြစ်သလို အဲဒီ ပုဒ်မနဲ့ပဲ စွဲချက်တင်တယ်။ တိုင်းတရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၁၆၅ အရ အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၆၅ အရ ပြည်သူ့ ဝန်ထမ်းဖြစ်သူ တဦးဦးက (က) မိမိဆောင်ရွက်သော၊ ဆောင်ရွက်အံ့ ဖြစ်သော အမှုအခင်းကိစ္စနှင့်ဖြစ်စေ၊ လုပ်ငန်းနှင့်ဖြစ်စေ သက်ဆိုင်သူဖြစ်ခဲ့ကြောင်း (သို့) ဖြစ်ကြောင်း (သို့) ဖြစ်တန် ရာကြောင်း မိမိသိသောသူထံမှ ဖြစ်စေ (ခ) မိမိရာထူးဆိုင်ရာ အလုပ်ဝတ္တရားနှင့် အဆက်အသွယ်ရှိသော သူထံမှ ဖြစ် စေ(ဂ) အဆိုပါ သက်ဆိုင်ရာ ပုဂ္ဂိုလ်၌ အကျိုးလိုလားခြင်းရှိကြောင်း (သို့) ထိုပုဂ္ဂိုလ်နှင့် ဆွေမျိုးတော်စပ်ကြောင်း မိမိ သိသောသူထံမှ ဖြစ်စေ အဖိုးစားနား မပေးဘဲ (သို့) မလုံလောက်သောဟု မိမိသိသော အဖိုးစားနားကို ပေးလျက် မိမိ အတွက်ဖြစ်စေ၊ သူတပါးအတွက် ဖြစ်စေ အဖိုးတန် ပစ္စည်းကို လက်ခံလျှင် (သို့) ရယူလျှင် (သို့) လက်ခံရန် သဘော တူလျှင် (သို့) ရယူရန် အားထုတ်လျှင် ထိုသူကို၂ နှစ်အထိ အလုပ်မဲ့ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ဦးသံဒိုင်အား ယခင် စွဲချက်တင်ထားသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ သည် နိုင်ငံရေးရာ ထူး လက်ရှိဖြစ်သူမှအပ အခြား လုပ်ပိုင်ခွင့်အာဏာရှိသူ (သို့မဟုတ်) လုပ်ပိုင်ခွင့် အာဏာရှိစဉ်က မည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ဆယ်နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရ မည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ လုပ်ကိုင်နေသည့် ရမည်းသင်း မြို့နယ်ရှိ မိုးထိမိုးမိ အကြီးစား ရွှေတူးဖော်ခွင့် လုပ်ငန်းနှင့် ဆက်စပ်ပြီး ကျပ်သိန်း ၇၀ ကျော် လာဘ်ယူသည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့သော အမှတ်(၂) သတ္တုတွင်း လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲ ဆို အရေးယူကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ပြီးခဲ့သည့်နှစ် ဧပြီလက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦးက “အဂတိ” လို အထူး ဥပဒေ တရပ်နဲ့ စွဲချက်တင်ထားတဲ့ အမှုတခုကို ရာဇသတ်ကြီးနဲ့ ပြောင်းပြီး ပြစ်ဒဏ်ချလို့ ရပါတယ်။ ဒါက ဥပဒေနဲ့ အညီပါပဲ။ ဒါပေမယ့် ဒီအမှုမှာ တရားစွဲ အဖွဲ့အစည်းဘက်က ညံ့ဖျင်းလို့ တနည်းအားဖြင့် သက်သေ ခိုင်ခိုင်မာမာ ချမပြ နိုင်တဲ့အတွက် အခုလို ပုဒ်မ ပြောင်းပြီး ပြစ်ဒဏ်ချလို့ ရသွားတာ” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ အမှုသည် မူလစွဲချက် တင်ထားသော ပုဒ်မအရ အပြစ်ရှိကြောင်း ထင်ရှားသော်လည်း ပြစ်ဒဏ်မှာ သက်ညှာ လွန်းအားကြီးသဖြင့် တရားစွဲ အဖွဲ့အစည်းဖြစ်သော တိုင်းဥပဒေချုပ်ရုံးမှ ပြည်ထောင်စု အဆင့်သို့ ပြင်ဆင်မှုအနေဖြင့် တဆင့် ထပ်တက်ခြင်းမှာ မှန်ကန်ကြောင်း ၎င်းက ဆိုသည်။
“အထက် အဆင့်ကို ထပ်တက်တဲ့အခါမှာ အထူးဥပဒေနဲ့ စွဲထားတဲ့ အမှုတခုကို ရာဇသတ်ကြီး ပြောင်းပြီး အပြစ်ပေး လို့ ရအောင် တရားရေးမှာ ဘာတွေ ချို့ယွင်းနေသလဲ ဆိုတာမျိုးနဲ့ ပြန်တိုက်ရမှာ ဖြစ်ပါတယ်။ ဒီအမှုဟာ အဂတိ အမှု ဆိုတာ အသိသာကြီးပါ။ ဘယ်လိုမှ ရာဇသတ်ကြီး မဖြစ်နိုင်ပါဘူး” ဟု ရှေ့နေ ဦးသိန်းသန်းဦးက ထောက်ပြသည်။
ထိုသို့ ပြစ်ဒဏ် လျော့ပေါ့သော ပုဒ်မဖြင့် ပြောင်းလဲ အပြစ်ပေးသည့်အတွက် တိုင်းတရားရုံး၏ လုပ်ပိုင်ခွင့်နှင့် ဆုံးဖြတ် ချက်အပေါ် မေးခွန်း ထုတ်စရာရှိသော်လည်း အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တိုင်းဥပဒေအရာရှိ ဦးတင်မြင့်ဦးက ငြင်းဆန်ခဲ့သည်။
ဦးသံဒိုင်၏ အမှုနှင့် ပတ်သက်၍ မန္တလေးတိုင်း တရားလွှတ်တော်၌ ရုံးချိန်းပေါင်း ၅၁ ချိန်းဖြင့် ၁ နှစ်နှင့်၂ လအကြာ စစ် ဆေးမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
NLD အဂတိ တိုက်ဖျက်ရေး ဒေါ်လဲ့လဲ့မော် စံပြ ဖြစ်သွားလား
အာဏာရှိသူထက် နိုင်ငံ့ဝန်ထမ်းကို ပိုပြီး အရေးယူမှုမျိုး မလုပ်ဟု အဂတိကော်မရှင်ပြော
အဂတိမှုဖြင့် စွဲဆိုထားသည့် နေပြည်တော် စည်ပင် ဈေးများဌာနမှူးကို တရားသေလွှတ်
ကျပ်သိန်း ၇၀ ကျော် လာဘ်ယူ၍ သတ္တုတွင်း လုပ်ငန်း ဦးဆောင် ညွှန်မှူး ဖမ်းဆီးခံရ