ယခုလာမည့် ဇူလိုင်လတွင် အခြေခံပညာကျောင်းများကို ပြန်ဖွင့်မည် ဖြစ်သော်လည်း ကိုဗစ် ဗိုင်းရပ်စ်ပိုး တွေ့ ရှိပါ က ကျောင်းများကို ချက်ချင်း ယာယီပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့ နေပြည်တော် တွင် ပြောသည်။
ယနေ့ နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ တနှစ်တာ ဆောင်ရွက်ချက်များအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီ သတင်းဌာန၏ မေးမြန်းမှုကို အထက်ပါ အတိုင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။
“အင်းစိန်တို့ တီးတိန်တို့ ဆီဆိုင်တို့ အခု ဖြစ်တယ်။ အဲဒီလို ဖြစ်တဲ့နေရာဆိုရင်တော့ PPE ဝတ်စုံ နှစ်ခု စီပေးမယ်။ ကျန်းမာရေးနဲ့ ဆက်သွယ်ဖို့ လိုရင် ဆက်သွယ်မယ်။ ဖြစ်တယ်ဆိုရင်တော့ ကျနော်တို့ကတော့ ချက်ချင်း ယာယီ ပိတ်ရမှာဖြစ်ပါတယ်”ဟု ဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။
ထိုသို့ ပိတ်ရပါက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ရမှာသာ ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်သလို ယခုလို ကိစ္စရပ်များတွင် ကျောင်းသား မိဘများ၏ ပါဝင်ဆောင်ရွက်မှုသည် အရေးကြီးကြောင်း ဆိုသည်။
ယခု ပညာသင်နှစ်အတွက် ကျောင်းများကို ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ အခြေခံပညာ အထက်တန်း အဆင့်ဖြစ်သည့် စနစ်ဟောင်း Grade – 11 နှင့် စနစ်သစ် Grade-10 တို့ကို စတင်ဖွင့်လှစ်ရန် စီစဉ်နေပြီး ယင်းအတန်းများ၏ လိုအပ်ချက် အားနည်းချက်များကို ပြင်ဆင်နိုင်သည့်အခါ အလယ်တန်းနှင့် မူလတန်းတို့ကို ဆက်လက် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တဦးနှင့် တဦး ၆ ပေ စီခြား၍ ခုံစီနိုင်ရန်အတွက် ပေ ၃၀ – ၄၀ ရှိသည့် စာသင်ခန်း တခန်းတွင် ကျောင်းသားဦးရေ ၂၀ အတွက် စာသင်ခုံ ၂၀ သာ ထားရှိမည် ဖြစ်သလို ကျောင်းသား၊ ကျောင်းသူ အားလုံးပေါင်းနှင့် စာသင်ခန်း အရည် အတွက်ကိုစား၍ ရသည့် အချိုးသည် ၁ အချိုး ၂၀ ဖြစ်ပါက ဖွင့်ခွင့်ပေးမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
“၂၁ က ၄၀ ဆိုရင် တပတ်ခြား ဖွင့်ပေးရမယ်။ တပတ်ခြား လုပ်မလား၊၂ သုတ်တက်တဲ့ လုပ်မလားဆိုရင် ၁၀၀ ရှိတဲ့ ကျော င်းဟာ ၂ သုတ်တက်လုပ်ရင် မနက် ၅၀ ရှိမယ်။ ညနေ ၅၀ ရှိမယ်။ တပတ်ခြား လုပ်ရင် ၅၀ စီ ရှိမယ်။ ပြီးရင် ၄၁ ကနေ ၈၀ ဆိုရင် တပတ်ခြားမယ်။ ၂ သုတ် တက်မယ်။ ပြီးရင် ၈၁ က ၁၆၀ ရှိရင်တော့ တပတ်ခြားမယ်။ ၂ သုတ်တက်တဲ့ အပြင် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး တချို့တက်မယ်။ မနက်တက်မယ်။ ညနေတက်မယ်။ တချို့က ကြာသပတေး၊ သောကြာ၊ စနေ အဲ့လိုမျိုး တက်ရမှာဖြစ်ပါတယ်”ဟု ဒေါက်တာ မျိုးသိမ်းကြီးက ရှင်းပြသည်။
နိုင်ငံတဝန်းလုံးရှိ ကျောင်းများသို့ Mask များ၊ Face Shield များ ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ယခုအခါ ပညာရေး ဝန်ကြီး ဌာနက တင်ဒါခေါ်ယူထားပြီး ဖြစ်ကြောင်း၊ အပူချိန် တိုင်းတာခြင်းများကိုလည်း ကျောင်းများတွင် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရသည်။
ယခုလို ကိုဗစ်ကပ်ရောဂါကာလတွင် မိမိကလေးကို စိတ်မချသည့် ကျောင်းသားမိဘများကလည်း ယခုနှစ်တွင် ကျောင်းမ ထားသေးဘဲ တနှစ်အောက်ရန် ဆုံးဖြတ်ထားသည့် မိဘများ ရှိသလို ကျောင်းဖွင့်ကာလတွင် ရောဂါပိုး အခြေအနေ ကို စောင့်ကြည့်၍ ကျောင်းထားရန် ဆုံးဖြတ်ထားသည့် မိဘများလည်း ရှိနေကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။
တနိုင်ငံလုံးတွင် ပုံမှန်ဖွင့်လှစ်နိုင်သည့် ကျောင်းပေါင်း ၂၇၀၀၀ ကျော် ရှိပြီး ၎င်းတို့ထဲတွင် အထက်တန်းကျောင်း ၆၁၇ ကျောင်း၊ တပတ်ခြား ဖွင့်ရမည့်ကျောင်း ၁၄၀၉၆ ကျောင်း၊ တပတ်ခြား ၂ သုတ်ခွဲ တက်ရမည့် ကျောင်း ၅၁၇၇ ကျောင်း၊ တပတ်လျှင် ၃ ရက်သာ တက်ရမည့်ကျောင်း ၂၉၃ ကျောင်း ရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။
“ဆရာ၊ ဆရာမတွေကို အွန်လိုင်းကနေ Face to Face ၅ ရက်နဲ့ ကျန်းမာရေး အသိပညာပေးဖို့ တရက် လုပ်မယ်။
တပတ်ခြားတက်တဲ့အတွက် ကလေးတွေကို အိမ်အဆိုင်းမန့်ပေးတဲ့နည်းက သင်တန်းပေးဖို့ လိုပါတယ်။ ကျန်း မာရေးဆိုင်ရာ အသိပညာပေးဖို့ လိုပါတယ်”ဟု ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။
မြန်မာတနိုင်ငံလုံးတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းများသို့ တက်ရောက်နေသည့် ကျောင်းသားကျောင်းသူ ၁၀ သန်း နီးပါးရှိပြီး ၎င်းတို့ကို သင်ကြားပေးနေသည့် ဆရာ၊ ဆရာမ ဦးရေ စုစုပေါင်း ၄ သိန်းခွဲခန့် ရှိကြောင်း ပညာရေးဝန်ကြီး ဌာန၏ အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် ဇွန်လ ၁၂ ရက် နေ့လည်ပိုင်းအထိ COVID-19 ပိုးတွေ့ရှိသူ ၂၆၁ ဦး၊ သေဆုံး ၆ ဦးနှင့် ပြန်လည် သက်သာလာသူ ၁၆၅ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။