ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နှင့် မြန်မာ့တပ်မတော်တို့အကြား ဧပြီလ ၁ ရက်မှ ဇွန်လ ၃ ရက်အထိ ထိတွေ့တိုက်ပွဲ ပေါင်း (၈၈) ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၏ သတင်းနှင့် ပြန်ကြားရေး ဌာနခွဲထံမှ သိရသည်။
ထိတွေ့တိုက်ပွဲများအတွင်း KNU တပ်မဟာ (၅)ဘက်က ထောင်ထားသော မိုင်း ၁၃ လုံးကို တပ်မတော် စစ်သည် များနင်းမိခဲ့၍ စစ်သည် ၃၀ ကျဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU သတင်းနှင့် ပြန်ကြားရေးဌာနခွဲက ဆိုသည်။
မြန်မာတပ်မတော်သည် သတ်မှတ်နယ်မြေများကို ကျော်လွန်၍ လှုပ်ရှားသွားလာခြင်း နှင့် တပ်စခန်းများ လာရောက်ချ ထားခြင်းကြောင့် KNU ၏ မူတြော်ခရိုင်ရှိ တပ်မဟာ (၅) ၏ နယ်မြေကာကွယ်စောင့်ရှောက်ရေးတပ်များနှင့် ထိတွေ့ကာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNU သတင်းနှင့် ပြန်ကြားရေးဌာနခွဲ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိတွေ့ပစ်ခတ်တိုက်မှုများကြောင့် တပ်မတော်သည် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး တပ်မတော်၏ လက်နက်ကြီး ကြောင့် ရွာသား ၃ ဦး ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ပြီး၊ ရွာ ၄ရွာမှ အရပ်သား ၅၇၂ ဦး ထွက်ပြေးတိမ်ရှောင်ရကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေ အသေးစိတ်မေးမြန်းရန် KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောကလယ်ဒိုးထံ ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကမူ ဧပြီလ ၁ ရက်မှ ဇွန်လ ၃ ရက်အထိ ကရင်ပြည်နယ် ဖာပွန်မြို့နယ်နှင့် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တို့တွင် တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။
“အဓိက ဖြစ်ပွားတဲ့ ပုံစံကတော့ တပ်စခန်းတွေကို လာရောက်ချောင်းမြောင်းပစ်ခတ်တဲ့ ဟာမျိုးတွေ များတယ်။ လမ်းမပေါ် မိုင်းထောင်မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်တာများပါတယ်။ အကြိမ်ရေကတော့ ၈၈ ကြိမ်မဟုတ်ပါဘူး။ နေ့စဉ်ရက်ဆက် တိုက်ပွဲ ဖြစ်နေတာလည်း မရှိပါဘူး” ဟု တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းပြသည်။
ထို့ပြင် KNU တပ်မဟာ ၅ ၏ မိုင်းထောင်မိုင်းဆွဲ တိုက်ခိုက်မှုများအတွင်း တပ်မတော်သား အချို့ ထိခိုက်ဒဏ်ရာရမှုရှိပြီး ကျဆုံးမှုအချို့လည်းရှိကြောင်း၊ အဆိုပါတိုက်ပွဲဖြစ်ပွားမှုများနှင့် ပတ်သက်၍ တပ်မတော်အနေနှင့် လုံခြုံရေးအရ လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
KNU တပ်မဟာ ၅ မှလည်း ၎င်းတို့၏ တပ်ရင်း ၁၀၂ လက်အောက်ခံ တပ်ခွဲ (၃) နှင့် တပ်ခွဲ (၄) တို့ သည် ပြီးခဲ့သည့်မေလ ၃၀ ရက်တွင် မထောရွာအနီး တပ်စွဲထားသော တပ်မတော်တပ်စခန်းတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကြေညာ ထားသည်။
အဆိုပါ တပ်စခန်းသည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သဘောတူညီချက်တွင် ဖြုတ် သိမ်းရန် သဘောတူထားသော်လည်း မဖြုတ်သိမ်းပဲဆက်လက် နယ်ကျော်စခန်း ချထားသောကြောင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း KNU တပ်မဟာ (၅) ဘက်ကဆိုထားသည်။
KNU အဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုး ထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး လက်ရှိတွင် အစိုးရနှင့် လက်တွဲကာ ဗိုင်းရပ်စ်ကာကွယ်ရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။
သို့သော် ပြီးခဲ့သည့် မေလအတွင်းက မွန်ပြည်နယ်၊ သထုံခရိုင်ရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မဟာ (၁) ဖွင့်ထားသည့် COVID – 19 စစ်ဆေးရေးဂိတ် အပါအဝင် ဖာပွန်ခရိုင် ဒွဲလုံမြို့ရှိ စစ်ဆေးရေးဂိတ်များနှင့် ပတ်သက်၍ လည်းကောင်း သံတောင်ကြီးနှင့် ဖာပွန်မြို့နယ်တို့တွင် လမ်းဖောက်လုပ်နေသည့် ကိစ္စနှင့် ပတ်သက်၍ လည်းကောင်း တပ်မတော်နှင့် KNU ကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် –
အရပ်ဝတ်ဖြင့် လက်နက်မပါဘဲ ဗိုင်းရပ်စ် စစ်ဆေးရန် KNU နှင့် အစိုးရ သဘောတူ
အစိုးရနှင့် KNU နှစ်ဘက် စစ်ရေးတင်းမာမှုကိစ္စ ညှိနှိုင်းဆွေးနွေး
တပ်မတော်နှင့် KNU ဖာပွန်တွင် ပစ်ခတ်မှုဖြစ်ပွား
သထုံတွင် KNU နှင့် တပ်မတော် စစ်ရေးတင်းမာမှုဖြစ်ဟုဆို