၂၀၂၀ ရွေးကောက်ပွဲယှဉ်ပြိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေဖြင့် လျှောက်လွှာတင်ခဲ့ ခြင်းမရှိသော်လည်း ယနေ့ ပြုလုပ်သည့် လှည်းကူးမြို့နယ် ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲတွင် ဦးစားပေးကိုယ်စားလှယ် ဖြစ်သွားခဲ့သည်။
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အောက်ခြေ မြို့နယ်အဆင့်များတွင် ပြန်လည်ရွေးချယ်နေရာ ယနေ့ ဇွန်လ ၁၅ ရက် မွန်းလွဲပိုင်းက ပြုလုပ်သည့် လှည်းကူးမြို့နယ် ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲတွင် ဦးဖြိုးမင်းသိန်းအား တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ ကိုယ်စား လောင်း ဦးစားပေး ၁ အဖြစ်ရွေးချယ်ခဲ့ကြကြောင်း လက်ရှိ လှည်ကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်က ဧရာဝတီသို့ ပြောသည်။
ယင်းသို့ပင် အခြားသတင်းဌာနများကလည်း သတင်းရေးသားပေးပို့ကြသည်။
သို့သော် ဧရာဝတီက စုံစမ်းချက်အရ ကိုယ်စားလှယ် ဦးစားပေးအမှတ် ၁ ကို ရွေးချယ်ရာတွင် လျှို့ဝှက်မဲမခွဲစေဘဲ ဦးဖြိုးမင်းသိန်းအား ပြောင် လက်ထောင် မဲခွဲကြောင်း ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ရှိနေသူများထံမှတဆင့် သိရှိရသည်။
ယင်းသည် အခြားဦးစားပေးကိုယ်စားလှယ် နောက်တဦးအား မဲပေးရွေးချယ်ခြင်းနှင့် မတူသောကြောင့် ဦးဖြိုးမင်းသိန်းအား ကိုယ်စားလှယ်နေရာ သီးသန့်ပေးခဲ့သလို ဖြစ်နေသည်။
ဦးဖြိုးမင်းသိန်း၏ မူလမဲဆန္ဒနယ်ဖြစ်သည့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ တွင် လျှောက်ထားသူ ၄ ဦးရှိခဲ့ပြီး ၂ ဦးကို ရွေးချယ်ခဲ့သည်။
ယင်းအခြေအနေများနှင့် ပတ်သက်ပြီး ဦးဖြိုးမင်းသိန်းထံသို့ သီးခြားအတည်ပြုချက်ရယူရန် ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
အမည်မဖော်လိုသူ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် တဦးကမူ ဦးဖြိုးမင်းသိန်းအနေဖြင့် လျှောက်လွှာတင်ခြင်း မရှိဟု ဧရာဝတီသို့ အတည်ပြုပြောသည်။
ဦးဖြိုးမင်းသိန်းအနေဖြင့် နှလုံးခွဲစိတ်ထားသည့် အခြေအနေကြောင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်းခြင်းမပြုဖို့ ပါတီသို့တင်ပြထားကြောင်း သတင်းများလည်း ထွက်ပေါ်ထားသည်။
အကယ်၍ ဦးဖြိုးမင်းသိန်းကိုယ်တိုင် ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံပါဝင်ယှဉ်ပြိုင်ရန် ဆန္ဒမရှိတော့ဘဲ ကိုယ်စားလှယ်လောင်း လျှောက်လွှာ မတင်ခဲ့ပါက မြို့နယ်အဆင့်ပါတီဝင်များမှ ၎င်းတို့ဆန္ဒသဘောထားဖြင့် ရွေးချယ်ခဲ့သည့် သဘောသက်ရောက်လျက်ရှိသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် အငြင်းပွားဖွယ် နိုင်ငံရေးသမားတဦး ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ကလည်း ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများမှာ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းတွင် ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်ရေချပွဲနှင့် “အမတော် မြနန်းနွယ်” နန်းဆောင်ရွေ့ပြောင်းခြင်းများ ပြုလုပ်ရာတွင် လူစုလူဝေးဖြစ်ခဲ့သည့်အတွက် ပြည်သူများအကြား အပြင်းအထန်ဝေဖန်ခံခဲ့ရပြီး COVID-19 ရောဂါ တိုက်ဖျက်ရေးကာလအတွင်း အစိုးရက ထုတ်ပြန်ထားသည့် အမိန့်ဥပဒေများအား ချိုးဖောက်ခဲ့သည်ဟုဆိုကာ အရေးယူပေးရန် တိုင်ကြားသူများလည်း ရှိခဲ့သည်။
နိုင်ငံတော်သမ္မတရုံးအနေနှင့်လည်း ဦးဖြိုးမင်းသိန်းအနေဖြင့် ပြန်လည်ဖြေရှင်းရန် ထုချေလွှာ တောင်းခံခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကလည်း သတိပေးခဲ့သည်။
ယင်းဖြစ်ရပ်နှင့် ဆက်စပ်ပြီး ဦးဖြိုးမင်းသိန်းအား စွပ်စွဲပြစ်တင်မှုကို ဇွန်လ ၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ တပ်မတော်လွှတ်တော်သား အမတ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ်များ လက်မှတ်ရေးထိုးကာ လွှတ်တော်ဥက္ကဌထံသို့ တင်ပြခဲ့သည်။
ယင်းတင်ပြမှုအရ ဦးဖြိုးမင်းသိန်းအား စုံးစမ်းစစ်ဆေးရန် စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းအဖွဲ့၏တင်ပြမှုအား လွှတ်တော်တွင် မဲခွဲရာ၌ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၃ ပုံ ၂ ပုံက စွပ်စွဲပြစ်တင်မှုအား ထောက်ခံမှသာ ရာထူးမှ ရပ်စဲနိုင်မည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အနေဖြင့်လည်း ဇွန်လ ၁၈ ရက်နေ့တွင် အရေးပေါ်အစည်းအဝေးတရပ်ကျင်းပရန် ယနေ့ရက်စွဲဖြင့် ကြေညာခေါ်ယူထားပြီး ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်မှုအား မဲခွဲဆုံးဖြတ်ခြင်းပြုမပြု အတည်ပြုချက် မရသေးပေ။
You may also like these stories:
ဦးဖြိုးမင်းသိန်းကို စွပ်စွဲပြစ်တင်မှုက NLD ကို အကျပ်အတည်းဖြစ်စေ
၂၀၂၀ အလွန် ဝန်ကြီးချုပ်အိပ်မက်
အစိုးရပြန်ဖွဲ့နိုင်အောင် ကြိုးစားမယ်