မြန်မာ့မီးရထားက နယ်ဝေးခရီးစဉ်များ အပါအဝင် ရန်ကုန်မြို့တွင်း မြို့ပတ် ရထား ခရီးစဉ်များ၏ လက်မှတ်ရောင်းချမှု ပုံစံကို ပြောင်းလဲမည် ဖြစ်ပြီး ရထားအစီးရေ တိုးချဲ့ ပြေးဆွဲသွားမှုကို ဇွန် ၁၆ ရက်မှ စတင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထား သွားလာပို့ဆောင်ရေးဌာန အမှတ် ၇ တိုင်း ရန်ကုန် လက်ထောက် တိုင်း မန်နေဂျာ ဦးကျော်မျိုးလွင်က “ကျနော်တို့ လက်မှတ်ရောင်းချတဲ့ စနစ်ကိုပြင်မယ်။ ရထားအစီးရေကို ဖြည့်ဆည်းပြီး ပြေးဆွဲမယ်။ အဓိကတော့ Social Distancing ကို ရည်ရွယ်တာ ဖြစ်တယ်။ အဲဒီလိုပဲ မြို့ပတ် ရထားပိုင်းမှာလည်း ဧပြီလတုန်းက ခရီး ၂၈ ခု ပြေးရာကနေ စီးနင်းမှု တက်လာတော့ တိုးပြီးတော့ ပြေးတာ အခုချိန်ထိ ၄၀ ဖြစ်တယ်။ အဲဒီတော့ အခု ၁၆ ရက်ကနေ စပြီး ခရီးစဉ် ၁၂ ခု တိုးပြေးပေးမှာ ဖြစ်တော့ ၅၂ ခု ဖြစ်သွားတယ်”ဟု ပြောသည်။
လက်ရှိတွင် မီးရထားစီးနင်းလိုက်သည့် ခရီးသည်များမှာ လက်မှတ်ဝယ်ယူရာတွင် ခုံအပြည့် အထိ ဝယ်လိုအားများ လာခြင်းက COVID-19 ကာကွယ်ထိန်းချုပ်ရေး မူဝါဒနှင့် မကိုက်ညီသောကြောင့် လက်မှတ်ရောင်းချသည့် စနစ်ကို ပြင် ဆင် ဆောင်ရွက်ခြင်း ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။
“အရင်က နှစ်ယောက်တွဲခုံ နှစ်ခုံမှာ ၂ ယောက်ထိုင်လို့ ရတယ်။ ခုံအပြည့် ရောင်းနေရင် လူတွေက ပူးကပ်မယ့် အနေ အထား ရှိတော့ အဲဒီလို ၂ ယောက်တွဲခုံမှာ ခရီးသည် ၁ ယောက်ပဲ စီးနိုင်ဖို့ ခုံ ၂ ခုံ ရှိရင် ခရီးသည် ၁ ယောက်ကိုပဲ ကျနော်တို့က ရောင်းမှာ။ ဒီမူနဲ့ သွားမှာ ဖြစ်တဲ့အတွက် ရထားတွေကို တိုးဖို့ လိုအပ်လာတယ်။ ပြောရရင်တော့ လုပ်ငန်း လိုအပ်ချက်အရ လိုအပ်တဲ့ ရထားအစီးရေကို ဖြည့်ပြီး ပြေးဆွဲတာ ဖြစ်တယ်”ဟု ဦးကျော်မျိုးလွင်က ဧရာဝတီသို့ ပြောသည်။
ယခင်က ၂ ယောက်တွဲခုံများတွင် ၂ ယောက်စီးနင်းခွင့် ပြုခဲ့သော်လည်း ဇွန် ၁၆ ရက်မှ စ၍ တယောက်သာ စီးခွင့်ရမည်ဖြစ်ကြောင်း၊ လက်မှတ်ခများလည်း ဈေးတက်မည်မဟုတ်ကြောင်း ဦးကျော်မျိုးလွင်က ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “လက်မှတ်ခ ဈေးတော့ တက်မသွားပါဘူး။ ၁ ခုံ ၂ ယောက်ကို ၁ ယောက်စီးနင်းရမယ့် ဆိုပေမယ့် သူရဲ့ မူလကျသင့်တဲ့ ၁ ယောက်စာ နှုန်းထားပဲ ယူမှာဖြစ်ပါတယ်။ အတူလာတဲ့ မိသားစုဆိုလည်း ယေဘုယျအားဖြင့် ခွဲခြားမှာဆိုတော့ ဒါက အားလုံးကို လုပ်ထားတာပါ”ဟု ပြောသည်။
တိုးချဲ့ပြေးဆွဲမည့် ရထား ခရီးစဉ်များမှာ ခရီးဝေး ရထားများ အနေနှင့် ရန်ကုန် – မန္တလေးလမ်းပိုင်း၊ ရန်ကုန် – မော်လမြိုင် လမ်းပိုင်း၊ ရန်ကုန်- ပြည်လမ်းပိုင်း၊ မန္တလေး- မြစ်ကြီးနား လမ်းပိုင်းတို့တွင် ၁ စီးစီ ထပ်တိုး ပြေးဆွဲ ပေးမည် ဖြစ်ပြီး ရန်ကုန် မြို့တွင်း မြို့ပတ် ရထားလမ်းပိုင်းတွင် မနက်ပိုင်းနှင့်ညနေပိုင်း ရုံးဆင်းချိန်များတွင်သာ တိုးချဲ့ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ လိုအပ်ချက်အရ ရထားများ တိုးချဲ့ပြေးဆွဲမည် ဆိုလျှင် တိုးလာသည့် ရထား၏ လောင်စာဆီ ကုန်ကျစရိတ် ကုန်ကျမှု ရှိလာကြောင်း ယင်းကုန်ကျမှုစရိတ်ကို မြန်မာ့မီးရထားအတွက် လျာထားသည့် ဘတ်ဂျက်ထဲမှ သုံးစွဲသွားမည် ဖြစ်သည်။
ယခင်လများက ကိုဗစ်ကြောင့် ရထားများ ပြေးဆွဲမှုလျှော့ချလိုက်သည့် အချိန်တွင်လည်း မြန်မာ့မီးရထား၏ ဝင်ငွေ ရရှိမှုမှာ ယခင်ထက် ၃ ပုံ ၂ ပုံ လျော့ကျခဲ့သော်လည်း ပြီးခဲ့သည့် တပတ်အတွင်း ၁ ရက်လျှင် ရထားစီးနင်းသည့် ခရီးသည် ၁၃၀၀၀ အထိ ပြန်လည်မြင့်တက်လာကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ထို့အပြင် အဝေးပြေးကားလိုင်းများကလည်း Social Distancing နှင့် အညီ New Normal ပုံစံသစ်များနှင့် ပြေးဆွဲရန် ပြင် ဆင်လာမှုများ ရှိသည်။
အောင်မင်္ဂလာ အဝေးပြေး စည်ပင်သာယာ ဦးစီးဌာန၊ အခွန်ဌာန လက်ထောက် ဌာနမှူး ဦးရန်ငြိမ်းချမ်းက “အခုက ယာဉ်လိုင်း အနေနဲ့က အကုန်လုံးနီးပါးတော့ ပြန်ထွက်ပါပြီ။ ကားအစီးရေကတော့ အကုန်လုံးနီးပါး မထွက်သေးဘူး။ အရင် ၁၀ စီးထွက်တဲ့သူက အခု ၅ စီး၊ တချို့လည်း ၂ စီးပေါ့။ Social Distancing နဲ့ အညီ ပြေးဆွဲတာတော့ တော်တော်များများ က လုပ်ကြပါတယ်။ JJ Express တို့ မန္တလာမင်းတို့ ရှိတယ်။ မလုပ်တဲ့ ယာဉ်လိုင်းတွေ အရေးယူခြင်း၊ မယူခြင်းက လော လောဆယ်တော့ မရှိသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ယခု ကိုဗစ်ကာလတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ လိုက်နာဆောင်ရွက်ရန်အတွက် အစည်း အဝေးများတွင်လည်း သက်ဆိုင်ရာ ရန်ကုန်တိုင်း ဒေသကြီး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၊ ပို့ဆောင် ဆက်သွယ်ရေး တို့က စည်းကြပ်ပေးပါက အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း ဖွဲ့စည်းသော အကျိုးဆောင်အဖွဲ့မှ စည်းကြပ်ပေးရန် ကမ်းလှမ်းမှုများ ရှိနေသည်ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အခြေပြု အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် ဒဂုံဧရာ အဝေးပြေးဝင်း တို့မှ မြန်မာ တနိုင်ငံလုံး သို့ ပြေးဆွဲ ပေးနေသော ယာဉ်လိုင်းပေါင်းမှာ ၃၈၇ လိုင်း၊ ယာဉ်အစီးရေ ၃၇၀၀ ကျော်နှင့် နေ့စဉ် အဝေးပြေး ခရီးသွား ၂ သောင်းနီးပါးကို သယ်ယူ ပို့ဆောင်ပေးနေခြင်း ဖြစ်ကြောင်း YRTA ၏ ကိုဗစ်-၁၉ ကာလ မတိုင်မီ စာရင်းများအရ သိရသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်
ဆက်စပ်လင့်-
COVID -19 ကြောင့် ရန်ကုန်မြို့သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုများ လျှော့ချ
အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနှင့် ကိုရိုနာအန္တရာယ်
မြန်မာရှိ တရုတ် BRI စီမံကိန်း ဆွစ်ဇာလန်ကုမ္ပဏီ စိစစ်မည်