သတင်း

AA ကြောင့် ရခိုင်၏ အုပ်ချုပ်ရေး ယန္တရား မပျက်စီးနိုင်ဟု အစိုးရ အဖွဲ့ ရုံး ပြော

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်တွင် ရက္ခိုင့် စစ်တပ်(AA)၏ တိုက်ခိုက်နေမှုများက အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားများ ပျက်စီးသွားနိုင် သည်အထိ စိုးရိမ်စရာ မရှိကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ ရုံး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြော သည်။

မနေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် အစိုးရ၏ စတုတ္ထ ၁ နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည်များကို ပြည်ထောင်စု အစိုးရအဖွဲ့ ရုံး ဝန်ကြီးဌာနမှ ရှင်းလင်းစဉ် ယင်းဌာန၏ ဒုတိယ ဝန်ကြီး ဦးတင်မြင့်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းတို့က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“ရခိုင် ပြည်နယ်အစိုးရ အဖွဲ့ကလည်း သူ့နယ်မြေဒေသအတွက် သူလည်းပဲ အေးချမ်းဖို့အတွက် ဒီအုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ဖို့ အတွက်တော့ သူလည်းပဲ အားသွန်ခွန်စိုက်ဆောင်ရွက်နေတယ်”ဟု အစိုးရအဖွဲ့ ရုံး ဝန်ကြီးဌာန၏ ညွှန် ကြားရေးမှူးချုပ် ဦးမြင့်သန်းက သတင်းစာ ရှင်းလင်းပွဲ အပြီးတွင် သတင်းထောက်များကို ပြောသည်။

AA အဖွဲ့ သည် ရခိုင်ပြည်နယ်တွင် အစိုးရ၏ အုပ်ချုပ်ရေးစနစ်အစား ၎င်းတို့၏ အုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးမည်ဟု ကြွေးကြော်ထားပြီး ရခိုင်ပြည်နယ်မှ အစိုးရနှင့် တပ်မတော်ကို အပြီးအပိုင် ထွက်ခွာသွားရန် ပြီးခဲ့သည့် မေ ၂၉ ရက်နေ့က သဘောထား ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

AA အဖွဲ့ သည် ရခိုင်ပြည်နယ်တွင် အုပ်ချုပ်ရေး ယန္တရား ပျက်ပြားစေရန်အတွက် ရဲစခန်းများကို တိုက်ခိုက်ခြင်း၊ အုပ်ချုပ် ရေးမှူးများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက် ရှိရာ မြောက်ဦး၊ မြေပုံ၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့နယ်များ တွင် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ခဲ့ကြောင်း အစိုးရအဖွဲ့ ရုံး ဝန်ကြီးဌာန၏ ဒုတိယ ဝန်ကြီး ဦးတင်မြင့်က ပြော သည်။

ဦးတင်မြင့်က“အုပ်ချုပ်ရေး ပျက်ပြားအောင်လို့ ရဲတပ်ဖွဲ့ ဝင်တွေကို ဖမ်းတယ်။ သတ်တယ်။ စခန်းတွေကို တိုက်တယ်။ အုပ်ချုပ်ရေး အဖွဲ့ အစည်းဝင်တွေကိုလည်း ဖမ်းဆီးတယ်။ ခေါ်ယူနှိပ်စက်တယ်။ မည်သို့ပင်ဆိုစေ ရခိုင်ပြည်နယ် အစိုးရက သမ္မတရုံးရဲ့ ညွှန် ကြားချက်နဲ့အညီ အုပ်ချုပ်ရေး ယန္တရားကို ပြန်လည် တည်ဆောက်နေပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည့် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်များ ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများသည်လည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က အစုလိုက် အပြုံလိုက် နုတ်ထွက်ခြင်းများ ရှိခဲ့ဖူးသည်။

အချို့ အုပ်ချုပ်ရေးမှူးများသည် အကြမ်းဖက် အဖွဲ့ အဖြစ် သတ်မှတ်ခံထားရသည့် AA အဖွဲ့ ထံသို့ ရိက္ခာများ ပေးပို့ ခြင်း၊ ငွေကြေး ထောက်ပံ့မှုများ ဆောင်ရွက်သဖြင့် အစိုးရက အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ကြောင်း ကြေညာပြီး နောက်ပိုင်းတွင် ကူညီသူများကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူမည် ဖြစ်ကြောင်း ဦးတင်မြင့်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ကလည်း မြေပုံမြို့ နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၃ ဦးကို AA နှင့် ဆက်သွယ်သည်ဟု ဆိုကာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် တပ်မတော်က အမှုဖွင့်သဖြင့် ကျန်သည့် အုပ်ချုပ်ရေးမှူး ၅၈ ဦးကလည်း နုတ်ထွက်စာ တင်ခဲ့ကြသည်။

“၅၈ ဦး ရှိတာကို သူတို့ ပြန်လည် ခန့်အပ်ဖို့အတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က စီမံဆောင်ရွက်နေပါတယ်။ ပြန်ခန့်ဖို့က အုပ်ချုပ်ရေးမှူး ဥပဒေမှာ ပါပါတယ်။ ဒုတိယ မဲအများဆုံးသူကို ယာယီ တာဝန်ပေးအပ်ပါမယ်။ အဲဒီလို ဒုတိယမဲ အများဆုံး သူက တာဝန်မယူနိုင်ဘူး ဆိုရင် ရာအိမ်မှူးတွေရှိပါတယ်။ ဆယ်အိမ်မှူးတွေ ရှိပါတယ်။ ယာယီအားဖြင့် သူတို့ကို တာဝန်ပေးအပ်မှာ ဖြစ်ပါတယ်”ဟု အစိုးရအဖွဲ့ ရုံး ညွှန်ချုပ် ဦးမြင့်သန်းက ပြောသည်။

ရခိုင်ဒေသသည် ယခုအခါ အုပ်ချုပ်ရေးမှူးများအတွက်သာမက ပြည်သူအားလုံးအတွက်ပါ မလုံခြုံတော့ကြောင်း၊ထို့ကြောင့် နယ်မြေဒေသ တည်ငြိမ်မှု ရှိလာရန် အရေးကြီးကြောင်း၊ သို့သော် အုပ်ချုပ်ရေး ယန္တရား ပျက်ပြားလောက်သည် အထိ စိုးရိမ်စရာ မလိုကြောင်း ဦးမြင့်သန်းက ပြောသည်။

“အခုထွက်တယ်ဆိုတာကလည်းပဲ နယ်မြေဒေသ မလုံခြုံလို့ မအေးချမ်းလို့ ထွက်ရတာပါ။ သူ့စိတ်ဆန္ဒမူရင်းအရ ထွက်ချင် လို့ထွက်တာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အခုလိုမျိုး မလုံခြုံတဲ့အချိန် မအေးချမ်းတဲ့ အချိန်မှာ ထွက်ကောင်း ထွက်ပေမယ့် လည်း ဒီဒေသလုံခြုံတယ်ဆိုရင် ရပ်ရွာအကျိုးအတွက် ဆောင်ရွက်ချင်တဲ့စိတ်တွေအပြည့် ရှိမယ်လို့ ဒီလိုယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခု အခြေအနေမှာ ရခိုင်ပြည်နယ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် ကြားညပ်သည့် သဘော ဖြစ်နေကြောင်း၊ တပ်မတော် စစ်ကြောင်း ရောက်လာသည့် အခါတိုင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးခံရခြင်း၊ အသတ်ခံရ ခြင်းများ ရှိသဖြင့် နေပြည်တော်အထိ တိုင်စာပို့ခဲ့ဖူးကြောင်း မင်းပြားမြို့နယ် မေလွန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင် လှသိန်းက ပြောသည်။

“ကျနော်တို့ တိုင်တောတွေက ဘာမှ အကောင်အထည် မပေါ်လာဘူး။ တခုခု ဖြစ်လာလို့ရှိရင် ကျနော်တို့လည်း တတ်နိုင် သလောက် ဖြေရှင်းချင်တာပေါ့။ မဟုတ်ဘဲနဲ့ ကျနော် တို့ကို သေနတ်နဲ့ပစ်သတ်တာ၊ ဖမ်းခေါ်သွားတာတွေ ရှိတော့ ဘယ်သူ မှ မနေရဲကြတော့ဘူး။ တရားဥပဒေအရ အပြစ်ရှိတဲ့လူကို ထောင်ချပေါ့။ မရှိတဲ့လူတွေကိုတော့ ပြန်လွှတ်စေချင်တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်၏ အုပ်ချုပ်ရေး ယန္တရားကို ထိန်းချုပ်နိုင်ရန် အစိုးရနှင့် AA အဖွဲ့ တို့ အားပြိုင်နေသည့် သဘော ဖြစ် နေပြီး AA အဖွဲ့ကလည်း ၎င်းတို့၏ အာဏာထူထောင်နိုင်ရန် Arakan People Authority (APA) ဟုခေါ်သည့် ရခိုင် ပြည်သူ့ အာဏာပိုင် အဖွဲ့ ဖွဲ့ စည်းနိုင်ရေး ကြိုးစားနေကြောင်း ရခိုင်အရေးလေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။

“ပြောရရင်တော့ ၂ ဖက်စလုံးက အုပ်ချုပ်ရေး ယန္တရားကို ချုပ်ကိုင်နိုင်ဖို့ အပြိုင် ကြိုးစားနေတဲ့ ကာလပေါ့။ ဒုတိယ အချက် ကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဖမ်းဆီးခံရလို့ နုတ်ထွက်နေတဲ့အချိန်မှာ အစိုးရရဲ့ ယန္တရားကို ဘယ်လို တည်ဆောက်ရမလဲဆိုပြီး အစိုးရကလည်း လုံးပန်းနေတဲ့ ကာလဖြစ်တယ်။ နည်းနည်းတော့ အားပြိုင်နေတဲ့ ကာလလို့ပဲ ပြောရပါလိမ့်မယ်”ဟု ၎င်းက သုံးသပ်သည်။

ရခိုင်ပြည်နယ်တွင် AA အဖွဲ့က ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားနှင့် အစားထိုးမည်ဟု ပြောဆိုခဲ့ပြီး ယခုအခါ ရဲစခန်း၊ ရဲ ကင်းများကို ဝင်ရောက် တိုက်ခိုက်ခြင်းသည် အုပ်ချုပ်ရေး ယန္တရားကို တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေကို တိုက်ခိုက်တာဟာ အုပ်ချုပ်ရေး ယန္တရားကို ပျက်ပြားအောင် လုပ်တာပဲ။ ဒါကြောင့် ထိရောက်တဲ့ အုပ်ချုပ်မှုစနစ် လိုနေပြီလို့ ပြောတာ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

မနေ့က နေပြည်တော်တွင် သတင်းထောက်များက ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး ဝင်ရောက်နိုင်သလားဆိုသည့် မေး ခွန်းကို အစိုးရ အဖွဲ့ ရုံး ညွှန်ချုပ် ဦးမြင့်သန်းက ယင်းအခြေအနေအထိ စိုးရိမ်စရာ မလိုကြောင်း ပြန်လည် တုန့်ပြန်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်မှ စတင်ကာ ယင်းဒေသသို့ အခြေစိုက်စခန်း ရရှိရေး ကြိုးစားလာသည့် AA နှင့် တပ် မတော်တို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်က AA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ကို စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်သေးပေ။

You may also like these stories:

စစ်တွေမြို့ အနီးရှိ တပ်မတော် စစ်ရေယာဉ် တိုက်ခိုက်ခံရ၊ စစ်သည်တချို့ ကျဆုံး

လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးသွားသည့် အုပ်ချုပ်ရေးမှူးကို ဖော်ထုတ်ပေးရန် တောင်းဆို

စစ်ဘုရင်ဝါဒဖြင့် လုပ်ချင်တိုင်း လုပ်၍ မရဟု AA ကို သမ္မတ ရုံး သတိပေး

Did you find apk for android? You can find new Free Android Games and apps.
Loading