ယနေ့ ဇွန်လ ၁၆ ရက်သည် အပြည်ပြည်ဆိုင်ရာ အိမ်အကူ အလုပ်သမားနေ့လည်း ဖြစ်သည်။ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ တော်တော်များများတွင် အိမ်အကူများသည် အလုပ်သမားအဖြစ် သတ်မှတ်ခံရခြင်း မရှိရုံမျှမက လူမဆန်အောင် နှိပ်စက် ညှင်းပမ်းခံရခြင်း အပြင် မုဒိမ်းမှုတို့၏ သားကောင် ဖြစ်နေရသည်။
သို့ဖြစ်ရာ အိမ်အကူများကို အလုပ်သမားအဖြစ် တရားဝင် သတ်မှတ် ပြဋ္ဌာန်းနိုင်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အိမ်အကူ အလုပ်သမားနေ့နှင့် မြန်မာနိုင်ငံမှ အိမ်အကူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ပိုမိုသိရှိနိုင်ရန် မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး အား ဧရာဝတီ သတင်းထောက် သဇင်လှုင်က ဆက်သွယ် မေး မြန်ထားပါသည်။
မေး။ ။ ဇွန်လ ၁၆ ရက်ဟာဆိုရင် အပြည်ပြည်ဆိုင်ရာ အိမ်အကူ အလုပ်သမားနေ့ပေါ့။ အဲဒီနေ့ အကြောင်းကို အရင် ရှင်းပြ ပေးပါဦး။
ဖြေ။ ။၂၀၁၁ ခုနှစ် ဇွန်လ ၁၆ ရက်က စပြီး အလုပ်သမား အစုအဖွဲ့က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ ကျင်းပနေကျ အချိန်အခါပေါ့။ အဲဒီအချိန်အခါမှာ တကမ္ဘာလုံးမှာ ရှိတဲ့ အိမ်အကူ လုပ်သားတွေက သူတို့ရဲ့ လုပ်ငန်းခွင်ထဲ မှာ အိမ်တွင်း အကြမ်းဖက်၊ လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်မှု၊ သူတို့ရဲ့ စုပေါင်း အရေးဆိုခွင့်၊ သူတို့ရဲ့ အလုပ်ချိန် အစရှိ သဖြင့်ပေါ့ သူတို့ရဲ့ အခွင့်အရေးတွေဟာ အစဉ်အဆက် ချိုးဖောက်ခံရတယ်။
တကယ်ဆိုရင် သူတို့ဟာ ခေတ်သစ်ကျွန် အဖြစ်တောင် အဓမ္မ လုပ်အားစေခိုင်းတာမျိုး၊ နောက်ဆုံး ဘယ်လောက်ထိ ဆိုး လဲဆိုရင် Freedom of Movement လို့ ခေါ်တဲ့ ရွေ့လျားသွားလာခွင့်တောင် မရှိဘဲနဲ့ ခေတ်သစ်ကျွန် အနေနဲ့ကို လုပ်ခဲ့ရ တဲ့ အနေအထားမျိုး ရှိတယ်။ အိမ်အကူ အလုပ်သမားတွေကို အလုပ်သမားအဖြစ် အသိအမှတ်ပြုဖို့ လိုတယ်။ အကာ အကွယ်ပေးဖို့ လိုတယ်။
သူတို့အတွက်လည်း သင့်လျော် ကောင်းမွန်တဲ့ အလုပ်အကိုင် ဖြစ်သင့်တယ်လို့ အလုပ်သမား အစုအဖွဲ့တွေကပဲ ဒါကို နှစ်စဉ် ကျင်းပနေတဲ့ ILO ညီလာခံမှာ အပြည်ပြည်ဆိုင်ရာ ဥပဒေတရပ် ဖြစ်သင့်တယ်လို့ တင်ခဲ့တယ်။ ဒါပေမယ့် ပထမ အကြိမ် တင်ခဲ့တာကို ဥပဒေ အဖြစ် မဲခွဲဆုံးဖြတ်တဲ့ အခါ အစ်မတို့ ရှုံးခဲ့တယ်။ ၂၀၁၁ ခုနှစ်ကျတော့မှ အလုပ်သမား အစု အဖွဲ့တွေ က မလျှော့ဘူး။ အိမ်အကူ အလုပ်သမားတွေကိုလည်း အလုပ်သမားအဖြစ် အသိအမှတ်ပြုသင့်တယ်လို့ ပြဋ္ဌာန်း ချက် လုပ်ပေးဖို့ နောက်တကြိမ်တင်တော့မှ နိုင်တာ။
ILO ရာဇဝင်မှာလည်း ပြဋ္ဌာန်းချက် လုပ်ဖို့ကို နှစ်ကြိမ်ရှုံးရင် တင်ခွင့် မရှိတော့ဘူး။ အဲဒီတုန်းက တအားကို ပြင်းထန်ခဲ့ တယ်။ အစိုးရနဲ့ လုပ်ငန်းရှင်တွေက အိမ်အကူတွေကို အလုပ်သမားအဖြစ် အသိအမှတ် မပြုခဲ့ချင်ကြဘူး။ အဲဒီလို အချိန် အခါမှာမျိုးမှာ အလုပ်သမား အစုအဖွဲ့တွေက ကြိုးစားပြီး တင်ခဲ့တာ ၂၀၁၁ ခုနှစ်မှာ အောင်မြင်သွားတာ။
အောင်မြင်သွားတာ ဖြစ်တဲ့အတွက်ကြောင့် ILO ရဲ့ ပြဋ္ဌာန်းချက်အမှတ် ၁၈၉ ကို အတည်ပြု ပြီးပြီးချင်းမှာပဲ ဒါကို အပြည် ပြည်ဆိုင်ရာ အိမ်အကူ အလုပ်သမားနေ့အဖြစ် သတ်မှတ်မယ် ဆိုပြီး အောင်ပွဲခံတဲ့ အတွက်လည်း ပါတယ်။ အိမ်အကူ အလုပ်သမားတွေ အတွက် သင့်လျော် ကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးဖို့အတွက် ဒီ ပြဋ္ဌာန်းချက် ပေါ်လာတာ ဖြစ်တဲ့အတွက် ဒါကို လုပ်ဆောင်ပေးဖို့လည်း ဖြစ်တယ် ဆိုတာကို အားလုံးက အသိအမှတ် ပြုခဲ့ကြတာပါ။
မေး။ ။ အခုလက်ရှိ မြန်မာနိုင်ငံက အိမ်အကူ အလုပ်သမားတွေကရော ဘာတွေ တွေ့ကြုံနေရလဲ။
ဖြေ။ ။ အလုပ်ချိန်တို့၊ လူမှုဖူလုံရေး ခံစားခွင့်တွေ ချိုးဖောက်ခံရတာ။ အဲဒီထက်ပိုပြီး ဆိုးတာကတော့ တခြား အလုပ်သ မားတွေ သိပ်ပြီး ကြုံတွေ့ရခြင်း မရှိတဲ့ အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှုက သူတို့ အဆိုးဆုံးပဲ။ နောက် လှုပ်ရှားသွားလာခွင့် မရှိတာက မြန်မာနိုင်ငံမှာ အဆိုးဆုံး ဖြစ်နေတာ။
အခြားသော အလုပ်သမား အခွင့်အရေး တွေကို ချိုးဖောက်ခံရတဲ့အပြင် သူတို့က ထပ်ဆောင်းပြီးတော့ မုဒိမ်းကျင့်ခံရတာ တွေ၊ ခန္ဓာကိုယ်ကို ညှင်းပမ်း နှိပ်စက်ခံတယ်။ အဓမ္မ လုပ်အားစေခိုင်းခံရတယ်။ ကျွန်ပြုခံရတယ်။ အဲဒါတွေက သူတို့ အတွက် ထပ်ဆောင်းပြီး ခံစားရမှုတွေပါ။
မေး။ ။ အိမ်အကူ အလုပ်သမားတွေအတွက် ဥပဒေအရ အကာအကွယ်ပေးနေမှုကရော ဘယ်လောက် ထိရောက်မှု ရှိနေ လဲ။
ဖြေ။ ။ အစ်မတို့ အဖွဲ့အစည်းတွေ အားလုံးလည်း အိမ်အကူ အလုပ်သမားနဲ့ ပတ်သက်ရင် အသိပညာပေးမှု အားနည်း တယ်။ ဘာလို့လဲဆိုတော့ ပြဋ္ဌာန်းချက်ကလည်း အသစ်ပေါ့။ ၂၀၁၁ ခုနှစ်မှ ပေါ်လာတာ။ အလုပ်သမားတွေကလည်း ကိုယ့်အဖွဲ့အစည်း ရပ်တည်ဖို့အတွက် သွားနေတာ။ အဲဒီတော့ ဒါတွေက ဦးစားပေး ဖြစ်မနေတာပေါ့။
အဲဒီအချိန်အခါမျိုးမှာ ဘာကြုံရလဲ ဆိုတော့ အိမ်အကူ အလုပ်သမားတွေက သူတို့ ခံစားနေရတာကို သူတို့ အခွင့်အရေးကို ချိုးဖောက်ခံနေရပါ တယ်ဆိုတဲ့ တိုင်ကြားမှု စနစ်ကိုတောင် မလုပ်ရဲတော့ဘူး။ မလုပ်ရဲတော့ အရမ်းကြီး ဆိုးရွားတဲ့အမှုတွေ သာ မီဒီယာကနေ ဖော်ထုတ်ပြီး တက်လာတာ။ သာမန် အခြေအနေမှာဆိုရင် လုပ်အားခမရတဲ့ ပြဿနာတွေဆိုတာ အများကြီးပဲ။
အစ်မတို့ အဖွဲ့အစည်းကို လာတဲ့အခါ တတ်နိုင်သလောက် ကူညီပေးတယ်။ သူတို့အတွက်ကို အခိုင်အမာ ကာကွယ်ပေးတဲ့ အဖွဲ့အစည်းဆိုတာ မရှိသေးပါဘူး။ အိမ်အကူအလုပ်သမားများ အတွက် ရေးဆွဲနေတဲ့ အိမ်အကူ အလုပ်သမား၊ အကျိုး စီးပွား ကာကွယ်ရေးနဲ့ မြှင့်တင်ရေးနဲ့ ဥပဒေ ရေးဆွဲတာလည်း လုပ်ငန်းစဉ်ထဲမှာပဲ ရှိနေသေးတယ်။ အိမ်အကူ အလုပ်သ မားတွေရဲ့ အခွင့်အရေး ချိုးဖောက်တာကို နိုင်ငံအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ထိထိရောက်ရောက် ကာကွယ်နိုင်ခြင်း မရှိ သေးပါဘူး။
မေး ။ ။ အိမ်အကူတွေကို ခေတ်သစ်ကျွန်တွေလို နှိမ့်ချ ခွဲခြား ဆက်ဆံမှုတွေ ရှိနေတုန်းပဲဆိုတော့ အိမ်ရှင်တွေကို ရော အစ်မ အနေနဲ့ ဘာများ တိုက်တွန်းချင်လဲ။
ဖြေ။ ။ အဓိက ပြောချင်တာက အိမ်အကူ အလုပ်သမားတွေကို လူသားတယောက် အဖြစ်၊ အလုပ်သမား တယောက် အဖြစ် အသိအမှတ်ပြုရမယ်။ အလုပ်သမားတယောက်အဖြစ် အသိအမှတ်ပြုရပြီဆိုရင် သူ့ရဲ့ အလုပ်သမား အခွင့်အရေး တွေက ပါလာပြီ။ သူ့အတွက် အလုပ်ချိန် ရှိလာမယ်။ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့် ရှိလာမယ်။ သူတို့ရဲ့ အိမ်အကူ အလုပ်သမားတွေအတွက် အဖွဲ့ အစည်းဖွဲ့မယ်။ သူတို့ရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ ခွင့်ပေးရမယ်။
အရေးကြီးဆုံးက လှုပ်ရှားသွားလာခွင့်၊ သူတို့ရဲ့ ကိုယ်ပိုင် သတင်းအချက်အလက်တွေ ထိန်းသိမ်းပိုင်ခွင့်၊ အထူးသဖြင့် အရေးကြီးတာက လိင်ပိုင်းဆိုင်ရာ ထိခိုက် စော်ကား နှောင့်ယှက်ခြင်း အဲဒါတွေက ဘယ်လို အခြေအနေမှာ ဖြစ်ဖြစ် ကျမ တို့တွေက လူသားဆန်မှု ရှိဖို့လိုတယ်။ အိမ်ရှင်အနေနဲ့ ဒါကို ချိုးဖောက်ဖို့ မသင့်ပါဘူး။
အခုဆိုရင် ကျမတို့ အရမ်း စိတ်မကောင်းဖြစ်တယ်။ ကလေးတွေဆိုရင် ရေနွေးနဲ့ လောင်းချခံရတာ။ မီးပူနဲ့ကပ်ခံရတာ ၊ မုဒိမ်းကျင့်ခံရတာ။ အဲဒါဟာ ဒီအိမ်ရှင်တွေအနေနဲ့ လူစိတ်ရှိတာ နည်းပါးသွားပြီး လူတယောက်လို့တောင် ခေါ်ဆိုဖို့ ခက် တာ။ အိမ်အကူ အများစုဆိုရင် ကလေးလုပ်သားတွေတောင် များသေးတယ်။
ဒီလိုမျိုး ကိုယ့်ထက် နိမ့်ပါးတဲ့သူ၊ ဆင်းရဲမွဲတေမှုကြောင့် ကိုယ်က မလုပ်နိုင်တဲ့ အိမ်အလုပ်တွေကို သူတို့မှာ လာပြီး ကူလုပ် ပေးတယ်။ လုပ်ပေးတာကို တန်ဖိုး မထားဘဲ အဲဒီလိုမျိုး တုံ့ပြန်တယ် ဆိုတာက လူစိတ် ပျောက်ဆုံးနေတဲ့ ပုံစံမျိုး ဖြစ်နေ တယ်။ ဒါကြောင့် ကျမတို့ ပြောချင်တာက အိမ်ရှင်တွေအနေနဲ့က လူသားဆန်မှုကို ပြသဖို့လိုတယ်။ အိမ်အကူတွေကို လူသားတယောက် အနေနဲ့ အလုပ်သမား တယောက်အနေနဲ့ အသိအမှတ်ပြုပေးပါ။
မေး။ ။ ဒီလို နှိပ်စက်မှုတွေက အကာအကွယ်ပေးတဲ့ ဥပဒေ အားနည်းလို့လား။ ဒီနိုင်ငံက လူတွေကကို ဒီလို ကျင့်သား ရနေတာလား။
ဖြေ ။ ။ ILO အမှတ် ၁၈၉ ဆိုတာကလည်း မြန်မာနိုင်ငံက အစိုးရပါတယ်၊ အလုပ်ရှင်ပါတယ်၊ အလုပ်သမားတွေ ပါဝင်ပြီး ရေးဆွဲခဲ့တဲ့ ပြဋ္ဌာန်းချက် ဖြစ်တယ်။ အဲဒီမှာ အိမ်အကူ အလုပ်သမားတွေအတွက် သင့်လျော်ကောင်းမွန်သော အလုပ် အကိုင် ဖြစ်ရမယ်ဆိုတာ ပါထားပြီးသား။ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင် ကိုယ်ရေးဆွဲခဲ့တဲ့ ပြဋ္ဌာန်းချက်ကို ကိုယ် အသက်ဝင်အောင် ရေးဆွဲရမယ်။ ဒါက ခက်တော့ခက်တယ်။ လူတွေရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲရမယ်။
သေချာတာက လူတွေရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲဖို့ဆိုတာက အချိန်အကြာကြီး ယူရတယ်။ လက်ရှိမှာက တခြား သော ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ သွားနေရတဲ့ အနေအထားပဲ ရှိသေးတယ်။ အိမ်အကူအလုပ်သမားတွေ အတွက် တိတိပပ ဥပဒေဆိုတာ မရှိသေးဘူး။ အဲဒီတော့ အရေးကြီးဆုံးက အိမ်အကူ အလုပ်သမားတွေအတွက် ခိုင်မာအားကောင်းတဲ့ ဥပဒေ အမြန်ဆုံး ပေါ်ထွက်လာဖို့ လိုပါတယ်။ အဲဒီ ဥပဒေကိုလည်း ထိရောက်အောင် အကောင်အထည်ဖော်ဖို့ သင့်တယ်။
တပြိုင်နက်တည်းမှာလည်း လူ့ အသိုင်းအဝိုင်းထဲမှာ ရှိတဲ့ ခွဲခြား ဆက်ဆံမှုပေါ့။ မသိစိတ်ထဲမှာ ဖြစ်နေတဲ့ အစဉ်အလာအရ ခွဲခြားဆက်ဆံမှု ကိစ္စတွေ ရှိသေးတယ်။ မြန်မာနိုင်ငံ လူ့အသိုင်းအဝိုင်းမှာက အိမ်အကူ အလုပ်သမားတွေကို တဆင့် နှိမ့်ပြီး တော့ ဆက်ဆံတာပေါ့။ အဲဒီလိုမျိုး လူတွေရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲဖို့ကတော့ အသိပညာပေး လုပ်ငန်းစဉ် မြန်မာ နိုင်ငံမှာ တော်တော်ကို သွားရပါဦးမယ်။
အိမ်အကူ အလုပ်သမားတွေကို လူလို ဆက်ဆံဖို့ အလုပ်သမားလို ဆက်ဆံဖို့။ အိမ်အကူ အလုပ်သမားမှာလည်း လူ့ဂုဏ် သိက္ခာ ရှိတယ်၊ အလုပ်သမား ဂုဏ်သိက္ခာ ရှိတယ်။ အဲဒီ ဂုဏ်သိက္ခာကို အသိအမှတ်ပြုဖို့ ဆိုတာ အသိပညာပေး လုပ်ငန်း စဉ် မြန်မာနိုင်ငံမှာ တော်တော်ကြီးကို လုပ်ရပါဦးမယ်။
မေး။ ။ ဘာများ ဖြည့်စွက် ပြောချင်တာ ရှိသေးလဲ။
ဖြေ။ ။ အခုဆိုရင် အစိုးရက စစ်တမ်းတွေ ကောက်နေတာ ရှိတယ်။ အလုပ်သမား ဝန်ကြီးဌာနရယ်၊ အလုပ်သမား ညွှန် ကြားမှု ဦးစီးဌာနရယ်၊ လူဝင်မှု ကြီးကြပ်ရေး အပိုင်းကနေ စစ်တမ်းတွေ ကောက်ယူနေတာ ရှိတယ်။ အိမ်အကူ အလုပ်သ မားလို့ ပြောရင် အသက် ၁၅ နှစ်ကနေ ၆၄ နှစ် အတွင်းရှိတဲ့ အိမ်အကူ အလုပ်သမားလို့ပဲ ကျမတို့က ကိန်းဂဏန်းအရ မြင် နေတာ ရှိတယ်။
တကယ်ကတော့ အသက်မပြည့်သေးတဲ့ အိမ်အကူ အလုပ်သမားတွေ အများကြီးပဲ။ အခုဆိုရင် အသက် ၅ နှစ်နဲ့အထက် ရှိနေတဲ့ အိမ်အကူ အလုပ်သမားတွေလည်း ရှိနေတယ်။ အဲဒါမျိုးတွေ စစ်တမ်းမှာလည်း ပါလာဖို့ လိုတယ်။
သူတို့ရဲ့ လုပ်ငန်းခွင် ချိုးဖောက်ခံရနေမှုတွေကို စုံစမ်းဖော်ထုတ်ဖို့ လိုတယ်။ သူတို့ ဘယ်လိုမျိုး ချိုးဖောက်ခံနေရလဲ ဆိုတာ စစ်တမ်းရအောင် လုပ်ဖို့ လိုတယ်။ အဲဒီလို ကိန်းဂဏန်းတွေ ထွက်လာပြီဆိုရင် လူတွေက ပိုပြီး အမြင် ပွင့်လာတယ်။ အိမ် အကူ အလုပ်သမားသည် အာရုံစိုက်ပြီးတော့ လုပ်ဆောင်ရမယ် ဆိုတာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကြားထဲမှာ ပိုပြီး တော့ ပျံ့နှံ့လာမယ်။
ကျမတို့ဆီမှာ ခိုင်မာတဲ့ သတင်း အချက်အလက်လည်း လိုပါတယ်။ အလုပ်သမား အဖွဲ့ချုပ်တွေ အနေနဲ့ကလည်း အိမ်အ ကူ အလုပ်သမားတွေ အတွက် အာရုံစိုက်ပြီး လုပ်ဆောင်သင့်ပါတယ်။ အရင်ကလို ကျွန်ပြုပြီး ခိုင်းစေတဲ့ ပုံစံမျိုး မြန်မာ နိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အဲဒါမျိုးကို အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်တွေက အာရုံစိုက်ပြီး လုပ် ဆောင်သင့်ပါတယ်။
ဆက်စပ်ဖတ်ရှုရန်
အိမ်ကူကလေးလုပ်သားတွေကို လျစ်လျူရှု မထားကြပါနဲ့
မင်းရာဇာအိမ်က အိမ်အကူအမှု တရားမျှတမှုရပါ့မလား
ကလေးကို လိင်ကျွန်အဖြစ် လုပ်ခဲ့တာ