အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး အားလုံး လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က ဧရာဝတီကို ပြောသည်။
“အားလုံး ပြန် ပြိုင်ကြမယ်။ ပါတီက သတ်မှတ် စည်းမျဉ်းစည်းကမ်း အတိုင်း ကိုယ်စားလှယ်လောင်း လျှောက်လွှာက တော့ တင်ပြီးပါပြီ” ဟု ၎င်းက ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ကာ မန္တလေးတိုင်းအစိုးရ အဖွ့ဲ ဝင်များ အဖြစ် အရွေးချယ်ခံခဲ့ရသော တိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် တိုင်းလျှပ်စစ်၊ စွမ်းအင် နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်၊ တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုး သန်း၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးအောင်ကြည် တို့သည် လာမည့် ရွေးကောက်ပွဲတွင် ယခင် မဲဆန္ဒနယ်များမှ ထပ်မံ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
တိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် အမရပူရမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်သလို ဝန်ကြီး ဦးဇာနည်အောင်သည် မဟာအောင်မြေ မဲဆန္ဒနယ်မှ လည်းကောင်း၊ ဝန်ကြီး ဒေါက်တာ စိုးသန်းသည် ချမ်း အေးသာစံ မဲဆန္ဒနယ်မှ လည်းကောင်း၊ ဝန်ကြီး ဦးမျိုးသစ်သည် မိုးကုတ်မဲ ဆန္ဒနယ်မှ လည်းကောင်း၊ ဝန်ကြီး ဦး အောင်ကြည်သည် ကျောက်ဆည် မဲဆန္ဒနယ်မှ ယှဉ်ပြိုင်ကြမည် ဟု သိရသည်။
လာမည့် ရွေးကောက်ပွဲအတွက် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဇွန်လအတွင်း ကိုယ်စားလှယ် လောင်း လျှောက်လွှာများအား လက်ခံဆဲ ဖြစ်ပြီး လကုန်တွင် စာရင်း ထုတ်ပြန်ရန် ရှိကြောင်း တိုင်းပါတီ အတွင်းရေး မှူး ဦးတင်ကိုကိုက ဧရာဝတီကို ပြောသည်။
လက်ရှိ မန္တလေးတိုင်း အစိုးရအဖွဲ့တွင် စုစုပေါင်း ဝန်ကြီးဌာန ၁၂ ခုဖြင့် ဖွဲ့စည်းထားရာ ဝန်ကြီးချုပ်၊ လျှပ်စစ်၊ စွမ်းအင် နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနမှ ဝန်ကြီး ၆ ဦးသည် NLD မှ အနိုင်ရသူများ ဖြစ်သည်။
ကျန်သည့် ဝန်ကြီးဌာနများမှ ဝန်ကြီးများသည် စစ်ဘက်မှ တဦး၊ ပြင်ပ ပညာရှင်၂ ဦးနှင့် တရား လွှတ်တော်ချုပ်၊ တိုင်း ဥပဒေချုပ်နှင့် တိုင်း စာရင်းစစ်ချုပ်တို့ ဖြစ်ကြသည်။
သို့သော် မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်ကမူ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အစီ အစဉ် မရှိကြောင်း ဧရာဝတီကို ပြောဆိုထားသည်။
ဒေါက်တာရဲလွင်သည် လာမည့် ရွေးကောက်ပွဲ၌ မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်မှ ဝင်ရောက် အရွေးချယ်ခံရန် အတွက် မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ပြီးခဲ့သည့် သီတင်းပတ်က လျှောက်လွှာတင်ထားသည်ဟု သ တင်း ထွက်ပေါ်နေသော်လည်း ကောလဟလများသာ ဖြစ်သည်ဟု သိရသည်။
၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလအတွင်း ကျင်းပသွားရန်ရှိကြောင်း ယခု လက နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)ရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် UEC က ပြောဆိုထားသည်။
ဆက်စပ်ဖတ်ရှုရန်
အစိုးရပြန်ဖွဲ့နိုင်အောင် ကြိုးစားမယ်
၂၀၂၀ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလတွင် ကျင်းပမည်
၂၀၂၀ ရွေးကောက်ပွဲ ပါတီကြီးအချို့ ကြိုတင် ပြင်ဆင်
လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးတာ NLD မှာ အတွေ့အကြုံ များပြီ
တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ ကိုယ်စားလှယ်လောင်း ပြန်လျှောက်ထား