ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ် တက္ကသိုလ်တွင် ဖွင့်လှစ်ထားသည့် စောင့်ကြည့်စင်တာ (Community based facility quarantine Centre) တွင် အသွားအလာ ကန့်သတ်၍ စောင့်ကြည့်မှု ခံယူနေသည့် ထိုင်းနိုင်ငံမှ ပြန်လာသူ ၃ ဦးမှာ စင် တာအတွင်း မူးယစ်ရမ်းကားသည့်အတွက် ပုသိမ်မြို့နယ် တရားရုံးက ဇွန်လ ၁၅ ရက်၌ အလုပ်နှင့် ထောင်ဒဏ် ၃ လစီ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံမှ ပြန်လာသူများကို ပုသိမ် တက္ကသိုလ်၊ နန္ဒဆောင်၌ ဖွင့်လှစ်ထားသည့် စောင့်ကြည့်စင်တာတွင် ထားရှိခဲ့ရာ မြန်အောင်မြို့နယ်မှ အမျိုးသား ၂ ဦးနှင့် ကျုံပျော်မြို့နယ်မှ အမျိုးသား ၁ ဦးတို့မှာ ဇွန်လ ၈ ရက် ညပိုင်းတွင် အရက် သောက်ပြီး မူးယစ် ရမ်းကားခြင်း၊ စင်တာရှိ ကြီးကြပ်ရေး တာဝန်ရှိသူများကို ဆဲဆိုခြင်းများ ပြုလုပ်သည့်အတွက် ကျန်း မာရေးဌာနက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားလိုပြုလုပ် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်း ဒေသကြီးရှိ စောင့်ကြည့် စင်တာများ၏ တာဝန်ခံ ဒေါက်တာ မြတ်မင်းထွန်း က “အဲဒီ ၃ ယောက်က အရက် မူးပြီး ရမ်းကားတယ်။ Quarantine စင်တာမှာ ရှိတဲ့ ကြီးကြပ်ရေး အဖွဲ့တွေနဲ့ လုံခြုံရေး တာဝန်ရှိသူတွေက တားပေမယ့် မရဘူး။ ဒါကြောင့် စင်တာရဲ့ စည်းကမ်းကို ဖောက်ဖျက်တဲ့အတွက်ကြောင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို တရား ရုံးက အလုပ်နဲ့ ထောင်ဒဏ် ၃ လစီ ချမှတ်ခဲ့ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
စောင့်ကြည့်စင်တာ၌ အရက်သေစာ သောက်စား မူးယစ်ရမ်းကားခဲ့သည့် အမျိုးသား ၃ ဦးမှာ မသွားရန် တားမြစ်ထားသည့် မိန်းကလေးများ သီးသန့်ထားရှိသော အခန်းများသို့ သွားရောက်၍ အခန်းတံခါးများ ခေါက်ခြင်း၊ ဖုန်းနံပါတ် တောင်းခြင်းများ ပြုလုပ်သည့်အတွက် ကွာရန်တင်း ဝင်ရောက်နေသည့် အမျိုးသမီးများက စင်တာအုပ်ချုပ်ရေး တာဝန်ရှိသူများကို ဖုန်းဆက် တိုင်တန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ မူးယစ် ရမ်းကားမှုများ ပြုလုပ်ခဲ့သူ ၃ ဦးကို ကျန်းမာရေး ဌာနက တရားစွဲဆိုခဲ့ရာ ဇွန်လ ၁၀ ရက်တွင် ပုသိမ်မြို့နယ် တရားရုံး၌ ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေးခဲ့ရာ ၎င်းတို့ ၃ ဦးက အပြစ်မရှိကြောင်း ငြင်းဆန်ခဲ့သည့်အတွက် ပုသိမ်မြို့ နယ် တရားသူကြီးက သက်သေများကို အပြန်အလှန် စစ်ဆေးပြီးနောက် ဇွန်လ ၁၅ ရက် ၄ ကြိမ်မြောက် ရုံးချိန်းတွင် ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ပုသိမ်မြို့စောင့်ကြည့်စင်တာများတွင် ကူညီပေးနေသူ စေတနာ့ ဝန်ထမ်းအဖွဲ့မှ ကိုကျော်ကျော်မင်းက “အဲဒီညက သူတို့က မူးပြီး ရမ်းရုံတင် မဟုတ်ဘူး။ စင်တာက တာဝန်ရှိသူတွေကို ဆဲဆိုတာတွေ လုပ်တယ်။ အဆောင် ဘာဂျာတံခါးကို ရိုက် ဖွင့်ဖို့ လုပ်တယ်။ မိန်းကလေး အခန်းတွေကို သွားတယ်၊ တံခါးတွေ ခေါက်တာတွေ လုပ်တယ်။ အဲဒါကို ရုံးတင် တရားစွဲ တော့ တရားရုံးမှာ ဝန်မခံဘဲ ငြင်းဆိုတယ်။ ကျနော်တို့ စေတနာ့ဝန်ထမ်းတွေပါ သက်သေ လိုက်လံ ထွက်ဆိုပေးခဲ့ရတယ်။ ရုံးချိန်း ၄ ကြိမ်မြောက်မှာ ပုသိမ်မြို့နယ် တရားသူကြီးက ထောင်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်”ဟု ပြောသည်။
ထောင်ဒဏ် ၃ လ ချမှတ်ခြင်းခံရသည့် စောင့်ကြည့် စင်တာတွင် မူးယစ်ရမ်းကားသူ ၃ ဦးမှာ လက်ရှိတွင် ပုသိမ် အကျဉ်း ထောင်၌ ပြစ်ဒဏ် ကျခံနေရကြောင်း သိရသည်။
ဧရာဝတီတိုင်း၌ စောင့်ကြည့်စင်တာများမှ ထွက်ပြေးသူ၊ စင်တာများတွင် မူးယစ် ရမ်းကားသူ၊ ဒေသန္တအရအမိန့်ချိုး ဖောက်၍ လူစုလူဝေး ပြုလုပ်သူများကို အုပ်ချုပ်ရေးနှင့် ကျန်းမာရေးဌာနက တရားလိုပြုလုပ်၍ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ ငြိမ်းစုစီဥပဒေ၊ ဆက်သွယ်ရေး ဥပဒေများဖြင့် တရားစွဲဆိုခဲ့ရာ မတ်လကုန်ပိုင်းမှ ဇွန်လ ဒုတိယပတ်အထိ လူပေါင်း ၉၀ ကျော်ကို သက်ဆိုင်ရာ မြို့နယ် တရားရုံးများက ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ဧရာဝတီတိုင်းအတွင်း ဒေသန္တရအမိန့် ချိုးဖောက်သူ ၆၀၀ ခန့်ကို ထောင်ချ