နယ်စပ်ဒေသများသို့ တပ်ဖွဲ့များစေလွှတ်မည်ဟု ပြုံယမ်းက ခြိမ်းခြောက်လိုက်ပြီးနောက် မြောက်ကိုရီးယားနိုင်ငံမှ မည်သည့် စစ်ရေးအရေးယူမှုကိုမဆို လက်တုံ့ပြန်သွားမည်ဟု တောင်ကိုရီးယား ဗုဒ္ဓဟူးနေ့တွင်ပြောကြားလိုက်သည်။
“ဘယ်လိုစစ်ရေးအရေးယူမှုမဆိုအတွက် မြောက်ကိုရီးယားနိုင်ငံက တန်ဖိုးတခုပေးဆပ်ရလိမ့်မယ်” ဟု တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် ဂျောင် ဒုန် ဂျင်က သတင်းထောက်များကို ပြောသည်။ “မြောက်ကိုရီးယာတပ်တွေရဲ့ လှုပ်ရှားမှုအားလုံးကို ကျနော်တို့ အချိန်ပြည့် စောင့်ကြည့်နေတယ်။ ကျနော်တို့မှာ ခိုင်မာတဲ့ စစ်ရေးအသင့်ဖြစ်မှုရှိနေပြီး စစ်ရေးတင်းမာမှုတွေ ဆက်လက်မြင့်မားခြင်းကို ရပ်တန့်ဖို့ ဆက်လက်အားထုတ်နေတယ်” ဟုလည်း သူပြောသည်။
နှစ်နိုင်ငံ ယခင်ကတည်ဆောက်ထားသော နယ်စပ်အနီးဒေသ နှစ်ခုဖြစ်သည့် ကမ်ဂန်တောင် ခရီးသွားလုပ်ငန်းဒေသ နှင့် ကေဆောင် စက်မှုဇုန် ကို ကာကွယ်ရန်တပ်များစေလွှတ်ရေးအတွက် စီစဉ်နေကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင်ကြေညာသည်။ ကိုရီးယားနှစ်နိုင်ငံတို့ ၂၀၁၈ ခုနှစ်က ချုပ်ဆိုသည့် စစ်ရေး စာချုပ်ကို ချိုးဖေါက်ပြီး တပ်ဖွဲ့များကို စစ်မဲ့ဇုန်အတွင်း စခန်းများသို့ တပ်များကို ပြန်လည်စေလွှတ်မည်ဖြစ်ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းဌာနကကြေညာသည်။
မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ဝါဒဖြန့်ချိသည့် စာရွက်စာတမ်းနှင့် ပစ္စည်းများကို ပို့လွတ်ရန် တောင်ကိုရီးယားက တက်ကြွလှုပ်ရှားသူများကို ခွင့်ပြုလိုက်ခြင်းကို လက်စားခြေသည့် အနေဖြင့် နယ်စပ်မြို့ဖြစ်သော ကေဆောင်တွင် မြောက်ကိုရီးယားက နှစ်နိုင်ငံပူးတွဲ ဆက်ဆံရေးရုံးနှစ်ခုကို ဖျက်ဆီးလိုက်ပြီးနောက်တနေ့တွင် တင်းမာမှု မြင့်မားလာခြင်းဖြစ်သည်။
ထိုပြဿနာနှင့် ပတ်သက်ပြီး တောင်ကိုရီးယား သမ္မတအိမ်တော်ဖြစ်သော အိမ်ပြာတော်က ဗုဒ္ဓဟူးနေ့ တွင် စတင်ပြောဆိုခဲ့ပြီး မြောက်ကိုရီးယားက တောင်ကိုရီးယားသမ္မတ မွန်းကို စော်ကားနေသည်များကို ဆက်လက် သည်းခံတော့မည်မဟုတ်ကြောင်းပြောသည်။
မြောက်ကိုရီးယားနိုင်ငံ၏ကြေညာချက်သည် မွန်းနှင့် ကင်ဂျုံအွန်အကြား ယုံကြည်မှုကို ထိခိုက်စေကြောင်း မွန်း၏ အဆင့်မြင့်ဆက်သွယ်ရေးအတွင်းရေးမှူး ယွန်ဒိုဟန်ပြောသည်။
“မြောက်ကိုရီးယားရဲ့ အဓိပ္ပါယ်ကင်းမဲ့တဲ့ စကားလုံးတွေကို ကျနော်တို့ သည်းခံတော့မှာမဟုတ်ဘူး။ ဒီလိုစကားတွေက မြောက်ကိုရီးယားအတွက် အထောက်အကူမဖြစ်ဘူး။ ဒီအချိန်ကစတင်ပြီး မြောက်ကိုရီးယား အနေနဲ့ အခြေခံဆက်ဆံရေး ကျင့်ဝတ်တွေ သုံးမယ်လို့ မျှော်လင့်တယ်” ဟု ယွန်က သတင်းထောက်များကို ပြောသည်။
ဆိုးရွားလာသော နှစ်နိုင်ငံဆက်ဆံရေးအတွက် တာဝန်ယူသည့်အနေဖြင့် ရာထူးမှ နုတ်ထွက်ကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ကင် ယွန်ချုးက ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် ကြေညာသည်။ “ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးအတွက် ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို မဖြည့်ဆည်းနိုင်လို့ ကျနော်စိတ်မကောင်းပါဘူး” ဟု ဝန်ကြီးဌာနသတင်းစာရှင်းလင်းပွဲခန်းမတွင် ကင်က သတင်းထောက်များကို ပြောသည်။
ကိုရီးယားနှစ်နိုင်ငံတို့သည် ၁၉၅၃ ခုနှစ်က ငြိမ်းချမ်းရေးသဘောတူညီချက်မရှိဘဲ ယာယီအပစ်အခတ်ရပ်စဲရေးဖြင့် စစ်ကိုအဆုံးသတ်ခဲ့သောကြောင်း သဘောတရားအားဖြင့် စစ်ဖြစ်ပွားနေဆဲဖြစ်သည်။
လက်ရှိအကျပ်အတည်းသည် မွန်း၏ မြောက်ကိုရီးယားနှင့် ပြန်လည်သင့်မြတ်ရေးဟူသည့် အရေးပါသောမူဝါအတွက် ထိုးနှက်ချက်ဖြစ်နေသည်။ နှစ်နိုင်ငံဆက်သွယ်ရေးရုံးကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ က နှစ်နိုင်ငံအကြား မကြုံစဖူးနွေးထွေးသော ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့သည့် တနှစ်တာအတွင်း တည်ဆောက်ခဲ့သည်။ ထိုစဉ်က မွန်းသည် ကင်ဂျုံအွန်နှင့် သုံးကြိမ်တွေ့ဆုံခဲ့သည်။
ဟနွိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကင်အကြား ညူကလီးယားဖျက်သိမ်းရေး ဆွေးနွေးပွဲများ ပျက်ဆီးပြီးနောက် ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလတွင် ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး တင်းမာလာသည်။ ၂၀၁၈ ခုနှစ်က သဘောတူခဲ့သည့် စီးပွားရေး စီမံကိန်းများကို အကောင်အထည်ဖေါ်ရန် မြောက်ကိုရီးယားက တောင်ကိုရီးယားကို တောင်းဆိုသော်လည်း ကုလသမဂ္ဂ အရေးယူပိတ်စို့မှုများကြောင့် ထိုကိစ္စကိုလုပ်ဆောင်ရန် တောင်ကိုရီးယားက ငြင်းဆန်နေသည်။
ကိုးကား။ ။ Nikkei Asian Review
You may also like these stories:
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားတပ်များ ချထားမည်
ထရမ့်နှင့် ဘုရားကျောင်းတွင် ဓါတ်ပုံရိုက်ခံခြင်းက မှားကြောင်း အမေရိကန် ဗိုလ်ချုပ်ကြီး ဝန်ခံ
ထရမ့်နှင့် စစ်ဖက်ခေါင်းဆောင်များအကြား ဆက်ဆံရေးတင်း