COVID 19 အလွန်နှင့် ယခုကာလတွင် နိုင်ငံ့ စီးပွားရေး အခွင့်အလမ်းအနေဖြင့် ခေတ်မီ စိုက်ပျိုးရေး စနစ်ဖြင့် တိုးတက်စေ ရန် လုပ်ဆောင်သင့်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။
ဇွန်လ ၁၆ ရက်က ပြုလုပ်သော COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစား ရေးဆိုင်ရာနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲ၌ ပြောဆိုခဲ့ခြင်း ဖြစ် သည်။
၎င်းက“ကိုဗစ် အလွန်ကာလမှာ စီးပွားရေး အခွင့်အလမ်း တင်ပြချင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စားနပ်ရိက္ခာဖူလုံတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ပြည်ပလည်း တင်ပို့ ရောင်းချနိုင်မယ့် အခြေအနေရှိတယ်။ ဒါကြောင့် ရှိပြီးသား အခွင့်အလမ်းတွေကို အကျိုးရှိ အောင် အသုံးချပြီးတော့ ခေတ်မီ စိုက်ပျိုးရေးစနစ်နဲ့ စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြည် ထောင်စုဝန်ကြီးက ဆိုသည်။
အမျိုးသားစီးပွားရေး စနစ် ထူထောင်ရာတွင် ကဏ္ဍစုံ ဘက်စုံကနေ တိုးတက်အောင် လုပ်ဆောင်ရန် အရေးကြီးသည့် အပြင် ယခုလို ကပ်ရောဂါ ကြုံတွေ့နေရသည့် အခြေအနေတွင် နိုင်ငံ့ ရိက္ခာဖူလုံးရေးအပြင်၊ ပို့ကုန်အဖြစ် တင်ပို့နိုင်မည့် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိက ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်သည်ဟု အတိုင်ပင်ခံထံသို့ ပြည်ထောင်စုဝန်ကြီးက တင်ပြခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက “မြန်မာနိုင်ငံက စိုက်ပျိုးရေး နိုင်ငံတခု ဖြစ်တဲ့အနေနဲ့ ကိုဗစ်အလွန်ကာလမှာ ကမ္ဘာ့ စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အခွင့်အလမ်းတွေလည်း အများကြီး ရှိတယ်” ဟု ထောက်ပြ ပြောဆိုသည်။
ထို့ပြင် မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့လာစေရန် ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်ရေးက အရေးကြီးသည့်အတွက် တာဝန် ယူမှု ရှိပြီး အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ဆိုသည်။
အဓိကအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖြည့်ဆည်းပေးနိုင်သော ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်များ တည် ထောင်ရန် အဆိုပြုထားသော ထိုင်းနိုင်ငံက Yangon Amata Smart & Eco City ကုမ္ပဏီနှင့် ကိုရီးယားနိုင်ငံက KMIC Development ကုမ္ပဏီတို့ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ခွင့်ပြုပေးခဲ့ပြီး စင်ကာပူနိုင်ငံကလည်း ကမ်း လှမ်းမှုများ ရှိနေသည်ဟု သိရသည်။
နိုင်ငံတကာ၌ ကိုဗစ်ကြောင့် အလုပ်လက်မဲ့ ဖြစ်သည့် ပြဿနာမှာ အကြီးမားဆုံး ပြဿနာတခု ဖြစ်နေပြီး ယင်း ဆိုးကျိုးကို လျော့နည်းစေရန် အလုပ်အကိုင် အခွင့်အလမ်းများကို ပိုမိုဖော်ဆောင်ပေးနိုင်ရန် ရင်းနှီးမြှုပ်နံှမှု လုပ်ငန်းများကို စိစစ် ခွင့်ပြုပေးနေပြီး လက်ရှိ ဘဏ္ဍာနှစ် မေလအထိ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁ သိန်း ၆ သောင်း ကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က “ဒီနှစ်အတွက် စီးပွားရေး မျှော်မှန်းချက်တွေက အခုထိတော့ သိသိ သာသာ ထိခိုက်မှု မရှိသေးဘူး။ ဒါပေမယ့် ကျမတို့ရဲ့ ပြည်သူတွေ အလုပ်လက်မဲ့ ဖြစ်သွားတာတွေ ရှိတယ်။ ကိုဗစ်က အရေးပေါ် ကိစ္စဖြစ်တယ်။ ဒါကြောင့် ကိုင်တွယ်ရတယ်၊ ချည်းကပ်ရတယ်၊ ရေရှည်လည်း ကြည့်ရတယ်”ဟု ပြောကြား သည်။
ထို့ကြောင့် ချက်ချင်းလက်ငင်း ဖြစ်ပေါ်နေသည့် ကိစ္စရပ်များ သာမက နောင်လာမည့် အကျိုးဆက်အတွက်လည်း ပြင်ဆင် ဆောင်ရွက်သင့်ကြောင်းနှင့် စီပွားရေး ပြန်လည် နလန်ထူရေးကလည်း အရေးကြီးကြောင်း ၎င်းက ပြောကြားသွားသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက “စီးပွားရေး လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ပြန်လည် လည်ပတ်နိုင်ဖို့ ဦးစားပေး ကဏ္ဍတွေ ရွေးချယ် သတ်မှတ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စိုက်ပျိုး မွေးမြူရေးကဏ္ဍတွင် အဓိက အခက်အခဲ ဖြစ်နေတဲ့ မြေယာ အသုံးချခွင့်များကို ရှင်းလင်း လွယ်ကူ အောင် ဆောင်ရွက်ပေးခြင်းမျိုး ဖြစ်ပါတယ်” ဟု ပြောသည်။
စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ၊ လုပ်သား အခြေပြု ကုန်ထုတ်လုပ်ငန်းများ စသဖြင့် အမြန်ဆုံး ပြန်လည် ဦးမော့လာနိုင် မည့် လုပ်ငန်းများကို ဦးစားပေး ကဏ္ဍများအဖြစ် သတ်မှတ်၍ ပံ့ပိုးပေးရန် လိုအပ်သကဲ့သို့ အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းများကိုလည်း ချက်ခြင်း အကျိုးသက်ရောက်မှု ရှိစေမည့် မူဝါဒများ ချမှတ်ပြီး ပံ့ပိုးမှုများပေးရန် လိုအပ် ကြောင်း ၎င်းက ထောက်ပြ ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က “ခေတ်မီတဲ့ စိုက်ပျိုးရေးစနစ်ထက် ကျနော်တို့ ပြော ချင်တာက ရာသီဥတုတွေ ဖောက်ပြန်၊ ပြောင်းလဲပါစေ ဒါကို ကာကွယ်ပေးနိုင်တဲ့ လယ်ယာမြေ ပြင်ဆင်မှုတွေ လိုအပ် တယ်။ အရေးကြီးဆုံးက အချိန်နဲ့ တပြေးညီ လုပ်နိုင်ကိုင်နိုင်ဖို့က တောင်သူတွေမှာ ငွေရင်းငွေလုံး လုံလုံလောက်ရဖို့ လို တယ်” ဟု ဧရာဝတီကို ပြောသည်။
တောင်သူများကိုလည်း အခြား အကြီးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များကဲ့သို့ ဘဏ်အတိုးနှုန်းနှင့် ၃ နှစ်၊ ၅ နှစ် ဆိုင်းငံ့ပြီး ချေးငွေများ ထုတ်ချေးပေးမှုများ လုပ်ဆောင်ပေးနိုင်လျှင် သီးနှံ အထွက်တိုးခြင်းနှင့် အရည်အသွေး ကောင်းမွန်မှု က သေချာနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“လက်ရှိ တောင်သူတွေက မွဲပြာကျ၊ ဘယ်မှာမှ ချေးမရ၊ ပါးစပ်က အော်နေတာတော့ ဟိုနားက စံပြကွက် ဧက ၅၀ ၊ ဒီနား မှာ ဧက ၁၀၀ စံပြကွက် လုပ်ပြရုံနဲ့ မြန်မာနိုင်ငံရဲ့ လယ်ယာကဏ္ဍနဲ့ လယ်သမားဘဝက ဖွံ့ဖြိုးဖို့ ခဲရင်းပါတယ်” ဟု ၎င်းက ထောက်ပြသည်။
COVID-19 ၏ ထိခိုက်မှုဒဏ်ကို မြန်မာနိုင်ငံအနေဖြင့် လတ်တလောတွင် ဆိုးဆိုးရွားရွား ထိခိုက်မှု မခံစားရသေးသော် လည်း စီးပွားရေး လုပ်ငန်းအများစု ပိတ်ထားရသည့်အတွက် စီးပွားရေးနှင့် ပတ်သက်သည့် ထိခိုက်မှု အထိုက်အလျှောက် ရှိလာကြောင်း၊ လာမည့် တတိယ လေးလပတ်နှင့် စတုတ္ထ လေးလပတ်တို့တွင် ထိခိုက်မှု ပိုမို ရှိလာနိုင်ကြောင်း စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်က ဆိုသည်။
ယင်းအချက်များကြောင့် COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (CERP)ကို အမြန်ဆုံး ရေးဆွဲခဲ့ခြင်း ဖြစ် ကြောင်း ယင်းစီမံချက်တွင် ပါသည့် အသေးစိတ်ကျသည့် အိမ်ထောင်စုများ၊ အလုပ်သမားများ၊ တောင်သူ လယ်သမား များ စသည့် အုပ်စုများကို တိုက်ရိုက် အကျိုးဖြစ်စေရန် ရည်ရွယ် လုပ်ဆောင်ထားကြောင်း ပြောကြားသွားသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်
ဆက်စပ်ဖတ်ရှုရန်
ပို၍ ကောင်းမွန်နိုင်သည့် Covid-19 အရေးပေါ်စီးပွားရေးကုစားမှု အစီအစဉ်အတွက် စဉ်းစားချက်များ
ရန်ကုန်တိုင်းအစိုးရက မြေဧကကွက်များ ထပ်မံ ရောင်းချမည်
အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် ကျပ် ၆၄ ဘီလီယံ ထုတ်ချေးမည်