မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားအချို့ ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အခက်အခဲများကြောင့် အဆုံးစီရင်မှုများ လုပ်လာကြောင်း မလေးရှားအခြေစိုက် နာရေးကူညီမှု အသင်းများထံမှ သိရသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကပုန်း ၇ ရက်သားသမီး နားရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက “ကျနော်တို့ မြန်မာနိုင်ငံသားတွေက အခက်အခဲတွေ အများကြီးနဲ့ ကြုံနေရတယ်။ ကျန်းမာရေး ကိစ္စရပ်တွေ အများကြီး ကြုံတွေ့ နေရတယ်။ မြန်မာပြည်ကို ပြန်ဖို့ကလည်း ဘယ်လိုမှ လမ်းစမရှိဘူးဆိုတော့ ဒီမှာ နေရထိုင်ရတာ အခက်အခဲတွေ တွေ့နေတယ်။ နောက်ဆုံးသူတို့က စိတ်ဖိစီးမှုတွေ များပြီး Suicide လုပ်သွားကြတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မေလအတွင်းက မြန်မာရွှေ့ပြောင်း လုပ်သားများ ဖြစ်သည့် အမျိုးသား ၂ ဦး၊ ဇွန်လအတွင်း အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး တို့သည် ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကပုန်း ၇ ရက်သားသမီး နားရေးကူညီမှုအသင်း နှင့် ဒါန ကုသလ နာရေး ကူညီမှု အသင်းတို့မှ သိရသည်။
မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် တရားမဝင် မြန်မာလုပ်သားများအနေဖြင့် အလုပ်လက်မဲ့ ဖြစ်ခြင်းကြောင့် နေထိုင်စားသောက်မှု အခက်အခဲများ တွေ့နေရသည့်အတွက် နေရပ်ပြန်လိုသော်လည်း မဖြစ်နိုင်သည့် အတွက် ယခုကဲ့သို့ အဆုံးစီရင်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း နာရေး ကူညီဆောင်ရွက်ပေးသူများက ပြောကြသည်။
ပီနန်ပြည်နယ်ရှိ ဒါနကုသလ နာရေးကူညီမှုအသင်းမှ အထွေထွေအကြံပေး ဦးရဲမင်းထွန်းကလည်း “အရင်ကဆိုရင် အပြင်ထွက်ပြီးတော့ သူငယ်ချင်းရှိရင် သူငယ်ချင်းရေ နည်းနည်းလှည့်ဦးဆိုတာမျိုး ရသေးတယ် အခုအချိန်မှာ အပြင် လည်း ဘယ်လိုမှ ထွက်မရဘူးဆိုတော့ ကျဉ်းထဲကျပ်ထဲ ရောက်သွားတာပေါ့။ ဘယ်လို ထွက်ပေါက်ရှာရမယ် မသိ ဘယ်လိုဖြေရှင်းရမယ့် မသိတဲ့ အခါကျတော့ ဒီလိုတွေ ဖြစ်ကုန်တယ် ထင်တာပဲ။ Suicide လုပ်ကြတာ” ဟု ဆိုသည်။

မေလကုန်ပိုင်းတွင် အဆုံးစီရင်ခဲ့သူ အမျိုးသား ၁ဦးမှာ ပီနန်ပြည်နယ်၌ နေထိုင်ပြီး မြန်မာနိုင်ငံ မွန်ပြည်နယ်မှ သွားရောက် အလုပ်လုပ်ကိုင်သည့် ၃၂ နှစ် အရွယ် ရှိသူဖြစ်သည်။ နောက် ၁ ဦးသည် အသက် ၄၂ နှစ်အရွယ်ရှိပြီး မလေးရှား၊ ပဲရပ်ပြည်နယ်တွင် နေထိုင်သူဖြစ်ကာ မြန်မာနိုင်ငံ လိပ်စာကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ဇွန်လတွင်း အဆုံးစီရင်ခဲ့သူ ၁ ဦးသည် မလေးရှားနိုင်ငံ စလန်ကောပြည်နယ်၌ နေထိုင်သည့် အသက် ၃၀ နှစ် အရွယ် အမျိုးသားဖြစ်ပြီး မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီးမှ သွားရောက် အလုပ်လုပ်ကိုင်သူ ဖြစ်သည်။ ဇွန်လ ၁၆ ရက်နေ့က သေဆုံးခဲ့သူ အသက် ၃၅ နှစ် အရွယ် အမျိုးသမီးသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် နေထိုင်ပြီး ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြမြို့မှ သွားရောက် အလုပ်လုပ်ကိုင်သူ ဖြစ်ကြောင်း သိရသည်။
ကျန်အမျိုးသား ၁ ဦးမှာ မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် အလုပ်လုပ်ကိုင်နေသူ အမျိုသား ၁ ဦးဖြစ်ပြီး ကျန်အချက် အလက်များကို စာရွက်စာတမ်း ပြုလုပ်နေဆဲ ဖြစ်ကြောင်း ဒါနကုသလ နာရေးကူညီမှုအသင်းမှ သိရသည်။
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ သွားရောက် အလုပ်လုပ်ကိုင်နေသည့် တရားဝင် အလုပ်သမား နှင့် တရားမဝင် အလုပ်သမား စုစုပေါင်း ၇ သိန်းခန့်ရှိနိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်းများက ခန့်မှန်းထားပြီး အားလုံးနီးပါးမှာ အလုပ်လက်မဲ့ ပြဿနာကို ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သည့် ဒေါ်ဝါဝါနိုင်က “အလုပ် ၉၀ ရာခိုင်နှုန်းလောက်က မခေါ်ကြတော့ ဘူး။ အစိုးရက မလေးရှားနဲ့ ညှိနှိုင်းပြီး Over Stay သမားတွေအတွက် သူတို့လုပ်ပေးမှပဲ ရမှာ။ ဒေါ်အောင်ဆန်းစုကြည် တို့လို သမ္မတကြီး ဦးဝင်မြင့်တို့လိုတွေနဲ့မှ ဖြစ်မှာ တော်ရုံတန်ရုံလောက်ကတော့ မလေးရှားက ညှိလို့လွယ်မယ် မထင်ဘူး။ ဒီမှာ အလုပ်က ဘယ်လိုမှကို ရှာမရဘူး” ဟု ပြောသည်။
မလေးရှားရောက် တရားဝင် အလုပ်သမားများ သာမက တရားမဝင် အလုပ်သမားများပါ နေရပ်ပြန်နိုင်ရေး အတွက် နှစ်နိုင်ငံအစိုးရ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်သင့်ပြီဖြစ်ကြောင်း အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများက တိုက်တွန်းလျက်ရှိသည်။
ဦးရဲမင်းထွန်းက “ရွှေ့ပြောင်းလုပ်သား တော်တော်များများက မလေးရှားမှာ ရှိတယ်။ ပြန်ဖို့လည်း မလွယ်ဘူး ပိုက်ဆံပေးပြီး ပြန်ချင်လည်း ပြန်လို့မရဘူး။ နိုင်ငံတော် အနေနဲ့က နှစ်နိုင်ငံ ညှိနှိုင်းပြီး ဒီလူတွေကို အကောင်းဆုံး လမ်းကြောင်းတွေနဲ့ ခေါ်ယူဖို့ကို တိုက်တွန်းတယ်။ ဒီလိုမှ ခေါ်ယူမှု မရှိရင်တော့ ဒီအခက်အခဲတွေက ပြန်လည်ပြီး ထပ်တွေ့နေရမှပေါ့” ဟုပြောသည်။
မလေးရှားရောက် မြန်မာလုပ်သားများသည် ပရဟိတ အဖွဲ့ငယ်များ ဖွဲ့ကာ ကိုဗစ်အကျပ်အတည်း ကာလအတွင်း အလုပ်အကိုင် ရှားပါးမှုကြောင့် စားဝတ်နေရေး ကျပ်တည်းနေသူ မြန်မာအလုပ်သမားများကို အစားအသောက် ထောက်ပံ့မှုများ လုပ်ဆောင်ပေးလျက်ရှိသည်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ကူးစက်ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID -19 သည် တကမ္ဘာလုံး အတိုင်းအတာဖြင့် ဇွန်လ ၁၇ ရက်အထိ သေဆုံးသူ ၄ သိန်းကျော် (၄၃၆,၈၉၉ ဦး) ရှိပြီ ဖြစ်ပြီး COVID-19 ပိုးတွေ့လူဦးရေ ၈ သန်းကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် ဇွန်လ ၁၇ ရက်နေ့ အထိ COVID-19 ပိုးတွေ့လူဦးရေ ၈,၅၀၅ ဦးရှိပြီး သေဆုံးသူ ၁၂၁ ဦးရှိပြီ ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။
ဆက်စပ်လင့်
ကူကယ်ရာမဲ့နေတဲ့ မလေးရှားရောက် မြန်မာလုပ်သားများ ဘဝ