သတင်း

အိန္ဒိယ-တရုတ် နယ်ခြားအငြင်းပွားမှု နှစ်ဘက်ထိပ်တိုက်တွေ့လာနေ

Want create site? Find Free WordPress Themes and plugins.

၂ နိုင်ငံ ထိပ်တိုက်အငြင်းပွားနေသည်မှာ ၁ လကျော်ခဲ့ပြီ ဖြစ်သည့် ဟိမဝန္တာနယ်စပ်တွင် တရုတ်တပ်များနှင့် ထိတွေ့တိုက်ခိုက်မှု တခု ဖြစ်ပွားပြီးနောက် အိန္ဒိယဘက်မှ သေဆုံးသူ အရေအတွက် ၂၀ အထိ မြင့်တက်သွားခဲ့ကြောင်း အိန္ဒိယကြည်းတပ်က ဇွန်လ ၁၆ ရက် နေ့ညတွင် ထုတ်ပြန် ကြေညာခဲ့သည်။

ဇွန်လ ၁၅ ရက် နေ့ညတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခသည် နယ်စပ်၌ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး ပေါ်ပေါက်ခဲ့သော လူအသေအပျောက် ရှိသည့် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်သည်ဟု ယုံကြည်ရသည်။

အိန္ဒိယ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း အစောပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။ နောက်ထပ်သေဆုံးမှုများမှာ “မြေပြင်အနေအထား မြင့်မားပြီး အပူချိန် သုည ဒီဂရီ အောက်တွင် ရောက်ရှိနေသော တင်းမာမှုများ ဖြစ်ပေါ်နေသည့် နေရာတွင် တာဝန်ထမ်းဆောင်ရင်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော အိန္ဒိယတပ်ဖွဲ့များ ဖြစ်ကြောင်း” စစ်တပ်၏ ကြေညာချက်အရ သိရသည်။

ဟိမဝန္တာဒေသ ဖြစ်သည့် လာဒက် Ladakh ရှိ ဂယ်လဝမ် Galwan ချိုင့်ဝှမ်းတွင် ၂ ဘက် ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မေလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ထိပ်တိုက်တွေ့ ဆုံမှုအပြီးတွင် အိန္ဒိယနှင့် တရုတ်တပ်များ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ကြောင်း တရုတ်စစ်တပ်မှ ပြောကြားခဲ့သော်လည်း တရုတ်နိုင်ငံဘက်မှ ထိခိုက်သေဆုံးမှု သတင်းအချက်အလက်များ ထုတ်ပြန်ပေးခဲ့ခြင်း မရှိပါ။ သေနတ်ဖြင့် ပစ်ခတ်မှု တိုက်ခိုက်မှုများ မရှိခဲ့ဘဲ ထိခိုက်ဒဏ်ရာရရှိမှုများမှာ လက်နက်မဲ့ ရင်ဆိုင်တိုက်ခိုက်မှုများကြောင့် ဖြစ်ဖွယ်ရာရှိသည်ဟု ဒေသတွင်း ရုပ်မြင်သံကြား သတင်းများက ဆိုသည်။

ထိတွေ့မှု ဖြစ်ပွားရခြင်းသည် အခြေအနေကို တရုတ်ဘက်မှ တဖက်သတ် ပြောင်းလဲရန် ကြိုးပမ်းမှု၏ ရလဒ်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန (နိုင်ငံခြားရေး ဝန်ကြီးဌာန) ၏ ပြောရေးဆိုခွင့်ရသူ Anurag Srivastava က ပြောကြောင်း ဇွန်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် Zhang Shuili က အိန္ဒိယတပ်များက နယ်စပ်ကိုဖြတ်ကျော်ပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း အစိုးရပိုင် Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီပိုင် People’s Daily ၏ လက်အောက်မှ သတင်းစာဖြစ်သော Global Times ၏ အယ်ဒီတာချုပ် Hu Xijin က“ ကျနော်သိတာကို အခြေခံ ပြောရရင် ဂယ်လဝမ် ချိုင့်ဝှမ်း ပဋိပက္ခမှာ တရုတ်ဘက်က လည်း ထိခိုက် ဒဏ်ရာရမှုတွေ ခံစားခဲ့ရတယ်” ဟု Twitter တွင် ရေးသားခဲ့သည်။

“ကျနော် နားလည်တာကတော့ ၂ နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေက ထိခိုက်နစ်နာမှု အရေအတွက်ကို နှိုင်းယှဉ်တာကို တရုတ်ဘက်က မလိုချင်ဘူး။ ပြည်သူလူထုရဲ့ စိတ်ကို လှုံ့ဆော်ပေးခြင်းကနေ ရှောင်ရှားဖို့အတွက် ဖြစ်ပါတယ်။ ဒါက ဘေဂျင်းရဲ့ ချစ်ကြည်ရေး စိတ်ထားပါ” ဟု Hu Xijin က ဆက်ပြောသည်။

ဤအတောအတွင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat နှင့် ကြည်းတပ်၊ ရေတပ်နှင့် လေတပ်အကြီးအကဲများနှင့် တွေ့ဆုံစဉ် နယ်စပ်အခြေအနေကို ပြန်လည်သုံးသပ်ခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီး S. Jaishankar လည်း တက်ရောက်ခဲ့သည်။

နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် အိမ်နီးချင်း နိုင်ငံများကြားမှ အငြင်းပွားမှုက မေလ အစောပိုင်းတွင် အမှန်တကယ် ထိန်းချုပ်သည့် နယ်ခြားမျဉ်း သို့မဟုတ် LAC ဟု သိကြသည့် နယ်စပ်တလျှောက်ရှိ ပင်လယ်ရေ မျက်နှာပြင် အထက် မီတာ ၄၀၀၀ ကျော်ရှိသည့် ရေကန်တခုဖြစ်သော ပန်းဂုံးစိုး Pangong Tso တွင် အိန္ဒိယနှင့် တရုတ်တပ်သားများ ထိပ်တိုက်တွေ့ခဲ့ရာမှ စတင်ခဲ့သည်။ ထိုအချိန်တွင် တရုတ်စစ်သား ၁၀၀၀ ကျော် အိန္ဒိယပိုင်နက် အတွင်းသို့ ဝင်ရောက်ခဲ့ကြကြောင်း အိန္ဒိယ မီဒီယာများက ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ဇွန်လ ၁၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်က အန္တရာယ်ရှိသော အရှိန်မြင့်တက်မှုတခု အဖြစ် သတ်မှတ်ခဲ့ကြသည်။

နောက်ခံအကြောင်းရင်းမှာ နယ်စပ်တလျှောက်ရှိ အခြေခံအဆောက်အဦးများ တိုးတက်ရေး ကြိုးပမ်းမှု၏ တစိတ်တပိုင်းအဖြစ် ဒေသတွင်းတွင် လမ်းတခုဖောက်မည့် အိန္ဒိယ၏ အားထုတ်မှု ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းအပေါ် တရုတ်နိုင်ငံဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

ကီလိုမီတာ ၃၅၀၀ ရှည်လျားသော အိန္ဒိယ-တရုတ်နယ်စပ်သည် ၁၉၆၂ ခုနှစ် တွင် ဖြစ်ပွားခဲ့သော စစ်ပွဲအပါအဝင် မီးတောက်လွယ်သော နေရာတခုအဖြစ် ကာလ ကြာမြင့်စွာကတည်းက ရှိနေခဲ့သည်။ နောက်ဆုံးအကြိမ် အလေးအနက် ထိပ်တိုက်တွေ့ခဲ့သည်မှာ ၂၀၁၇ ခုနှစ်ကဖြစ်ပြီး အိန္ဒိယ၊ တရုတ်နှင့် ဘူတန် နယ်နိမိတ်များ ဆုံရာဖြစ်သည့် ဒေါ့ကလမ်း Doklam ကုန်းပြင်မြင့်ရှိ ဗျူဟာမြောက် လမ်းဆုံတခု၌ ဖြစ်သည်။ ဒေါ့ကလမ်း တင်းမာမှုက ၇၃ ရက်ကြာခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း ထိုကဲ့သို့သော ပဋိပက္ခများထဲတွင် အရှည်ဆုံးဖြစ်ခဲ့သည်။

အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက အိန္ဒိယနိုင်ငံအနေဖြင့် ၎င်း၏ လှုပ်ရှားမှုအားလုံးကို LAC ၏ အိန္ဒိယဘက်ခြမ်းတွင်ရှိကြောင်း သေချာအောင် ပြုလုပ်ထားပြီး တရုတ်ဘက်မှလည်း အလားတူ ဖြစ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

နယ်စပ်ဒေသများရှိ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်နှင့် တွေ့ဆုံဆွေးနွေးမှုမှ တဆင့် ကွဲပြားခြားနားမှုများကို ဖြေရှင်းရန် လိုအပ်မှုကို အိန္ဒိယနိုင်ငံ က အခိုင်အမာ ယုံကြည်နေဆဲဟု အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန (နိုင်ငံခြားရေး ဝန်ကြီးဌာန) ၏ ပြောရေးဆိုခွင့်ရသူ Anurag Srivastava က ပြောသည်။ “တချိန်တည်းမှာပဲ ကျနော်တို့က အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့့ နယ်မြေပိုင်ဆိုင်မှုကို သေချာစေဖို့ ခိုင်မာစွာ ကတိကဝတ်ပြုပါတယ်။”

ကိုးကား။ ။ Nikkei Asian Review

You may also like these stories:

မည်သည့် စစ်ရေးကျူးကျော်မှုကိုမဆို တောင်ကိုးရီးယား လက်တုံ့ပြန်မည်

တရုတ်ဖိအားမြင့်လာချိန် သင်္ဘောဖျက်ဒုံးများ ထိုင်ဝမ်ဝယ်မည်

မြန်မာပြည်ထဲက ကသည်းသူပုန်ပြဿနာ

Did you find apk for android? You can find new Free Android Games and apps.
Loading